Tuesday, July 7, 2009

ထိုင်းမှာ ၂၂၇၂

A (H1N1) တုပ်ကွေးပိုး -ကိုဝိုင်း- တနင်္လာနေ့၊ ဂျူလိုင်လ 06 ရက် 2009 ခုနှစ် 20 နာရီ 50 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတွင် A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူပေါင်းမှာ လွန်ခဲ့သည့် ၂ လကျော် ကာလအတွင်း လူပေါင်း ၂၂၇၂ ဦးရှိခဲ့ကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထိုင်းသတင်းဌာနများကို ယနေ့ ပြောဆိုလိုက်သည်။

ယနေ့တွင် ရောဂါပိုးကူးစက်ခံရသူ လူနာအသစ် ၁၉၆ ဦး ထပ်မံ တွေ့ရှိရသဖြင့် ဧပြီလ ၂၈ ရက်နေ့မှ ယနေ့အထိ ကူးစက်ခံရသူပေါင်း ၂၂၇၂ ဦးသို့ မြင့်တက်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်ဟု သတင်းစာများက ဆိုသည်။

“ဒီရောဂါပိုးဟာ အခုလအတွင်းမှာ ပိုပြီး ပျံ့နှံ့ကူးစက်ဖို့ ရှိပါတယ်။ အထူးသဖြင့် လူကနေ လူချင်း ကူးစက်မှာပါ” ဟု ဝန်ကြီး ဝိထာရ ကယောက်ပါရိုင်ဒိုင် Witthaya Kaewparadai က ပြောဆိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံအရှေ့ဘက်ရှိ ရာခ်ျဘူရီ Ratchaburi ခရိုင်အတွင်း A (H1N1) တုပ်ကွေးရောဂါဖြင့် ယခုလ ၄ ရက်နေ့တွင် သေဆုံးခဲ့ပြီးနောက် တိုင်းပြည်တွင်း ယခုရောဂါပိုးဖြင့် သေဆုံးသူပေါင်းမှာလည်း ၇ ဦးရှိပြီဟု ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဤသည်မှာ ကူးစက်ခံရသူ စုစုပေါင်း ဦးရေအနက် ၂၂၃၀ ဦးသည် ပြန်လည် ကျန်းမာလာကြပြီဖြစ်ကာ၊ ၃၅ ဦးမှာမူ ဆေးရုံတွင် ကုသမှု ဆက်လက် ခံယူနေကြပြီး ၇ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၇ ဦးမြောက် သေဆုံးခဲ့သူ၏ အမည်နှင့် အသက်ကို ထိုင်းသတင်းများတွင် ဖော်ပြထားခြင်း မရှိပါ။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ၅၆ ခုတွင် A (H1N1) ရောဂါပိုး ပျံ့နှံ့နေပြီး ကူးစက်မှုခံရသူ လူနာအသစ်များမှ ၁၆၀ ဦးမှာ ပညာသင်ကြားနေသူများ ဖြစ်သည်။

နိုင်ငံပေါင်း ၇၀ ကျော်၌ A (H1N1) ရောဂါပိုးကူးစက်မှု ၉၄၅၁၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၂၉ ဦး ရှိသွားပြီဖြစ်သည်။

မြန်မာ့အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နိုင်ငံတွင် ၂၀၄၀ မှု၊ အိန္ဒိယတွင် ၁၂၉ မှု၊ ဘင်္ဂလားဒေ့ရှ်တွင် ၁၈ မှု၊ လာအိုတွင် ၅ မှု ရှိသွားပြီဖြစ်သော်လည်း သေဆုံးသူ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး - WHO က ဖော်ပြသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN