ကဗျာစောင့် စာစောင့် နတ်ဘီလူးတွေကြောင့်
ဖတ်စရာ စာတွေ ရှားပါးနေချိန်မှာ
ကြင်နာသူရဲ့  အသည်းနှလုံးထဲက ထွက်ပြေးလာတဲ့
ပုလဲလုံးလက်ရေး လေးတွေကိုပဲ
ကဗျာတွေပြတ်နေခိုက်
အဆာပြေဖတ်နေလိုက်တယ်။
စစ်မသာလဒ တွေကြောင့်
ခေတ်ကာလ ဆိုးမှောင်
မေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။
ရှေ့ ကို ကြည့်လည်း လမ်းမမြင်
နောက်ကိုကြည့်လည်း လမ်းမမြင်မို့ 
လျှောက်ရတာလည်း ပန်းချင်ပြီတဲ့။
ဒါပေမယ့်…ကိုယ်ကတော့
လမ်းမမြင်သာတဲ့
စခန်း ဝင်္ကပါမှာ
ကြင်နာသူနဲ့  အသည်းချင်းဆက် လက်ချင်းတွဲပြီး
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။
လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
တင်းထားတဲ့ သံပတ်တွေလည်း ကုန်နေပြီ။
ဒါပေမယ့် ကိုယ်ကတော့
ချစ်သူ့ ရင်ခွင် ပန်းမွေ့ ရာပေါ်မှာပဲ
အိပ်မက်တွေ ဖျော့ ဝါးနေခိုက်
စိတ်လက်ဖြေလျှော့ နားနေလိုက်တယ်။
အရာရာ ဈေးတွေတက်လို့ 
လူတကာ သွေးတွေပျက်နေချန်မှာ
ကိုယ်ကတော့ …ကြင်နာသူနဲ့ 
လက်ဘက်ရည်ဆိုင်မှာလည်း (လက်ဘက်ရည် တစ်ခွက်တည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက်
ဆိုက်ဘာ ကဖေးမှာလည်း (ကွန်ပျူတာ တစ်လုံးတည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက် ပြီး
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။
ကောင်းကင်ကို
ကဗျာအသစ်မရေးဖြစ်တာမို့ အရင်တုန်းက ဒီမှာ တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ (ကိုကောင်းကင်ကို ကဗျာ စာမျက်နှာမှ ကူးယူတင်ပြပါသည်)
http://kaungkinko.myanmarbloggers.org/
Rest of your post
Sunday, July 5, 2009
ကဗျာတွေပြတ်နေခိုက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment