Friday, July 3, 2009

နီနီ ၀ါဝါ ပြာပြာ

နအဖတပ်ရင်းမှူး၏အမိန့် အပစ်ရပ်အဖွဲ့များ မလိုက်နာ NEJ / ၂ ဇူလိုင် ၂၀၀၉
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ် နှစ်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နယ်မြေခံ နအဖ တပ်ရင်းမှူး ချမှတ်ထားသည့် ကန့်သတ်မှုများအား ယင်းဒေသအခြေစိုက် အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများက လိုက်နာခြင်း မရှိဘဲ ငြင်းဆန်နေကြကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး နောက်တရက် ဇွန် (၂၉) ၌ ခလရ (၃၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခင်ဇော်က အပစ်ရပ်အဖွဲ့များ အား ခေါ်တွေ့ကာ မည်သည့်အဖွဲ့အစည်းဟု ခွဲခြားရန် လွယ်ကူစေရေး အကြောင်းပြကာ အလံ (သို့မဟုတ်) အရောင်များဖြင့် ခွဲခြား၍ သေနတ်တိုင်းတွင် တပ်ဆင်ထားကြရန် အမိန့်ပေးခဲ့သည်။

အပစ်ရပ်အဖွဲ့အစည်းများကမူ ဇူလိုင် (၂) ရက် ယနေ့အထိ ယင်းအမိန့်အတိုင်း လိုက်ပါဆောင်ရွက်ခြင်း မရှိကြချေ။

ယင်းဒေသတွင် တာဝန်ကျနေသည့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တဦးက “ဒါ မတရားသဖြင့် သက်သက်လုပ်ခိုင်းတာဖြစ်လို့ ကျနော်တို့ မလိုက်နာတာပါ။ ဒီအကြောင်းကို ကျနော်တို့လည်း အထက်ကို တင်ပြထားတယ်။ ဒီဗုံးကွဲတဲ့ကိစ္စကြောင့်နဲ့ သေနတ်ဒင်တွေမှာ အလံတို့၊ ဆေးသုတ်တာတို့ လုပ်ဖို့အထိ မလိုအပ်ဘူး ထင်လို့ပါ။ အခြား ဒီကေဘီအေတို့၊ ကေပီအက်ဖ်တို့ ကလည်း လိုက်မလုပ်ကြဘူးလို့ ကြားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အလံအရောင်များအနေဖြင့် မွန်ပြည်သစ်ပါတီအား အနီရောင်၊ ဒီကေဘီအေအား အဝါရောင်နှင့် ကေပီအက်ဖ်အဖွဲ့အား အပြာရောင်အလံများ (သို့မဟုတ်) သေနတ်ဒင်များတွင် အရောင်ခြယ်ထားရန် အဆိုပါနယ်မြေခံ နအဖတပ်ရင်းမှူးက အမိန့်ပေးထားကြောင်း မွန်ပြည်သစ်ပါတီအဖွဲ့ဝင်ဖြစ်သူက ဆက်လက်ပြောကြားသည်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်အစိုးရ၏ လက်နက်ကြီးတပ်ဖွဲ့တဖွဲ့ဖြစ်သည့် ခမရ (၃၅၆) သည် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာပြီး အပစ်ရပ်အဖွဲ့အစည်းတို့ကလည်း မိမိတို့သွားလာရေးအတွက် လုံခြုံရေးများ အပြည့်ချထားကြောင်း အပစ်ရပ်အဖွဲ့အစည်းများထံမှ သိရသည်။

၂၀၀၉ ခု ဇွန် (၂၈ ) ရက် ည (၈) နာရီဝန်းကျင်တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် (၃) နှင့် (၄) တွင် ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုသည် မည်သူ့လုပ်ရပ်ဖြစ်ကြောင်း နအဖစစ်တပ်က ဖော်ထုတ်ပေးခြင်းမရှိသေးသော်လည်း လုံခြုံရေး အကြောင်းပြကာ ဗုံးပေါက်ကွဲရာ ဥဒေါင်းကန်လမ်းတလျှောက်ကို ညပိုင်းတွင် နအဖစစ်တပ်မှအပ မည်သူ့ကိုမျှ ဖြတ်သန်းခွင့် မပြုခဲ့ပေ။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN