Tuesday, July 7, 2009

ရှက်လို့ 

ဘန်ကီမွန်း မိန့်ခွန်း အစိုးရ မီဒီယာတွင် မဖော်ပြ
Monday, 06 July 2009 20:05 ကိုစိုး
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မကြာသေးခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းစာ များတွင် ဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။

အဆိုပါ မိန့်ခွန်းသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စိတ်ဆိုး ဒေါသဖြစ်စေနိုင်သည်ဟု ယူဆရသော မိန့်ခွန်းဖြစ်ကြောင်းလည်း လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံမှ သိသာ ထင်ရှားသည့် အကျိုးရလဒ်များ မရရှိဘဲ ပြန်လည် မထွက်ခွာမီ သတင်းထောက်များနှင့် နိုင်ငံတကာ INGO အဖွဲ့များကို တွေ့ဆုံရာ၌ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် နှောင့် နှေး ကြန့်ကြာနေခြင်းသည် အရေးကြီးသည့် အခွင့်အလမ်းတခု ဆုံးရှုံးနေခြင်း ဖြစ်သည်ဟု မစ္စတာ ဘန်ကီမွန်း က မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ် တိုးတက်ဖို့အတွက် အစိုးရ မှာ အခြေခံ ကစပြီး တာဝန်ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

မြန်မာပြည်သူများအနေနှင့် လွတ်လပ်သည့် လူ့တန်ဖိုး အခွင့်အရေးများကို ဆုံးရှုံးနေကြရကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

မစ္စတာ ဘန်ကီမွန်းက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအရေးတို့အတွက် လူ့အခွင့်အရေးကို လေးစားသည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရန် ပြောကြားခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းအားတွေ့ခွင့်မပြုခဲ့ပေ။

“ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဗိုလ်ချုပ်မှူးကြီးဆီ ခွင့်တောင်းခဲ့တာကို ခွင့်မပြုပါဘူး၊ အလွန်ပဲ စိတ်ပျက်မိပါတယ်၊ ဒါဟာ အစိုးရအနေနဲ့ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုကို ပြသနိုင်မယ့် အခွင့်အရေး တရပ် ဆုံးရှုံးသွားတယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက ဆက်လက်ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် ပြုခြင်းဟာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် အရေးကြီးပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ စေ့စပ်ရေး သင်္ကေတလည်း ဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ“ ကျနော် မစ္စတာ ဘန်ကီမွန်းကို တိုက်တွန်းချင်တာက အရှိအတိုင်း အခြေအနေ အမှန်အတိုင်း ပြောစေချင်တာကိုပါ၊ မြန်မာပြည်ရဲ့လက်ရှိ အဖြစ် မှန် အခြေအနေမှန်ကို နိုင်ငံတကာကို သိစေချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂအနေနှင့် မြောက်ကိုရီးယား အစိုးရနှင့် အလားတူ မြန်မာ စစ်အစိုးရကို သေချာပေါက် အပြောင်းအလဲ ဖြစ်စေမည့် ဖိအားမျိုး ပေးသင့်ကြောင်း၊ ရုရှားနှင့် တရုတ်နိုင်ငံကို ချဉ်းကပ်မည်ဆိုပါက ၎င်းတို့က ဗီတို အာဏာ သုံး၍ ပယ်ချနိုင်ကြောင်း၊ လုံခြုံရေးကောင်စီအနေနှင့် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး အမျိုး သားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ် ဖော်ဆောင်စေရန် နိုင်ငံတကာအသိုင်းအဝန်းကို ဖိအားပေး အရေး ယူခြင်းမျိုးလုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

“မစ္စတာ ဘန်ကီမွန်း ရဲ့ မိန့်ခွန်းဟာ ရန်ကုန်မှာတင် အဆုံးသတ်သွားလိမ့်မယ်လို့ ကျနော်မမျှော်လင့်ပါဘူး”ဟု ဦးဝင်းတင်က ပြောကြားသည်။

စစ်အစိုးရ သတင်းစာများက မစ္စတာ ဘန်ကီမွန်း၏ မှတ်ချက်မိန့်ခွန်းကို ဖော်ပြထားခြင်းမရှိသော်လည်း မစ္စတာ ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံသည့် သတင်းကို ဖော်ပြထားသည်။

အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်သည် တရားရင်ဆိုင် နေရသူ ဖြစ်သည့်အတွက် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ခွင့်မပြုနိုင်ခြင်းဖြစ်ကြောင်းကို ဖော်ပြထားသည်။

ယင်းကဲ့သို့ မစ္စတာ ဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခြင်းသည် ကုလသမဂ္ဂကို အရှက်ရ စေသည်ဟု လေ့လာသူများက ပြောဆိုသည်။

သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ၂၀၁၀ ရွေးကောက်ပွဲကို လူတိုင်းပါဝင်နိုင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်ဆောင်ရွက်ထားကြောင်း မစ္စတာ ဘန်ကီမွန်းကို ပြောကြားခဲ့သည်ဟုလည်း ပါရှိသည်။

ပြည်ပအခြေစိုက် စင်ပြိုင် အာဆီယံအဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ်ကလည်း မစ္စတာဘန်ကီမွန်းကို စစ်အစိုးရက အရှက်ရစေခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရအပေါ် အမှန်တကယ် ထိရောက်သည့် ဖိအားပေး အရေးယူခြင်းမျိုး မဆောင်ရွက်ခဲ့နိုင်သည့်အတွက် ဖြစ်ကြောင်း ပြောဆိုသည်။

“မြန်မာပြည်တွင်းက တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားဖို့ ဆိုရင် စစ်အစိုးရကို လုံခြုံ ရေး ကောင်စီက အရေးယူနိုင်မှသာ ဖြစ်မယ်လို့ ထင်ပါတယ်၊ အနည်းဆုံး လူသားတွေအပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဝတ်မှုတွေအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးဆောင်ရွက်မယ်ဆိုရင် ဒီ စစ်အစိုးရ ကြောက် ရွံ့သွားမှာ ဖြစ်ပါတယ်”ဟု မစ္စ ဒက်ဘီ စတူးဟတ်က ဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယခု ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး မြန်မာ စစ်အစိုးရ၏ ဖိတ်ကြား ချက်အရ လာရောက်ခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ကာ ယင်းခရီးစဉ်သည် လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ ခရီးစဉ် ဖြစ်သည့် အတွက် နိုင်ငံရေးကိစ္စများကို ပြောဆိုဆောင်ရွက်မည်မဟုတ်ကြောင်း ကြိုတင်ကြေညာခဲ့သည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN