Saturday, July 4, 2009

ခွဲတမ်းချခံရတဲ့ ဘဝ

စစ်သင်တန်းတက်ရန် ရွာသားများကို ခွဲတမ်းစနစ်ဖြင့် ခေါ်ယူနေ Friday, 03 July 2009 16:54 ဉာဏ်မောင်
စစ်အစိုးရအာဏာပိုင်များက ပြည်သူ့စစ်သင်တန်းတက်ရန်အတွက် ရွာသားများကို ခွဲတမ်းစနစ်ဖြင့် ခေါ်ယူနေပြီး စစ်သင်တန်းကုန်ကျစရိတ်အတွက် အိမ်ထောင်စုအလိုက် တောင်းခံနေခြင်းကြောင့် ဒေသခံများ ဒုက္ခရောက်နေရသည်။

ပြီးခဲ့သည့်လမှ စတင်ကာ မန္တလေးတိုင်း၊ မိထ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအားလုံးတွင် တအုပ်စုလျှင် လူ ၂၀ ဦး မဖြစ်မနေ သင်တန်းတက်ရမည်ဖြစ်ပြီး အဆိုပါ သင်တန်းသားများကို ထောက်ပံ့ရန် တအိမ်ထောင်လျှင် ငွေ ၂,၀၀၀ ကျပ်စီ တောင်းယူနေကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

"ကိုယ့်ထမင်းထုပ်နဲ့ကိုယ် တက်ရမှာ၊ သင်တန်းတက်မဲ့သူတွေကို ငွေ ၁,၅၀၀ ထောက်ပံ့မယ်လဲ ပြောတယ်၊ တချို့ရွာတွေဆို မလိုက်ချင်ကြလို့ မဲနှိုက်နေတာ၊ ကိုယ့်စားဝတ်နေရေးကလဲရှိတော့ ဘယ်သူမှမလိုက်ချင်ကြဘူး၊ မတက်လို့လဲမရဖြစ်နေတယ်" ဟု ဒေသခံရွာသားတဦးက ပြောသည်။

အဆိုပါ စစ်သင်တန်းတက်ရမည့် ရက်ကို အတိကျမသိရသေးသော်လည်း ပျဉ်သာကျေးရွာ ဘောလုံးကွင်းတွင်ပြုလုပ်ရန် ပြင်ဆင်မှုများ လုပ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

"သူတို့ဘက်ကတော့ သင်တန်းအတွက် အကုန်ပြင်ဆင်ထားတယ်၊ ရွာသားတွေကလဲ ဘယ်သူမှ မကျေနပ်ကြဘူး၊ တောသူတောင်သားဆိုတာ ကိုယ့်စိုက်ပျိုးရေးအလုပ်ပဲ လုပ်ချင်တာ၊ ဒီကြားထဲ ပိုက်ဆံကလဲ မထည့်မနေရဆိုတော့ ထည့်ပေးနေရတယ်၊ တခြား တောင်းတာတွေလဲရှိတယ်" ဟု ရွာသားက ဆက်ပြောသည်။

ထို့အပြင် ကျေးရွာများတွင် တမာစေ့နှင့် ကြက်ဆူစေ့များကိုလည်း အိမ်ထောင်စုအလိုက် ခွဲတမ်းချ ကောက်ယူနေသည်ကိုလည်း မဖြစ်မနေ ပေးနေရကြောင်း ၎င်းက ပြောသည်။

"တမာစေ့နဲ့ ကြက်ဆူစေ့တွေ တောင်းတာက အုပ်စုကြီးရင် တအိမ်ထောင် တမာစေ့ လေးဗူး၊ ကြက်ဆူသုံးဘူး၊ အုပ်စုသေးရင် တမာစေ့တပြည်နဲ့ ကြက်ဆူလေးဗူး ပေးနေရတယ်၊ ရွာသားတွေက ငွေပေးဝယ်တယ်ဆို ရောင်းချင်ရောင်းမှာပေါ့၊ အခုလိုတောင်းတာကျတော့ ဘယ်သူမှမပေးချင်ကြဘူး" ဟု ပြောသည်။

မိထ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စုရှိပြီး ရှောက်ပင်၊ ရွှေတောင်၊ ကြင်နူး၊ မောင်းလောက်၊ သဲတော၊ ညောင်မြင့်၊ ရွာသာ ကျေးရွာအုပ်စုများတွင် သင်တန်းတက်ရန် ရွာသားများ ရွေးချယ်ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် နှစ်အတွင်းမှစတင်ကာ မြန်မာပြည်အနှံ့အပြားရှိ ကျေးရွာများမှ လူငယ်များကို ပြည်သူ့စစ်သင်တန်းများ အတင်းအကြပ် ဖိအားပေး တက်ရောက်ခိုင်းခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN