စကားတွေ စကားတွေ
ကြားလေလေ ခါးလေလေ ဘဲ
ဓါးတုန်းတုန်းနဲ့ ကြိတ်လှီးတောင် ကျုပ်နာမယ်မထင်
ဒါပေမယ့်ခင်များစကားတွေ က
တခုခုကိုဖမ်းစားနေတဲ့  ကဝေမလေလား။
ငွေလိုချင်သလား
ရွှေလိုချင်သလား
သေချာပါတယ် ကျွန်တော့ခန္ဒာကိုတော့ ခင်များ မကြိုက်တာ
တနှစ်တခါ လာလာနေကျ ခင်များမျက်နှာ
အိုအိုလို့ သာသွားပေမယ့်
စကားချိုချိုကြားရတာက အရင်အတိုင်းဘဲ။
စနစ်ဟောင်းတွေဘေးဖယ်
ခေတ်ပြောင်းဖို့ တွေးတယ်
ဒီအကြောင်းတွေသာကြားရ တ၀ဲဝဲလည်နေတဲ့ ခင်များစကား
မိုက်ကယ်ဂျက်ဆင် မွန်းဝေါ့လ်(ခ်)လို အရှေ့ တိုးချင်သလိုလိုနဲ့ 
အနောက်ကိုရွေ့ သာသွားတဲ့ 
ပြောင်းပြန်တော်လှန်ရေးသမားတော့
ကန်တော့ဆွမ်းပါ။
ဒေါင်းTM
Saturday, August 22, 2009
တိုက်ဆိုင်သူများသို့ 
နာမည်လုပွဲ
“ဆရာတော်ကတော့ ဟောခဲ့တာပဲ” လို့ ရည်ညွှန်းတဲ့နေရာမှာ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) က ဟောခဲ့တာကို ရည်ညွှန်းတာပါ။
နာမည်လုပွဲ
သူများပါးစပ်ဖျားမှာ
ကိုယ့်စိတ်ကို တင်မထားဖို့ 
ဆရာတော်ကတော့ ဟောခဲ့တာပဲ။
ဒါပေမယ့်
ခပ်ညံ့ညံ့ အိတ်တလုံးတောင်
မန်ယူတံဆိပ် သုံးလိုက်ရုံနဲ့ 
တန်ဖိုးခုန်တက် သွားတာဆိုတော့
လူတွေ နာမည်ကို မက်ပြီပေါ့။
နာမည်ဆိုတာ
ပြာဖုံးနေတတ်တဲ့ မီးခဲ။
တခါ တခါ အဲဒီ့ပြာတွေက
ဗန္ဓုလသုံးခဲ့တဲ့ နည်းလမ်းဟောင်းနဲ့ 
မဆိုင်သူတွေကို ထထထောင်းမှ
လွင့်ချင်လွင့်တတ်တာ။
ဗန္ဓုလလိုမျိုး မီးခဲစစ်အောင်
ကြိုးစားခဲ့သူတွေကျတော့ ရှားတယ်။
ဒီလိုနဲ့ လောကကြီးမှာ
ထုထောင်းသံတွေနဲ့ဖန်တရာတေ
ဝမရှိတဲ့ ဝိတွေ သံသရာရှည်ခဲ့။
နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
အမြော်အမြင်တွေမှ မလိုတာ။
မဟာအကြံ အထွေအထူးများနဲ့ 
သာမန်ရေကူးသမားမှာလည်း
အိုလံပစ် ချန်ပီယံတွေ ထက်တောင်
နာမည်ကြီးခွင့် ရှိသေးတာပဲ။
နာမည်ကြီးရုံ သက်သက်ပဲဆိုရင်
ဖြီးနိုင်ရင်လည်း ရတတ်တာပဲ။
ဒီလိုနဲ့ ပဲ
ကိုယ့်ကိုကိုယ်တွေကျ
အတိုဆုံးပေတံတွေနဲ့ တိုင်း
အချိုဆုံးဝေဖန်နေတဲ့ အသိုင်းအဝိုင်းထဲက
တချို့ နိုင်ငံရေးကစားပွဲတွေထဲမှာ
တချို့ အပေါစား စာမျက်နှာတွေပေါ်မှာ
တချို့ အထူးနည်းပညာအစည်းအဝေးတွေမှာ
ကန့် လန့် ကာတွေချပြီး
အကြောင်းမသိသူတွေကို လှည့်စား
မှတ်တိုင်များကို လိမ်ပြီးစိုက်
နာမည်တွေကို အချောင်နှိုက်ဖို့ 
အကြံတူ ရန်သူတသိုက်ရဲ့ 
ပါးစပ်တွေ ခါးတောင်းကျိုက်နေကြတယ်။
ကောင်းကင်ကို
Rest of your post
ဘ၀နှင့်ချီ၍ ရေတိမ်နစ်နေသော နအဖ အောက်ခြေ စစ်သားများ
ခလရ ၃၂ စစ်ကြောင်းတစ်ဦးရေမျောသေဆုံး၊ နှစ်ဦးထွက်ပြေး Kaowao သြဂုတ်၂၁ ၊၂၀၀၉။
စံခလပူရီ(သြဂုတ်- ၂၁)။ ။ ဘုရားသုံးဆူနယ်စပ်မြို့သို့ ခမရ ၂၈၃ အစားထိုးဝင်ရောက်လာပြီး ပြန်လည်ထွက်ခွာ သွားသော ခလရ ၃၂ စစ်ကြောင်းမှာ အနန်းကွင်းဖက်သို့ ဦးတည်သွားရောက်စဉ် ယမန်နေ့က တားဒိန်ချောင်းကို ဖြတ်ကူးရာတွင် ရေမျော၍ တပ်သားတစ်ဦးသေဆုံးသွားကြောင်း တားဒိန်ရွာသား လမ်းပြတစ်ဦး ပြောကြားချက် အရ သိရှိရသည်။
၎င်းရေမျောသွားသော နအဖစစ်သားအလောင်းကို ယမန်နေ့မွန်းလွဲပိုင်း၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး သေနတ်တစ် လက်လည်း ရေမျောရာတွင်ပျောက်ဆုံးခဲ့သည်ကို သိရှိရကြောင်း တားဒိန်စခန်းရှိ မွန်ပြည်သစ်အရာရှိတစ်ဦးက ထပ်မံအတည်ပြုပြောကြားပါသည်။
ထိုနေရာ၌ တပ်ဖွဲ့ဝင်နှစ်ဦး ရေမျောခဲ့ရာတွင် တစ်ဦးကိုသာပြန်လည်ကယ်တင်နိုင်ခဲ့သည်။ မိုးများလည်း အဆက် မပြတ် နေ့စဉ်ရွာသွန်းနေပြီး ချောင်းရေများ အလွန်မြင့်တက်နေသည်ဟု ဆိုသည်။
ခလရ ၃၂ စစ်ကြောင်းမှာ KNU ပြောက်ကျားများ၏ တိုက်ခိုက်လာမှုကိုစိုးရိမ်ပြီး သာမန်သွားနေကျလမ်းကြောင်းကို မသွားဝန့်ပဲ တောတိုး၍သွားနေရကြရသည်ဟု ဆိုပါသည်။ ခရီးလမ်းကြောင်း နယ်မြေမကျွမ်းကျင်သဖြင့် တားဒိန် ချောင်း၏ ရေအတိမ်အနက်ကို မသိရှိကာ ရေစီးကြမ်းသောနေရာတွင် ဖြတ်သန်းမိ၍ ယခုကဲ့သို့ ရေမျောခြင်းဖြစ်ရ သည်ဟု အဆိုပါတားဒိန်ရွာသားက ဆက်လက်ပြောကြားပါသည်။
တားဒိန်ရွာသည် စစ်အစိုးရက မွန်ပြည်သစ်ပါတီအား တရားဝင်တပ်တည်ခွင့်ပြုထားသည့် နေရာဒေသတစ်ခုဖြစ်ပြီး မွန်ပြည်သစ်ပါတီမှ ဘုရားသုံးဆူနှင့်အနန်းကွင်း မော်တော်ကားလမ်းကြောင်းပေါ်တွင် စစ်ဆေးရေးဂိတ်စခန်းတစ်ခု၊ ကြာအင်းဆိပ်ကြီးသို့သွားရာ ဇမိမြစ်ကြောင်းပေါ်တွင် လှေအကောက်ဂိတ်တစ်ခု ဖွှင့်လှစ်ထားရှိသည်။
