Wednesday, July 1, 2009

ပြည်သူ့ အရေးထက် သတ္တုရေးခက်နေကြတဲ့ နောက်

စစ်အစိုးရ၏ သတ္တုတူးဖော်ရေးစီမံကိန်းကြောင့် ပြည်သူ့အိုးအိမ် (၇) ထောင်ကျော် ပျက်စီးဆုံးရှုံးကိန်းဆိုက်ဝီရ / ၃၀ ဇွန် ၂၀၀၉(ခေတ်ပြိုင်)
နအဖစစ်အစိုးရက ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအလယ်ပိုင်း တောင်ကြီးမြို့အနီး(၈) မိုင်ပတ်လည် ကျယ်ပြန့်သော ပင်းပက်တောင်ကြောတခုလုံးအား သတ္တုရိုင်း တူးဖော်ထုတ်လုပ်မည့် စီမံကိန်းကြောင့် ထိုဒေသရှိ ပြည်သူ (၇) ထောင်ကျော်၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးရလိမ့်မည်ဟု ပအိုးဝ်လူငယ်အစည်းအရုံးက ပြောဆိုသည်။

“ဒီပင်းပက်တောင် သတ္တုတွင်း တူးဖော်တဲ့စီမံကိန်းကြောင့် ပြည်သူတွေရဲ့စိုက်ပျိုးမြေ ဧက (၁) သောင်းကျော် အသိမ်းခံလိုက်ရတယ်။ လူဦးရေ (၇) ထောင်ကျော် ရွှေ့ပြောင်းခံရတော့မယ်။ မြေယာ အသိမ်းခံရတဲ့သူတွေကိုလည်း လုံလောက်တဲ့ နစ်နာကြေးမျိုး ပေးတာမဟုတ်ဘူး။ ၂၀၀၆ ခုနှစ်အစပိုင်းက အသိမ်းခံလိုက်ရတဲ့ မြေယာတွေကို လျော်ကြေးအနေနဲ့ ကျပ် (၁) သိန်းကနေ (၂) သိန်းပေးပြီး ပြန်လည် နေရာချပေးထားတာလည်း မရှိခဲ့ဘူး။ ဒီ ၂၀၀၈ နောက်ပိုင်းက မြေယာ အသိမ်းခံလိုက်ရတဲ့ ပြည်သူတွေက ဘာလျော်ကြေးမှလည်း မခံစားရဘူး။ နောက်ပြီး အဲဒီဒေသက ပြည်သူတွေကို မြေယာသိမ်းတဲ့အကြောင်းတို့၊ စီမံကိန်းအကြောင်းတို့ကို အသိပေးတာလည်း မရှိခဲ့ပါဘူး” ဟု ပအိုးဝ်လူငယ်အစည်းအရုံး (PYO) မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ချန်ကီက ပြောကြားသည်။

ပအိုးဝ်လူငယ်အစည်းအရုံးက အဆိုပါပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းနှင့်ပတ်သက်၍ (၃) နှစ်ကြာ လေ့လာစစ်တမ်းကောက်ယူပြီး ယင်းစီမံကိန်းကြောင့် ထိုဒေသတဝိုက်ရှိ ပအိုးဝ်ပြည်သူတို့၏ အိုးအိမ် ဆုံးရှုံးနစ်နာမှု များအား ဖော်ပြထားသည့် “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” ဟူသော အစီရင်ခံစာအား ဇွန်လ (၂၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ခွန်ချန်ကီက “အဲဒီဒေသက စစ်တပ်အာဏာပိုင်တွေ မြေယာသိမ်းနေတာလည်း (၂) မျိုးရှိတယ်။ ကိုယ့်မြေယာမှာ အဝါရောင်အလံ လာစိုက်ထားရင် မြေယာကို သိမ်းပိုက်ပြီးသားဆိုတဲ့ သဘောပဲ။ ဒါပေမယ့် ကိုယ့်မြေယာပေါ်မှာ ဆက်ပြီး လုပ်ကိုင်ခွင့်၊ စိုက်ပျိုးခွင့်တော့ ရှိသေးတယ်။ အနီရောင်အလံ လာစိုက်ထားပြီးဆိုရင်တော့ အပြီးအပိုင် သိမ်းလိုက်ပြီဆိုတဲ့သဘောပဲ။ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူး။ တခါတည်း အခြားနေရာ ရွှေ့ပြောင်းတော့ပေါ့။ အဲဒါ အာဏာပိုင်တွေ လာအသိပေးတဲ့နည်းလမ်းပဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၂၀၀၆ ခုနှစ်က တဖန်စတင်ခဲ့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သတ္တုရိုင်းသိုက်ကြီး ဖြစ်သည့် ပင်းပက်တောင် သတ္တုတွင်း တူးဖော်ရေးစီမံကိန်းကို စစ်အစိုးရက ရုရှားနိုင်ငံပိုင် Tyazhpromexport အမည်ရှိ ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်မည်ဖြစ်သည်။ အုတ်နံရံနှစ်ထပ်၊ သံဆူးကြိုးတထပ် ကာရံထားပြီး မြေအောက်ဥမင်များ ရှိသည့် သံရည်ကျိုစက်ရုံတရုံလည်း တည်ဆောက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်ရုံအတွက် ချောင်းရေကို သွယ်ယူအသုံးပြုနေခြင်းကြောင့် ယင်းစီမံကိန်းလွင်ပြည်တဝိုက်ရှိ သဘက်ချောင်း တလျှောက်နေ လူဦးရေ (၃၅,၀၀၀) ခန့်တို့သည် အသက်မွေးဝမ်းကျောင်းမှုအတွက် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိနေပြီး ယခုနှစ်တွင် ချောင်းရေလျော့နည်း နိမ့်ကျလာနေကြောင်း ခွန်ချန်ကီက ပြောသည်။

အဆိုပါ စီမံကိန်းတွင် လုပ်ဆောင်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းရပ်စဲသင့်ပြီး လူမှုရေးဆိုင်ရာ ဆိုးကျိုးသက် ရောက်မှုကို စနစ်တကျထိန်းသိမ်းပြုပြင်ပေးရန် ပအိုးဝ်လူငယ်အစည်းအရုံးက တောင်းဆိုထားသည်။

“နိုင်ငံတကာအင်အားစုတွေအနေနဲ့ အခုလို ရွှေ့ပြောင်းခံရသူတွေကို လုံလောက်တဲ့၊ တရားမျှတတဲ့ နစ်နာကြေး ရရှိနိုင်အောင် ဆောင်ရွက်ပေးကြဖို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် လူမှုဘဝတွေ ဆိုးကျိုးတွေ သက်ရောက်နေတာကို အနီးကပ် စောင့်ကြည့်လေ့လာပေးကြဖို့၊ ဒီစီမံကိန်းကို ရပ်ဆိုင်းထားဖို့ နအဖကို တောင်းဆိုလိုက်ပါတယ်” ဟု ခွန်ချန်ကီက ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN