Saturday, July 4, 2009

အချိန်ကုန် လေကုန် ငွေကုန်ခရီးစဉ် နှင့် ဘင်ကီ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘန်ကီမွန်းကို တွေ့ခွင့်မပေး Friday, 03 July 2009 18:42 အေးချမ်းမြေ့
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တောင်းဆိုရာ စစ်အစိုးရ ခေါင်းဆောင်များက ငြင်းပယ်လိုက်သည် ဟု ၎င်းက ပြောသည်။

[မစ္စတာ ဘန်ကီမွန်းနှင့် ခွေးမမှူးကြီးသန်းရွှေတို့ နေပြည်တော်တွင် ဇူလိုင် ၃ ရက်နေ့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)]
မစ္စတာဘန်ကီမွန်းသည် ယနေ့တွင် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ တွေ့ခွင့်ရဖို့ ပြောပြီး ဘာပြန်ပြောမလဲဆိုတာကို စောင့်နေခဲ့တယ်။ ဒီကိစ္စက သိပ်ကိုအရေးကြီးတဲ့အကြောင်းလည်း ပြောပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက သတင်းထောက် များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၄ ဦးကိုလည်း မစ္စတာ ဘန်ကီမွန်းနှင့်တွေ့ဆုံရန် ယမန်နေ့က နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း ကြားသိရသည်။

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) များ ဖြစ်ကြသော ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်နှင့် ဦးသန်းထွန်းတို့ ၄ ဦးကို ယမန်နေ့ နေ့လယ်က စစ်အစိုးရ တာဝန်ရှိသူများက ကားဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

NLD ၏ CEC အဖွဲ့ဝင်များအနေနှင့် မစ္စတာဘန်ကီမွန်း မလာရောက်ခင်ကပင် ကြိုတင်၍ ၎င်းအား တင်ပြမည့်အချက်များကို ဆွေးနွေးခဲ့ကြရာ အဓိကအချက်များမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်း သားများအား လွှတ်ပေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးနှင့် ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သော အခြေခံဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး စသည့် အချက် ၃ ချက် ဖြစ်ကြောင်း သိရသည်။

ဦးဝင်းတင်က မစ္စတာဘန်ကီးမွန်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က ထိန်းသိမ်းခံထားရတဲ့ သူဖြစ်နေတော့ လုံခြုံရေးအရဆိုပြီး တွေ့ခွင့်ပေး လိမ့်မယ် မထင်ဘူး၊ ဒါပေမယ့် ကျနော့်အနေနဲ့ ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့တယ်ဆိုရင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း တွေ့စေချင်တယ်” ဟု ဦးဝင်းတင်က ပြောခဲ့သည်။

ဆက်လက်၍ သူက ယခုတကြိမ် မစ္စတာ ဘန်ကီမွန်းသည် ကမ္ဘာ့အဖွဲ့အစည်းကြီးတခု၏ ခေါင်းဆောင် တဦး အနေနှင့် မြန်မာပြည်သို့ လာရောက်ခြင်း ဆိုသည်ထက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြားဝင်စေ့စပ် ဖြန်ဖြေသူ ပုံစံဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

“ကြားဝင်စေ့စပ် ဖြန်ဖြေတယ် ဆိုကတည်းက ဘက် ၂ ဘက်ရှိတယ်။ ဒီတော့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မစ္စတာဂန်ဘာရီလို စစ်အစိုးရနဲ့ပေါင်းပြီး သူတို့ စီစဉ်သမျှကို ခေါင်းညိတ် ပြန်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီလိုဆိုရင် ပြည်သူလူထုရဲ့ နိုင်ငံရေးလိုအပ်ချက်တွေ၊ တောင်းဆိုမှုတွေကို သစ္စာဖောက်သလို ဖြစ်မယ်” ဟု သူက ဆိုသည်။

NLD ခေါင်းဆောင်များက မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နှင့် ပတ်သက်၍ မျှော်လင့်ချက်မရှိဟု ဆိုကြသည်။ သို့ရာတွင် ၎င်းပါတီ ခေါင်းဆောင်များအားလုံးက ယခုကဲ့သို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုယ်တိုင် မြန်မာပြည်၏ အရေးကိစ္စကို လာရောက်ဆောင်ရွက်ပေးခြင်းအတွက် ကြိုဆိုသည်ဟု ပြောသည်။

မြန်မာပြည်သို့ မလာခင် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့သော မစ္စတာ ဘန်ကီမွန်းက “ဒီခရီးစဉ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး တင်ပြနိုင်ဖို့ ကြိုးစားပါမယ်” ဟု ဂျပန်သတင်းထောက်များအား ပြောကြားခဲ့သည်။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး စသည့်အချက် ၃ ချက်ကို နအဖ အစိုးရအား အဓိက တောင်းဆိုမည်ဟု ဆိုသည်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မစ္စတာဘန်ကီမွန်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ စစ်အစိုးရအား တိုက်တွန်းသင့်သော်လည်း စစ်အစိုးရ ကျင်းပ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုမူ တရားဝင်ကြောင်း ပြောရန်မသင့်ဟုဆိုသည်။

အမှုဆောင် အရာရှိ Kanneth Roth က “မစ္စတာဘန်ကီမွန်းရဲ့ခရီးစဉ်ကို အသုံးချပြီး မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဟာ တရားဝင်တယ်လို့ လုပ်လိုက်မယ်ဆိုရင် အန္တရာယ်ရှိတယ်” ဟု ပြောသည်။

NLD ခေါင်းဆောင် ဦးဝင်းတင်ကလည်း မစ္စတာဘန်ကီမွန်း တောင်းဆိုမည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စကို သဘောတူသော်လည်း ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သည့် အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးကို မပြောဘဲ ၂၀၁၀ ရွေးကောက်ပွဲကိစ္စပြောဆိုခြင်းကို သဘောမတူကြောင်း ပြောကြားသည်။

နေပြည်တော်၌ မစ္စတာဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံမည့် ယနေ့သည် ဒေါ်အောင်ဆန်း စုကြည်၏ သက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးမည့်နေ့ဖြစ်သော်လည်း လာမည့် ၁၀ ရက်နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယခုကဲ့သို့ မစ္စတာ ဘန်ကီမွန်း လာရောက်ချိန်တွင် ရုံးချိန်းရွှေ့ဆိုင်းလိုက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ တစုံတရာ အပြောင်းအလဲ ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

မသေချာမှုများမှ ဘန်ကီမွန်း၏မြန်မာ့အရေးစွန့်စားမှု
Kaowao

ဇူလိုင် ၃၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၃)။ ။ ယနေ့နံက်တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် စင်ကာပူမှတဆင့် မြန်မာပြည်ကို ရောက်ရှိလာသည်။ “မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အလေးအနက် တိုက်တွန်းဖို့အတွက် မြန်မာပြည်ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်” ဟုကြိုတင် ကြေညာခဲ့သည့်အတိုင်း ဇူလိုင်လ ၃၊ ၄ ရက်နေ့တို့တွင် မြန်မာနိုင်ငံ၌ နေထိုင်သွားမည်ဟု ယမန်နေ့ကထုတ်ပြန်သော UN Press Review တွင်ဖေါ်ပြထားသည်။

ဘန်ကီမွန်းနှင့်ဗိုလ်ချုပ်မှူးကြီးယမန်နှစ်ကတွေ့ဆုံခဲ့ကြစဉ်(23 May 2008)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ဂျာမနီမှ DPA သတင်းတစ်ရပ်ကို ကိုးကားပြီး ယမန်နေ့ကထုတ်ပြန်သော ယင်း UN Press Review တွင်ဖေါ်ပြပါရှိပါသည်။ တိုကျို၌ မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောကြားခဲ့စဉ် “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြန်မာဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် တိုက်တွန်းသွားမယ်” ဟုဆိုခဲ့ပါသည်။

ဘယ်လဂျီယံမှ De Morgen သတင်းတစ်ရပ်တွင် “မစ္စတာဘန်ဟာ အံ့သြစရာကောင်းလောက်အောင် စွမ်းနိုင် လိမ့်မယ်လို့တော့ မမျှော်လင့်ပါဘူး”ဟု မှတ်ချက်ပြုထားပါသည်။ စစ်အစိုးရအဖွဲ့ကိုသာ အကျိုးအမြတ်ဖြစ်စေ
မည်ဟု သံသယ ရှိနေကြသူအလွန်များကြောင်း ထိုသတင်းတွင်ထပ်မံ သုံးသပ်ထားပြန်သည်။

မစ္စတာ ဘန်ကီမွန်းသည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးတွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးသည်။ မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို လာရောက်နိုင်ရန်အတွက် မစ္စတာ ဂန်ဘာရီ၏ အစီရင်ခံစာအပေါ် မူတည်ခဲ့သည်ဟု သတင်းဌာနများက ယူဆထားကြပါသည်။ AFP သတင်းဖေါ် ပြမှုတစ်ရပ်တွင် မစ္စတာဘန်သည် မြန်မာအာဏာပိုင်တို့၏ တရားဝင် ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သည်ဟု ဖေါ်ပြထားသည်။

AFP သတင်းရေးသားချက်တစ်ရပ်တွင် ဘန်၏ခရီးစဉ်သည် “မသေချာမှုတွေကြားထဲက စွန့်စားမှုတစ်ခု” ဟု သုံးသပ်ထားပါသည်။ မစ္စတာဘန်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ထိရောက်စွာ မဆောင် ရွက်နိုင်ခဲ့လျှင် အလွန်ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်သာဖြစ်ကြောင်း လွန်ခဲ့သည့်ကြာသပတေးနေ့ AFP သတင်း တွင် သုံးသပ်ချက်များကို ထုတ်လွှင့်ခဲ့သည်။
Rest of your post

No comments:

 

Downtamun template | DOWNTAMUN