ယခုစစ်ကြောင်းလှုပ်ရှားမှုကို KNU တပ်မဟာ ၆ မှအချိန်နှင့် တစ်ပြေးညီသတင်းများရရှိနေပြီး အချက်အချကျသည့် နေရာများတွင် ပြောက်ကြားပစ်ခတ်မှုများ မကြာမီတွင်ဖြစ်ပေါ်လာတော့မည်ဟု ဘုရားသုံးဆူ နယ်စပ်စစ်ရေးအခြေ အနေ လေ့လာသူများက အကဲခတ်စောင့်ကြည့်နေသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညက တားဒိန်အနီးစခန်းချရပ်နားစဉ် တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးသွားပြန်ရာ သက်ဆိုင်ရာတပ်ခွဲမှူးကို ခလရ ၃၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော် ဆူပူကြိမ်းမောင်းခဲ့ကြောင်း ရွာသားများတွေ့ ရှိရချက်ကို ပြောပြခဲ့သည်။
ဤစစ်ကြောင်းမှာ အင်အားတစ်ရာမျှပင် မကျော်တော့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ ရေတွက်ချက်အရ သိရ သည်။ ဘုရားသုံးဆူ၌ လေးလကြာရောက်ရှိနေစဉ် ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ နီးပါးခန့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြကြောင်း သတင်းမှတ်တမ်းများတွင် မှတ်သားထားသည်။
ယခုအခါ နအဖတပ်များ၌ တပ်ရင်းတစ်ရင်းလုံး ရှေ့တန်းထွက်ရာတွင် ပါဝင်နိုင်သောအများဆုံး တပ်ဖွဲ့ဝင်အရေ အတွက်မှာ ၁၃၀ ဦးထက်မပိုတော့ကြောင်း စစ်ရေးကျွမ်းကျင်သူများ ထောက်ပြပြောဆိုနေကြသည်။
ခလရ ၃၂ သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၌ တပ်ရင်းအခြေစိုက်လျှက်ရှိပြီး ယခုရှေ့တန်းရောက်စစ် ကြောင်းမှာ ၄င်းတို့၏မိခင်တပ်ရင်းတည်ရှိရာသို့ ပြန်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။
အကယ်၍ နယ်မြေအေးချမ်းမှူရှိခဲ့လျှင် ဤကဲ့သို့မိုးရာသီကာလ၌ ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးမြို့သို့ ဇမိမြစ်ကြောင်းအတိုင်း ပဲ့ချိပ်လှေဖြင့်စုန်ဆင်းပါက တစ်နေ့ခရီးသာကြာမြင့်ပါသည်။
သို့ရာတွင် အဆိုပါမြစ်ကြောင်းတစ်လျှောက်ကို KNU တပ်မဟာ ၆ ကထိမ်းချုပ်ထားလျှက်ရှိရာ KNU ရန်သူမှန်သမျှ ဤလမ်းကြောင်းကို အသုံးမပြုကြပေ။
ဇမိမြစ်ကြောင်းလမ်းသည် မိုးရာသီကာလ၌ ပြည်တွင်းမှ ဘုရားသုံးဆူနယ်စပ်လာရန် တစ်ခုတည်းသော ကုန်သည် လမ်းကြောင်းဖြစ်သည်။
ယခု ရှေ့တန်းပြန်ခလရ ၃၂ စစ်ကြောင်းမှာ ခရီးအစပိုင်းမျှသာဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိနိုင်ရန် သံဖြူဇရပ်၊ မုဒုံမြို့ဖက်မှ မော်တော်ကားများဖြင့် ပတ်ကွေ့သွားမှသာ မိခင်တပ်ရင်းဌာနသို့ ရောက်ရှိရှိမည်ဟု သိရသည်။
ယခုအခါ ခလရ ၃၂ ရှေ့တန်းပြန်စစ်ကြောင်းသည် ဂျပန်ခေတ်က သေမင်းတမန်လမ်းဟောင်းအတိုင်း သံဖြူဇရပ် မြို့ဖက်သို့ ဦးတည်နေရာ KNU တပ်မဟာ ၆ ထိမ်းချုပ်ရာနယ်မြေကို သတိကြီးစွာဖြင့် ဖြတ်သန်းနေရဆဲဖြစ်သည်။ မိုးသည်းထန်နေသည့်ကြားမှ ရေစီးကြမ်းတမ်းသော ချောင်းကြီးချောင်းငယ်များကိုလည်း ဆက်လက်ဖြတ်သန်း နေရဦးမည် ဖြစ်သည်။
Rest of your post
Friday, August 21, 2009
သံဃာဆိုသည်မှာ လူ့ ဘ၀နှင့်ကင်းသော အကျိုးကို ရှေ့ ရှုပါတယ် လောလောဆယ်မှာ
သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ
အဖွဲ့ခွဲ( ၁) ရန်ကုန်မြို့၊ရန်ကုန်တိုင်း
၁။ဦးဝေပုလ္လ…(မရမ်းကုန်း)
၂။ဦးကုသလ…မရမ်းကုန်း
၃။ဦးပညာသာမိ……တာမွေ
၎။ဦးနန္ဒစာ၇ိယ……ရွှေပြည်သာ
၅။ဦးပညာဇောတ……ရွှေပြည်သာ
၆။ဦးအိဒ္ဒြိယ…………လှော်ကား
၇။ဦးမေတ္တာစာရ……လှိုင်သာယာ
၈။ဦးသောမ…………မှော်ဘီ
၁၀။ဦးနန္ဒစရိယ(၂)……အင်းစိန်
သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲအမှတ်(၁)ကိုအသစ်တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ယခုတိုးချဲ့ဖွဲ့စည်းလိုက်သောသံဃာ့ခေါင်းဆောင်များမှဦးဆောင်ကာတတိယအကြိမ်သံဃာ့သပိတ်ကိုအောင်မြင်စွာဆောင်ရွက်သွားပါမည်။လာမည့်စက်တင်ဘာနှစ်ပတ်လည် 20 ရက်နေ့မှစတင်ကာ န အ ဖ စစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ထုတ်ပြန်ထားသော ကြေငြာချက်ကိုသံဃာတပ်ပေါင်းစုအဖွဲ့ခွဲများမှဖတ်ကြားကာသတင်းဌာနများသို့ပေးပို့၍လည်းကောင်း ဌာနဆိုင်ရာအသီးသီးသို့ လိပ်မူတပ်၍လည်းကောင်း ပေးပို့ရမည်ဖြစ်ပါသည်။မြတ်စွာဘုရားရှင်၏ ချမှတ်ထားသောဝိနည်းဥပဒေတော်နှင့်အညီဆောင်ရွက်ထားသောသံဃာ့အားလုံးစုပေါင်းညီညွတ်မှုအထိမ်းအမှတ်သံဃာသပိတ်ကိုအားလုံးပါဝင်ဆင်နွဲကြရန်သံဃာတော်များအားလုံးတွင်တာဝန်ကိုယ်စီရှိကြပါသည်။မိမိတို့ကျရာတာဝန်ကိုမပျက်မကွက်လိုက်နာဆောင်ရွက်ကြပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်။သံဃာတော်များအားလုံးသဘောတူဆောင်ရွက်ထားသောသံဃာကိစ္စကိုမလိုက်နာပဲဆန့်ကျင်ကာနအဖစစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းသောသံဃာတော်များကိုသံဃာထုတစ်ရပ်လုံးမှ ဘွဲ့အမည်………မိဘအမည်……….ကျောင်းတိုက်အမည်……………..
မြို့ရွာအမည် များထုတ်ပြန်ကာ ပကာသနီယကံပြုကာ သံဃာအဖြစ်မှကျဉ်ဖယ် လိုက်ကြောင်းနှင့် ပြည်သူလူတစ်ရပ်လုံးမှယခုထုတ်ပြန်ထားသော သံဃာအားပစ္စည်းလေးပါးလှူဒါန်းခြင်းလုံးဝမပြုရန် တရားဝင်စာရွက်များထုတ်ဝေကာမြန်မာတစ်နိုင်ငံလုံးအနှံ့ဖြန့်ဝေမည်ဖြစ်ပါသည်။အင်တာနက်ဝက်ဆိုက်များ၊ ဘလော့များ တွင်ဆက်တိုက်ဖေါ်ထုတ်ကြေငြာမည်။R F A ,V O A, B B C ,D V B စသည့်သတင်းဌာနများသို့လည်းပေးပို့ကာကြေငြာသွားမည်ဖြစ်ပါသည်။E Mail ပေါင်းများစွာ
မှလည်းဖြန့် ဝေဖေါ်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုဆောင်ရွက်မည့် သပိတ်သည် အောင်မြင်သည်အထိလုံးဝအရှုံးမပေးပဲဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက်သာသနာတော်အတွက်အလွန်အရေးကြီးပါသည်။မိမိတို့အောင်မြင်အောင်မဆောင်ရွက်နိုင်ပါက မြတ်စွာဘုရားသာသနာတော်သည် စစ်မိစ္ဆာများ၏အောက်တွင်သူတို့လုပ်ချင်သလိုလုပ် အနိုင်ကျင့်တာမှန်သမျှခေါင်းငုံခံ သံဃာတော်တွေကိုသတ်ချင်သတ် နှိပ်စက်ချင်သလိုနိပ်
စက်ထောင်ချချင်သလိုထောင်ချသူတို့ပြုသမျှခံရသည့်ဘ၀ဖြင့်သာသနာတော်နိဂုဏ်းချုပ်ပျေက်ကွယ်သွားနိုင်ပါသည်။မြတ်စွာဘုရားရှင်၏ သာသနာတော် မပျောက်ကွယ်ရန်သံဃာထုတစ်ရပ်လုံးနှင့် ပြည်ထုလူထုအားလုံးမှာတာဝန်ကိုယ်စီရှိကြပါသည်။ထုတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြပါရန်အားလုံးကိုအသိပေးနိုးဆော်တိုက်တွန်းပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ
ရဟန်းပျိုသမဂ္ဂနှင့်
သံဃသာမဂ္ဂီအဖွဲ့__
Rest of your post
Thursday, August 20, 2009
ပါရမီမြောက်တဲ့ ဝဋ်ကြွေး
ကဗျာရှင် - ကိုကောင်းကင်ကို
အကြောင်းမသိဘူး ဆိုပြီး တချို့ က သနားချင်သနားမယ်။
ခေါင်းမရှိဘူး ဆိုပြီး တချို့ က ဟားချင်ဟားမယ်။
ကိုယ့် အိပ်မက်မြို့ လယ်ခေါင်မှာ
ကိုယ့်ရုပ်တုကိုယ်ပြန်ကိုးကွယ်ချင်နေတဲ့ကောင်ဟာ
ကိုယ့်ကိုယ်ကို သနားလွန်းလို့ 
ကိုယ့်ကိုယ်ကို မသနားတော့ဘူး။
ဘာကိုမှ မစတေးပဲနဲ့ 
ဘယ်သူတွေ သမိုင်းရေးဖူးလို့ လဲ။
အသိုင်းအဝိုင်းကတော့
လူအုပ်ကြီးအတိုင်းတွေး
ပုံမမှန်တဲ့ ပုံမှန်လမ်းအတိုင်းပြေးဖို့ 
အဝါကတ် ပြ သတိပေးနေပြီ။
ဒီလို…
ပေးဆပ်ခြင်းနဲ့  လမ်းဖောက်ခ
မီးခိုးကြွက်လျှောက် ဒုက္ခတွေကို
ဝဋ်ကြွေးတွေလို့ ပြောဦးမလား။
ဝဋ်ကြွေးဆိုတာ ဘုရားသခင်အလိုတော်လို
လွန်ဆန်လို့ မရဘူး ဆိုရင်တောင်မှ
ဒါတွေဟာ
အလဟဿ ဝဋ်ကြွေး သန်းပေါင်းများစွာ ထဲက
ဝဋ်ကောင် တစ်ထောင်မှာ တကောင်တောင်ဖွားခဲတဲ့
ပါရမီ မြောက်တဲ့ ဝဋ်ကြွေး။
ကောင်းကင်ကို
Wednesday, August 19, 2009
ဝိုးတ၀ါး မနက်ဖန်များ
အင်းစိန်ထောင်အပါအဝင် နယ်ထောင်အသီးသီးတွင် အကျဉ်းချထားခံရသည့်
နိုင်ငံရေးအကျဉ်းသားများအနက် အချို့ကို တပ်မတော် စစ်ဖက်ရေးရာ
လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်များက ပုံမှန်သွားရောက်တွေ့ဆုံနေကြောင်း
စုံစမ်းသိရှိရသည်။
“နေပြည်တော်ကနေ ကျနော်တို့ စရဖ အဖွဲ့ဆီ မော်လမြိုင်ထောင်ထဲမှာရှိတဲ့
နိုင်ငံရေးအကျဉ်းသားတချို့ကို သွားတွေ့ဖို့ ညွှန်ကြားတယ်။ လူဦးရေ
ဘယ်နှယောက်ရှိမလဲ ကျနော်မသိဘူး။ ကျနော်တို့ဆီ တယောက်ချင်းစာရင်းပေးတယ်။
သွားတွေ့ပြီး မေးရမယ့်မေးခွန်းတွေ ညွှန်ကြားချက်ထဲမှာ ပါတယ်။
အဲဒီညွှန်ကြားချက်အတိုင်းမေးတယ်။ နောက် နိုင်ငံရေးအကျဉ်းသားက
ပြန်ပြောသမျှတွေကို ရတခ၊ စရဖမှာ ပြန်ပြီး ရီပို့လုပ်တယ်။ နောက် အထက်ကနေ
နေပြည်တော်အထိ တင်တယ်။ နေပြည်တော်ရောက်ပြီး နောက်ထပ် ညွှန်ကြားချက်လာတယ်။
မေးခွန်းတွေ ထပ်ပေးလာတယ်။ တချို့မေးခွန်းတွေ အတူတူပဲ၊ တချို့မေးခွန်းတွေ
ကတော့ အသစ်။ အဓိက မေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို
ဘယ်လိုသဘောထားသလဲ။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။
တကယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့
နိုင်ငံတော်အစိုးရက ခွင့်ပြုခဲ့ရင် ဝင်အရွေးခံမလား၊ စတဲ့မေးခွန်းတွေ
ပါတယ်” ဟု အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ အမည်မဖော်လိုသူ
စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းအနေဖြင့် အထက်ညွှန်ကြားချက်အရ အချို့နိုင်ငံရေး အကျဉ်းသားများကို (၂)
ခေါက်၊ အချို့ကို (၃) ခေါက် တွေ့ဆုံမေးမြန်းပြီးပြီဖြစ်ကြောင်း၊
ထောင်တွင်းတွေ့ဆုံမေးမြန်းရာ၌ အခြား ထောင်တာဝန်ကျများပင်လျှင် အနားတွင်
ရှိမနေစေဘဲ နိုင်ငံရေးအကျဉ်းသားများနှင့် တဦးချင်း၊ တချိန်မှာ
တယောက်ကိုသာ တွေ့ဆုံမေးမြန်းကြောင်း ရှင်းပြသည်။
အလားတူ စရဖအဖွဲ့ဝင်များက နိုင်ငံရေးအကျဉ်းသားများအား မေးမြန်းမှုမျိုး
မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း ရှိကြောင်း ထောင်ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ထောင်တာဝန်ရှိသူတွေအနေနဲ့ စရဖ က ခေါ်ခိုင်းတဲ့ နိုင်ငံရေးအကျဉ်းသားကို
ခေါ်ပေးရတယ်။ အနားမှာ ဘယ်သူမှ မရှိရဘူး။ အကျဉ်းသားတချို့ကို စရဖက (၃)
ကြိမ်လောက် လာတွေ့တာ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံအကြား
ခိုင်မာသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို
စစ်မှန်သည့် ရွေးကောက်ပွဲဖြစ်စေမည့် အခြေအနေများ ဖန်တီးပေးရန်
အချက်သုံးချက်ကို အဓိကတောင်းဆိုခဲ့သည်။
ယင်းသို့ ဘန်ကီမွန်း၏ တောင်ဆိုချက်အရ မြန်မာစစ်အစိုးရက အကျဉ်းသားများကို
လူသားချင်း စာနာထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်
ပါဝင်နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။
မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို
မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ဇူလိုင် (၁၃) ၌ အစီရင်ခံတင်ပြရာတွင်
မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရသည် ယခင်ကလည်း အကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အနက်
နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါရှိခဲ့သည်။
ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးက “သူတို့အတွက် အနှောင့်အယှက်
အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယူဆသူတွေကို ရွေးလွှတ်ပေးတတ်တယ်။ အခုလည်း
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လွတ်လပ်လပ်မဟုတ်ဘဲ နှောင်ကြိုးတခုခုနဲ့
လွှတ်ပေးမယ်လို့ ယူဆရတယ်” ဟု ပြောသည်။
လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ်
ပြည်တွင်းပြည်ပကို မြင်စေချင်ပါက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊
ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို
မည်သည့်ခြွင်းချက်မှ မထားဘဲ လွှတ်ပေးသင့်ကြောင်း ၎င်းက ပြောသည်။
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို စရဖအဖွဲ့ဝင်များက ထောင်ထဲဝင်ပြီး
မေးမြန်းနေသည့်ကိစ္စ အကျဉ်းသားမိသားစုဝင် များကလည်း စိတ်ဝင်စားနေကြပြီး
၎င်းတို့၏မိသားစုဝင်များ မကြာမီ ပြန်လွတ်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။
Rest of your post
ဖျားနာနေတဲ့ မုတ်သုန်မြို့
ရေးသားသီကုံးသူ ကိုမိုးလှိုင်ည ..မူရင်းတည်ရှိရာ နေရာလေးကိုသွားချင်ရင်တော့ www.moehlaingnya.blogspot.com လို့ ရိုက်ပြီးလည်ပါတ်ဖတ်ရှုနိုင်ပါတယ်ခင်မျာ။
ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။
တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊
စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့
လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း
ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့
မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ
ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက်
ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ်
ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ
ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။
အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ
အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို
အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ
ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ
ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊
တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း
ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို
ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့
အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို
တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ
ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင်
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့
ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင်
အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊
မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း
လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ
ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင်
နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း
အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။
အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက်
သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင်
ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို
အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့
အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို
ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့
တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။
မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး
နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ
ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့
အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။
အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့
ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို
စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း
ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ
ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊
လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။
ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက်
ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ
အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့
ရန်ကုန်။
လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။
Rest of your post
အမေစုကို ဘယ်သူတွေကယ်မလဲ
ပေးပို့ သူ ကိုဒီရေအား ကျေးဇူးတင်ပါသည်။
မြန်မာပြည်သူ လူထုကြီးရဲ့အခြေအနေဟာ အဆိုးဝါးဆုံးကို ရောက်ရှိခဲ့ပါပြီ၊ တရားဥပဒေစိုးမိုးမှုမရှိ၊ အခြေခံလူအခွင့်အရေးမရှိနှင့် စစ်ကျွန်သဘောက် ပြားပြားမှောက်ပီး သားစဉ်မြေးဆက် တစ်သက်လုံးစစ်ကျွန်ခံဘ၀သို့ ရောက်ရှိရန် အချိန်ပိုင်းမျှသာ လိုပါတော့သည်၊ စစ်အာဏာရှင် ဖွတ်တစ်သိုက်သည် ဘာကိုမျှဂရုမစိုက် ထင်ရာစိုင်း ရိုင်းချင်တိုင်းရိုင်းနေဆဲ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် ဖမ်းဆီးထောင်ချထားပီး စစ်ကျွန်ပြုရေး စနစ်ဆီ ရွက်ကုန်ဖွင့်လျှက်ရှိပေပြီ။
ပြစ်မှုကျူးလွန်သော ဂျွန်ဝီလျံယက်ထောကို အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်တော်ပြန်ခိုင်းခဲ့သည်၊ ဒါဟာ ၀မ်းသာစရာမဟုတ်၊ နအဖရဲ့ကလိမ်ကကျစ်ကျမှုနှင့် မလိမ့်တစ်ပတ်ရိုက်မှုသက်သက်သာဖြစ်ပေသည်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ကျခံစေရန် တမင်သက်သက်ရည်ရွယ်ပြီး ဒီအမှုကို မဖြစ်ဖြစ်အောင် စတင်ဖန်တီးခဲ့သူမှာ နအဖ ဖွတ်တစ်သိုက်မှလွဲပီး မည်သူမည်ဝါမျှမဖြစ်နိုင်၊ မတရားအမှုစီရင်ချက်ချပြီး နာမည်ကောင်းယူပြခဲ့သေးသည်၊ အမေရိကန်လူမျိုးတစ်ယောက် လွတ်မြောက်ရေးအတွက် အမေရိကန်သက်ဆိုင်ရာ အာဏာပိုင်ကလာပြီး ကြိုးပမ်းဆောင်ရွက်တာ ထူးဆန်းမှုတစ်ခုတော့မဟုတ်ပါ၊ ထူးဆန်းသည်က နအဖ အာဏာရူးဖွတ်တစ်သိုက်၊ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးအချင်းချင်း ဒုက္ခရောက်အောင် နည်းမျိုးစုံနှင့် ကလိမ်ကကျစ်လုပ်၊ ကောက်ကျစ်ယုတ်မာ၊ အာဏာကို လက်မလွတ်ချင်ပဲ သေသည်အထိ အာဏာကို ဖက်ပီးသေချင်နေတဲ့သူတွေ၊ ဒီလူတွေ တိုင်းပြည်အုပ်ချုပ်နေမှတော့ ဒီတိုင်းပြည်ကြီးဟာ ဖွတ်တိုင်းပြည်ဖြစ်ရုံတင်မက ဖာတိုင်းပြည်ဖြစ်နေရပါပြီ၊
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်အားထားရာ အစစ်ပါ၊ မြန်မာ့နိုင်ငံရေးရဲ့အနာဂတ်ပုံဖော်ဆော်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မပါမဖြစ် အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရမည့်သူပါ၊ ကလိမ်ကကျစ် ကောက်ကျစ်ယုတ်မာတဲ့ ဥာဏ်နီဥာဏ်နက်ကလွဲပီး ကျန်တဲ့ အရည်အရည်း ဘာတစ်ခုမှမရှိတဲ့ နအဖ ဖွတ်တစ်သိုက်ဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဘာတစ်ခုမှ စွမ်းဆောင်နိုင်ခြင်းမရှိပါဘူး၊ လွန်ခဲ့တဲ့ အနှစ်(၂၀) ကသက်သေပြနေပါပြီ၊ ဘယ်ပြည်သူလူထုကမှလဲ နအဖကို အယုံအကြည်မရှိပါဘူး၊ ရဟန်းရှင်လူ ပြည်သူပြည်သားတွေကို နည်းအမျိုးမျိုးနဲ့ ညှင်းပမ်းနှိပ်စက်၊ ထောင်ချ သတ်ဖြတ်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတဲ့ မကောင်းဆိုးဝါးတွေအဖြစ်သာ ပြည်သူတွေရဲ့နှလုံးသွေးထဲမှာ စွဲမြဲစွာ ခံယူမှတ်သားခြင်းခံနေရသူတွေပါ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိရင် တိုင်းပြည်ငြိမ်းချမ်းသာယာမယ်ဆိုတာလဲ ပြည်သူလူထုကြီးတစ်ရပ်က လက်ခံထားကြပါတယ်။
မြန်မာနိုင်ငံကြီးရဲ့အခြေအနေဟာ ခိုလှုံရာမဲ့တိုင်းပြည်ကြီးတစ်ခုအဖြစ် ဆိုက်ရောက်နေပါပြီ၊ အကယ်၍များ ၂၀၁၀ နောက်ပိုင်း နအဖ ဖွတ်တစ်သိုက်သာ ဆက်ပြီးအုပ်ချုပ်ပါက တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာ အားလုံး စုံးစုံးမြုတ်ပျောက်ကွယ်တော့မည့် အခြေအနေဆိုးများနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရပေမည်။ ကိုယ့်အားကိုယ်ကိုးခြင်း လက်နက်ကို ကိုင်စွဲပြီး နအဖ စစ်အာဏာရူး ဖွတ်တစ်သိုက်ကို မြန်မာနိုင်ငံသားတိုင်း တော်လှန်ရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိတော့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်မည့်သူမှာလဲ မြန်မာတစ်နိုင်ငံလုံးရှိ သန်း(၅၀) ကျော်သော ပြည်သူလူထုပင်ဖြစ်ပေသည်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဘယ်နေ့ဘယ်ရက်တွင် ခြွင်းချက်မရှိ လွတ်ပေးပါ မလွတ်ပေးလျှင် ပြင်းထန်တဲ့ လူထုလှုပ်ရှားမှုများနှင့် မလွဲမသွေရင်ဆိုင်ရမည်ဆိုတဲ့ ပြည်သူအသံ တစ်ညီတစ်ညွတ်တည်းထွက်ပေါ်လာသည့်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့ အမှန်တကယ်ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း သတိပေးတိုက်တွန်းရေးသားလိုက်ရပေသည်။
တက္ကသိုလ်သောတုဇနဘိက္ခု(ရန်ကုန်)
Rest of your post
Sunday, August 16, 2009
အာဆီယံနိုင်ငံဆိုသည်မှာ
ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျှော့ရေး ဗီယက်နမ်နှင့်လာအို ကန့်ကွက်Saturday, 15 August 2009 19:11 ကိုထွေး
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ် စီရင်ချက်ကို လျှော့ပေါ့ပေးရေးနှင့်ပတ်သက်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံများကို စာရေးအဆိုပြုခဲ့ရာ မြန်မာနိုင်ငံ၏ အရေးကို အာဆီယံက ၀င်ရောက် မစွက်ဖက်သင့်ဟု ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့က ကန့်ကွက်ခဲ့သည်။
ယင်းအဆိုပြုချက်အား မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကိုလည်း လိပ်မှုပေးပို့ခဲ့ကြောင်း မလေးရှားရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ်း၏ ပြောဆိုချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ရေးသား ထားသည်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် အစိုးရ ပြောခွင့်ရ မစ္စတာ Le Dungက “ဒေါ်အောင်ဆန်း စုကြည် အမှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးလို့ ကျနော်တို့က မြင်ပါတယ်၊ ဗီယက်နမ် အနေနဲ့ မြန်မာပြည်ကို အမြဲ ထောက်ခံသလို လမ်းပြမြေပုံအတိုင်း ဒီမိုကရေစီကို ဖော်ဆောင်မယ်လို့လည်း မျှော်လင့်ပါ တယ်” ဟူသော ပြောဆိုချက်ကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြသည်။
အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုနေခြင်းကို မထောက် ခံကြောင်း၊ မြန်မာ အစိုးရ၏ ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက တစုံတရာ ဝေဖန်ပြောဆိုရန် မရှိကြောင်း ဗီယက်နမ် အစိုးရပိုင် သတင်းဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လာအိုနိုင်ငံကလည်း မြန်မာပြည်၏ ပြည်တွင်းရေးအား အခြားသော အာဆီယံနိုင်ငံများ ၀င်ရောက်စွက်ဖက် နေခြင်းကို ဆန့်ကျင်ကြောင်း ယင်းသတင်းတွင် ထပ်လောင်း ဖော်ပြထားသည်။
လာအို နိုင်ငံခြားရေးရာဌာန ပြောခွင့်ရ Khenthong Nuanthasing က “အာဆီယံ အဖွဲ့ဝင်နိုင်ငံ အနေနဲ့ အာဆီယံ ပဋိညာဉ်မှာ ပြဌာန်းထားတဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး ဆိုတဲ့မူကို လေးစားလိုက်နာရပါမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကိုလည်း မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောဆိုသည်ကိုလည်း သတင်းတွင် ရေးသားထားသည်။
အဖွဲ့ဝင် ၄ နိုင်ငံက အဆင်သင့် မဖြစ်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်ခဲ့သော စီရင်ချက်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အထူးအစည်းအဝေးတရပ်ကို ကျင်းပရန် မရှိကြောင်းနှင့် ယင်း အဖွဲ့ဝင် ၄ နိုင်ငံကို ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် စီရင်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်းနှင့် ၁၆ကြိမ်မြောက် အာဆီယံ ဒေသတွင်းအစည်းအဝေးတွင် အဆိုပြုတောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် တောင်းဆိုထားသည့် အတိုင်း ထပ်မံတောင်းဆိုကြောင်း အာဆီယံ အဖွဲ့ ဥက္ကဌ ထိုင်းနိုင်ငံက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါရှိသည်။
မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Man က အာဆီယံ အနေနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး နိုင်ရေးအတွက် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပေးရန် တောင်းဆိုလိုက်သည်။
Rest of your post
ကျကျန်ရစ်ခဲ့ သော ပတ်ဝန်းကျင်
အဲဒီအချိန်တုန်းက ကိုယ် ၃နှစ်သမီး လောက် ဖြစ်လိမ့်မယ်။
လမ်းကို တောက်တက် တောက်တက် လျှောက်ပြီး အိမ်ထဲမှာ လျှောက်သွားနေတာ။ ကလေးပီပီ လူကြီးတွေ လုပ်သမျှ လိုက်စူးစမ်း လိုက် မှတ်နေချိန်ပေါ့။
ကလေးဆိုတော့လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေတာတွေ လိုက်ပြောနေတော့တာလေ။ အဲဒီတုန်းက နားမလည် ပါးမလည် ဆိုဆိုနေတာက “ဦးသန့် ဗိမ္မာန် တည်ဆောက်ရေး ဒို့အရေး ဒို့အရေး” တဲ့။ ကိုယ် ဒီလို အော်လိုက်တိုင်း ကိုယ့်ကိုထိန်းတဲ့ အမကြီးက လူကြားထဲကနေ ကိုယ့်ကို ပွေ့ချီသွားရတာ။ ကိုယ်က ယက်ကန် ယက်ကန်နဲ့ ပါသွားရင်း အော်နေသေးတာ တဲ့။ အမေက ပြုံးရင်း နောင်တော့ ပြန်ပြောပြတယ်။
ဟုတ်တယ်။ ကိုယ်တို့ငယ်ငယ်က တက္ကသိုလ်ဝင်းထဲက ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တွေမှာ မွေးခဲ့၊ နေခဲ့၊ ကြီးပြင်းခဲ့ရတော့ ဒါမျိုးတွေနဲ့ ရင်းနှီးခဲ့ရတာ မဆန်းတော့ဘူး။ အဲဒီတုန်းက အဖေက ကိုယ့်ကို ချီပြီး ကျောင်းထဲမှာ ကျောင်းသားတွေ ဟောကြတဲ့ ဟောပြောပွဲတွေကို သွားနားထောင်တတ်တယ်။ ကိုယ့်ငယ်ဘ၀မှာ အကျီင်္အဖြူလက်ရှည်ကို လက်ခေါက်ထားပြီး ကချင်ပုဆိုးဝတ်ထားတဲ့ လူငယ်လေးတွေဟာ အမြဲ လေးစားစရာ ကောင်းနေခဲ့တယ်။
တခါက မှတ်မှတ်ရရ ကိုယ်တို့အိမ်ရဲ့ ၀ရန်တာလေးမှာ အမေက ကုလားထိုင်လေးနဲ့ စာအုပ်ဖတ်နေတယ်။ ကိုယ်တို့တအိမ်လုံး အားလုံး တိုးတိုးတိတ်တိတ်ဖြစ်နေတာ ကလေးဖြစ်တဲ့ ကိုယ်တောင် ရိပ်မိနေတယ်။ ကိုယ်တို့အိမ်ရှေ့မှာ စစ်သား၀၀ကြီးတယောက်။ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတာ။
ကိုယ်ကလဲ အေးအေးဆေးဆေး စာဖတ်နေတဲ့ အမေ့ဘေးမှာ ဆော့နေမိတာ ထင်တယ်။ တော်ကြာနေတော့ စစ်သားကြီးက အိမ်သာ တက်ချင်လိုက်တာ တဲ့၊ မထိန်းနိုင်တော့သလို လက်နှစ်ဖက်ကို စုံခါပြီး အိမ်ရှေ့မှာ လျှောက်နေတယ်။ ကိုယ်ကလဲ အမေ့ကို တလှည့်၊ သူ့ကို တလှည့် ကြည့်လို့။ သူများကို အမြဲကူတတ်တဲ့အမေက ဘာဖြစ်လို့ တံခါး မဖွင့်ပေးပါလိမ့်။
အမေက စာအုပ်ကို ပိတ်၊ အေးအေးဆေးဆေးပဲ အိမ်ထဲကို ၀င်သွားတယ်။ လာ လာ သမီး၊ အိမ်ထဲကို ၀င် တဲ့။ နောက်တော့မှ ကိုယ် နားလည်ရတာ။ ကိုယ်တို့ အိမ်သာရဲ့ အပေါ် ထပ်ခိုးမှာ၊ ကိုယ်တို့ အိမ်အောက်မှာ တိတ်တိတ်လေး ပုန်းနေကြတဲ့ အသက်ကိုတောင် ပြင်းပြင်း မရှူရဲတဲ့ ပြေးလာကြတဲ့ ကျောင်းသားတွေ၊ ဦးပဉ္ဖင်းတွေ။
စစ်ဖိနပ်တွေနဲ့ လားလားမှ မဆိုင်တဲ့ တက္ကသိုလ်မြေကို နေ၀င်း စစ်တပ်က စီးနင်းခဲ့ပြီလေ။
လက်နက်ရှိတဲ့လူတွေရဲ့ အနိုင်ကျင့်မှုက ပြေးခဲ့ရလို့ တချို့က ခြေထောက်တွေ ကွဲ၊ သွေးတွေဖြာကျလို့။ အိမ်နောက်ဖေး တံခါးကို လျင်လျင်မြန်မြန်ပဲ ဖွင့်လိုက်ကြတယ်။ အိမ်ထဲကို တချို့ သုတ်သုတ် ၀င်လာပြီး ထပ်ခိုးပေါ်တက်၊ ကုတင်အောက်ထဲ ၀င်ပြီး ငြိမ်ငြိမ်လေး သူတို့နေကြတယ်။
ညီမလေး..အကိုတို့ကို ရေလေး တခွက်လောက် တိုက်ပါ တဲ့။ ကိုယ်က ကလေးပီပီ ပြေးပြီး သောက်ရေအိုးစင်က ရေကို ကြေးခွက်လေးနဲ့ ခပ်၊ အိမ်အောက်မှာ ပုန်းနေတဲ့ အကိုကြီး အမကြီးတွေဆီ သွားပေးရတယ်။ ဒါကို အမတွေက ဧည့်သည်တွေလာမှ ထုတ်တိုက်တဲ့ ဖန်ခွက် အသစ်တွေ ထုတ်၊ ရေစင်စင်ဆေးပြီးမှ ရေထည့်တိုက်တယ်။
အဲဒီအချိန်မှာပဲ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အသံတွေ မိုးခြိမ်းသံလို ကြားလိုက်ရတယ်။ တခြားနေရာမှာ ပုန်းနေကြတဲ့ ကျောင်းသားလေးတွေ တချို့ မိကုန်ပြီလေ။ ကိုယ်တို့လဲ ကြောက်လိုက်၊ စိတ်ပူလိုက်တာ မပြောပါနဲ့တော့။ ဘာနဲ့မှ မတူတဲ့ ဆိုးဝါးတဲ့ ခံစားမှုတွေပါပဲ။
ဟေ့ကောင်တွေ ထွက်ခဲ့စမ်း။ တော်တော်အလုပ်ရှုပ်တဲ့ ကောင်တွေ၊ ချစမ်းကွာ၊ ဆော်စမ်းကွာ။ မင်းလားကွ ဒို့အရေး အော်တာ။ မင်းလားကွ ကျောင်းသား သမဂ္ဂ အဆောက်အဦ ဆောက်ချင်တာ။ မင်းလားကွ သမဂ္ဂဖွဲ့ချင်တာ။ လုပ်ချင်အုံး၊ အော်ချင်အုံး တဲ့။
ခုနက ဥာဏ်ဆင်ပြီး အိမ်သာတက်ချင်လွန်းတဲ့ စစ်သား၀၀ကြီးက မျက်နှာလိုအားရ သေနတ်ဒင်နဲ့ ချတယ်။ ခေါင်းမှာ သွေးတွေက ဖြာကနဲ။ အိမ်အောက်မှာ ပုန်းနေတဲ့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ ကိုယ်တို့ ခြံထိပ်မှာ ရပ်ထားတဲ့ ကားအပြာကြီး ထဲ ထိုးကြိတ်ပြီး သူတို့ ထည့်လိုက်ကြတယ်။
“အိမ်ထဲမှာ ဖွက်ထားတာရှိရင် ထုတ်၊ ဖွက်ပေးထားတဲ့လူပါ ဖမ်းမှာနော်” တဲ့။ ကိုယ့်အမေက သူ့မျက်နှာကို ခပ်အေးအေးပဲ ကြည့်နေခဲ့တယ်။ အိမ်တံခါးကတော့ ဧည့်ဆိုးတွေအတွက် သော့ခတ်ထားဆဲ။
လူခြေပါးချိန်မှ အဖေ့အ၀တ်အစား တွေ ထုတ်၊ ထပ်ခိုးပေါ်က ကျောင်းသားတွေကို အကျီ င်္လဲစေတယ်။ သူတို့ အကျီ င်္တွေက ချွေးတွေ ရွှဲပြီး ညစ်ပတ် ပေကျံနေတာလေ။ ဖိနပ်မပါဘဲ ပြေးလာကြတဲ့အတွက် အိမ်မှာ ရှိတဲ့ ဖိနပ်တွေ ပေးလိုက်ကြတယ်။ အဖေက လက်ဆွဲပြီး တယောက်ချင်း ခေါ်၊ အိမ်ကို လာလည်တဲ့ ဧည့်သည်တွေ ပြန်လိုက်ပို့သလိုလို နဲ့ ဆရာဆောင် နောက်က တက္ကသိုလ်ဘော်လုံးကွင်းကတဆင့် လွတ်ရာ ကျွတ်ရာကို ပို့ပေးလိုက်တယ်။
ကိုယ်တို့ အိမ်နီးနားချင်း ဆရာ၊ ဆရာမတွေ အိမ်မှာလဲ တချို့က ၅ယောက်၊ တချို့က ၃ယောက်။ ညနေစောင်းမှ၊ တိတ်တိတ်ဆိတ်ဆိတ် စိတ်ချရပြီဆိုမှ လွှတ်လိုက်ကြတယ်။ တယောက်နဲ့ တယောက် နားလည်တဲ့ အကြည့်တွေနဲ့။ ဘယ်သူက ဘယ်လို ဖွက်ထားပေးကြတာ ပြောမနေကြဘူး။ အားလုံးရဲ့ မျက်ဝန်းမှာ ကိုယ့်သားသမီးတွေ ဘေးကင်းရာမှ ရောက်ပါ့မလားလို့ စိုးရိမ်ပူပန်စိတ်တွေက အထင်းသား။
အဲဒီအချိန်တုန်းက ကျောင်းသားတွေက ကိုယ်တို့ ဦးလေး အဒေါ်တွေ အရွယ်။ နောက် ကိုယ်တို့ အကိုတွေ အမတွေ အရွယ်၊ နောက် ကိုယ်တို့ ညီတွေ ညီမတွေ အရွယ်။ ခေတ်အဆက်ဆက် ကျောင်းသူ ကျောင်းသားတွေဟာ မတရားတဲ့ အမိန့် အာဏာကို ဖီဆန်ခဲ့ကြတယ်။ အာဏာရှင်စနစ်ကို လက်မခံကြောင်း သတ္တိရှိရှိ သူတို့ပြခဲ့ကြတယ်။
+++++++++++++++++++++++++++
ကိုယ်တို့ခေတ်မှာ နိုင်ငံကို ချစ်လို့ ကိုယ်ကျိုးစွန့် နေကြတဲ့ သူရဲကောင်းတွေ အများကြီး။ တဦးချင်းစီကို မှတ်တမ်းတင်ဖို့ရာ ကိုယ့်နှလုံးသားက ကျယ်ပြန့် နွေးထွေးပါတယ်။ အဲဒီအထဲက ကိုယ်နဲ့ တခါမှ အပြင်မှာ မတွေ့ဖူး၊ လူချင်း မသိပေမဲ့ သူ့လုပ်ရပ်တွေကို စိတ်ထဲမှာ စွဲနေမိတဲ့ ကျောင်းသားခေါင်းဆောင် တယောက်အကြောင်း ရေးချင်မိတယ်။
သူက ကိုဌေးကြွယ်။ အသား ညိုညို၊ အပြုံး ကြည်ကြည်နဲ့ ခပ်ပိန်ပိန်ပါးပါး လူတယောက်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တယောက်။ ၈၈ အရေးတော်ပုံကနေ လူထု တိုက်ပွဲထဲကို ရဲရဲရင့်ရင့် ပါဝင်လာခဲ့သူ တယောက်။
သူ့ရဲ့ လူငယ်ဘ၀မှာ ဂစ်တာတီးရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ သီချင်းနားထောင်ရင်း ပျော်ပျော်ရွှင်ရွှင် ကုန်မဲ့အချိန်တွေထဲ တိုင်းပြည် စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် သူ့အချိန်တွေကို ဖဲ့ပေးခဲ့သူတွေထဲက တဦးပေါ့။ တန်ဖိုးရှိတဲ့ ငယ်ဘ၀ အချိန်တွေထဲမှာ ဆယ်စုနှစ်တနှစ်ကျော် ကြာအောင် (၁၄နှစ် ကျော်) ထောင်ထဲမှာ နေခဲ့ရပြီးသူ။ အခုလက်ရှိလဲ နောက်တကြိမ် ထောင်နန်းစံနေရသူ။
ကိုယ် သူ့ကို လူချင်းတော့ မသိခဲ့ဘူး။ တွေ့ဖို့လဲ အကြောင်းမတိုက်ဆိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ စကားတွေ၊ ဆွေးနွေးချက်တွေက တဆင့် သူ့ကို သိခဲ့ရတယ်။ သူရဲ့စကားတွေက ပျော့ပြောင်းတယ်၊ ဒါပေမဲ့ သူ့ခံယူချက်က ပြတ်သားတယ်။ သူ့မှာ တိုင်းပြည်အေးချမ်းဖို့ အတွက်ဆိုရင် ရန်သူကိုလဲ မိတ်ဆွေလို လက်ခံနိုင်တဲ့ အမြင်ရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ သူ့ရပ်တည်ချက်ကို အလျော်အစားပေးမဲ့သူမျိုး မဟုတ်တာလဲ သေချာတယ်။
နိုင်ငံရေးဆိုတာ ရှုပ်ထွေးချင် ရှုပ်ထွေးမှာပဲ။ အယူအဆ တိုက်ပွဲတွေ ကိုယ့် အချင်းချင်းကြားမှာ ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ တိုင်းပြည်ချစ်စိတ်နဲ့ သူတို့ သွေးစည်း ခဲ့ကြတယ်။ ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ပြည်သူတွေအဖို့ မွေးရကျိုးနပ်တဲ့ သားကောင်းရတနာတွေ ဖြစ်ခဲ့ပါတယ်။
“၈၈ မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ ပြောရင် ကျနော်တို့ဟာ အငြိမ်းချမ်းဆုံးနဲ့ အညင်သာဆုံး အသွင်ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျနော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်” လို့ ကိုဌေးကြွယ်က သူတို့သဘောထားကို အဓိပ္ပါယ် ဖွင့်ခဲ့တာပါ။
ဆန္ဒက ဒီလိုဆိုပေမဲ့ အခြေအနေက မပေးလာခဲ့ရင်လဲ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြောဆိုခဲ့တယ်။ “တခြားရွေးစရာ လမ်းမရှိတော့ဘူး ဆိုရင်တော့ အရိုးတွေ တောင်လိုပုံမှပဲ တည်ဆောက်လို့ရတော့မယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ မျိုးဆက်သစ်တွေဟာ ပေးဆပ်ဖို့ အဆင်သင့်ပါပဲ” တဲ့။
သူ အမှာစကား ပါးလိုတာက “ဒိထက်ပိုပြီး ညီညွတ်မယ်၊ ဒိထက်ပိုပြီး ကြိုးစားမယ်၊ ဒိထက်ပိုပြီး ရဲရင့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်ကို ပျက်သုဉ်းရမယ်ဆိုတာ သေချာပါတယ်” တဲ့။
ကိုယ်သူ့ကို အမှတ်ရဆုံးနဲ့ အလေးစားမိဆုံး အချိန်တွေ ပြောပြချင်သေးတယ်။ အဲဒီအချိန်တွေက ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတုန်းကပါ။ အဲဒီတုန်းက လောင်စာဆီ သပိတ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေချိန်။ လူထုခေါင်းဆောင် ကလည်း နေအိမ်အကျယ်ချုပ် ကျနေချိန်။
အဲဒီအချိန်မှာ စစ်တပ်က လက်ဦးမှု ယူပြီး ကျောင်းသားခေါင်းဆောင်တွေ၊ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို တညတည်းမှာပဲ ဖမ်းဆီးလိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကိုဌေးကြွယ် ကံကောင်းထောက်မစွာ အဖမ်းမခံခဲ့ရဘူး။ ရှောင်တိမ်းနေခဲ့တာပါ။
လူထုကလဲ အထွေထွေ အကြပ်အတည်းကြောင့် မကျေနပ်ဘူး။ မီးခဲပြာဖုံး အခြေအနေ။ စနက်တံကို မီးရှို့မဲ့သူ လိုနေတယ်။ ပြတ်သားတဲ့ ခေါင်းဆောင်မှု အရေးတကြီး လိုနေပါတယ်။ လူထုက အကြောက်တရားတွေ၊ ဖိနှိပ်မှုတွေရဲ့ အောက်က မရဲတရဲ ခေါင်းပြူပြီး ကြည့်နေတဲ့အချိန်မှာ ခေါင်းဆောင်တွေ ပါသွားတော့ ဘယ်လိုနေမလဲ စဉ်းစားသာ ကြည့်ပေတော့။
အဲဒီအချိန်မှာ ပြည်သူက သူ့ကို လိုအပ်ခဲ့တယ်။ လိုအပ်တဲ့အတိုင်း ကိုဌေးကြွယ်က ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။ မမီးမီးက လူထုရှေ့က ရပ်ခဲ့တယ်။ မနီလာသိန်းက ရှေ့ဆုံးကနေ ပါခဲ့တယ်။ သာသနာကို စောင့်ရှောက်တဲ့ သံဃာင်္တော်တွေကို ငြိမ်းချမ်းစွာ မေတ္တာပို့နိုင်ဖို့ လူထုကို မေတ္တာရပ်ခံရင်း စည်းရုံးခဲ့တယ်။ သူတို့အသံတွေ လေလှိုင်းမှာ ပျံ့လွင့်နေခဲ့တယ်။ မေတ္တာပို့သံနဲ့ လွှမ်းခြုံတဲ့၊ မတရားတာကို ဆန့်ကျင်တဲ့ လှပမှုတခု ဖြစ်ခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ရင်းနှီးသမျှ ပေးဆပ်သမျှဟာ သဲထဲ ရေသွန် ဖြစ်သွားမှာ မဟုတ်ဘူး။ အချည်းနှီး မဟုတ်ဘူး။ လူမိုက်တွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ နိုင်ငံရဲ့ စနစ်တခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်” လို့ ကိုဌေးကြွယ်က ရိုးသားစွာ ပြောခဲ့တာ ကိုယ့်နားထဲ စွဲနေခဲ့တာပါ။ သူ့ရဲ့ လွတ်မြောက်ခြင်းဟာ အမှန်တရား ရှင်သန်ခြင်းပါ။
အဲဒီအချိန်တွေဟာ ကိုဌေးကြွယ်ရဲ့ အခက်အခဲဆုံးအချိန်တွေထဲက တခု ဖြစ်မှာ အသေအချာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူသိပ်ချစ်တဲ့ သူ့အမေက သူ့ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ရင်ဆိုင်နေရလို့ပါပဲ။ ကိုဌေးကြွယ်ရဲ့ အသံတွေကို ပြည်သူတွေ ရေဒီယိုတွေက နားထောင်နေသလို သူ့အမေကလဲ အိပ်ယာထဲကနေ နားထောင်ရင်း သူ့သားလေး လွတ်မြောက်နေသေးတယ်လို့ စိတ်မှန်းနဲ့ သိနေရသူပါ။
အမေချစ်တဲ့ သား..။ သူ့လိုအပ်ချက်တွေကို အရိပ်ကြည့် ဖြည့်ဆည်းပေးနေသူ အမေ..။ အမေ့ နောက်ဆုံး အချိန်မှာ ဘယ်လို စိတ်နဲ့များ အဝေးမှာ နေနိုင်ပါလိမ့်မလဲ။ အပြေး လာတွေ့ချင်မှာပေါ့။ လွတ်လွတ်လပ်လပ် သားအမိ တွေ့ခွင့်၊ ပြုစုခွင့်ကို တမြို့တည်း နေနေရပေမဲ့ အာဏာရှင်စနစ်ကြီးက တံတိုင်းခြားလိုက်တယ်။ တိုင်းပြည်ချစ်စိတ်နဲ့ ဘ၀ကူးခါနီး အမေရဲ့ ဝေးရာမှာ အလုပ်လုပ်ရင်း နေခဲ့ရတယ်။
သူ့ဓာတ်ပုံတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်းရဲ့ နေရာ အနှံ့အပြားမှာ ကပ်ပြီး ဆုငွေ ထုတ်စေကာ အာဏာရှင်ရဲ့ နံပါတ် (၁) ရန်သူ ဖြစ်ကြောင်း သိသာစေခဲ့တယ်။
နောက်တော့ အမေနားထောင်နေကျ ရေဒီယိုလေးဟာ အသံတိတ်သွားခဲ့ပြီ။ မီးပျက်လို့၊ ရေဒီယိုပျက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူ့သားလေးရဲ့ သတင်းဆိုးကို အမေ့ကို ဖုံးကွယ်ေ၀၀ါး မှောင်ချလိုက်ကြတယ်။ အမေ သိပါတယ်။ ကောင်းကောင်း ရိပ်မိပါတယ်။ “အော်..ဒီကလေးကို အမေ ဘာလို့များ မွေးမိပါလိမ့်၊ ဒုက္ခရောက်လိုက်ရရှာတဲ့ သားရယ်” လို့ အိပ်ယာထဲက ရေရွတ်ရှာသတဲ့။ နောက်တော့ အမေ ရှင်ရက်နဲ့ ပြန်တွေ့ခွင့် မသာတော့ပါဘူး။
ခက်ခဲကြမ်းတမ်းတဲ့ သူရဲကောင်း မှတ်ကျောက် စစ်ကြောရေးစခန်း အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးချိန်မှာ သူချစ်တဲ့ သူငယ်ချင်းရဲဘော်တွေနဲ့အတူ နိုင်ငံတော်က ကိုဌေးကြွယ်ကို ဆုတံဆိပ် ချီးမြှင့်လိုက်တယ်။ ရခိုင်၊ ဘူးသီးတောင် ထောင်မှာ ထောင်ဒဏ် (၆၅)နှစ် တဲ့။
++++++++++++++++++++++++++++++++++++++++
ဒီနေ့ဟာ ဇူလိုင် (၇)ရက်နေ့။ ခေတ်အဆက်ဆက်က ကျောင်းသားတွေဟာ မတရားတဲ့ အာဏာရှင်စနစ်ကို အဆင့်ဆင့် ပုခုံးပြောင်း ဆန့်ကျင် တော်လှန်ခဲ့ကြတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီးကို အာဏာရှင် နေ၀င်း အစိုးရအဖို့ သူပုန်စခန်းရယ်လို့ မှတ်ချပြု အငြိုးထား၊ ဒိုင်းနမိုက်နဲ့ ဖြိုချခဲ့တဲ့ ဖျက်မရတဲ့ သမိုင်းအမည်းစက်ဟာ ဒီနေ့ပေါ့။
ဒီနေ့မှာ ကိုယ်ဟာ သူရဲကောင်းတွေ ပေါများလှတဲ့ ကိုယ်တို့တိုင်းပြည်က အညတရ သူရဲကောင်းလေးတွေကို ဦးညွှတ် အလေးပြု လိုက်ပါတယ်။ သူတို့အသက်၊ သွေး၊ ချွေးတွေ၊ သူတို့စွန့်လွှတ်မှုတွေကြောင့် သူတို့ချစ်တဲ့ အမှန်တရားဟာ တနေ့တော့ အရာထင်လာရမှာ ဧကန်မုချပဲ။
ကိုယ်တို့ရဲ့ ခေတ်အဆက်ဆက် သူရဲကောင်းမှတ်တမ်းကြီးမှာ သူတို့ဟာ သူတို့နံမည်လေးတွေကို ထွင်းထု သွားခဲ့ပြီ။
ကိုယ်တို့ထက် ကြီးတဲ့လူကြီးတွေက ဒီမှတ်တမ်းကြီးကို အသိအမှတ်ပြု လေးစားသမှုနဲ့ ရင်မှာ အပ်ကြလိမ့်မယ်။
ကိုယ်တို့တတွေကတော့ ချစ်ခင် လေးမြတ်မှုတွေနဲ့ အရိုအသေ ပေးရလိမ့်မယ်။
ကိုယ်တို့ထက်ငယ်တဲ့ လူငယ်တွေကလဲ အားကျ ကြည်ညိုစိတ်တွေနဲ့ မှတ်တမ်းကြီးကို ဆက်ဖတ်ကြ၊ ဆက်ရေးကြလိမ့်မယ်။
မှတ်တမ်းတခုလုံး မျက်ရည်တွေ သွေးတွေ စွန်းပေလို့ပါလား။ ။
မိုးချိုသင်း
Rest of your post