Tuesday, June 16, 2009

H1 N1 လောက်တော့ ဗမာပြည် မှာ အပျော့ 

ဝက်များ တုပ်ကွေးဖြစ်လျှင် စိုးရိမ်စရာမလိုဟုဆို
Tuesday, 16 June 2009 16:57 ကြည်ဝေ
မြန်မာနိုင်ငံတွင် H1 N1 တုပ်ကွေးဖြစ်ပွားပါက ၀က်များအား ရှင်းလင်းပစ်ရန် မလိုအပ်ဘဲ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် ကုသပျောက်ကင်း နိုင်သည်ဟု မွေးမြူရေးနှင့် ထုတ်လုပ်ရေး အသင်းက မွေးမြူရေး လုပ်ငန်း ရှင်များကို ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

[ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကျောင်းသားတချို့တွင် H1 N1 ရောဂါပိုး တွေ့ရသဖြင့် တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် ဇွန် ၁၅ ရက်နေ့က ကျောင်းသူ ကျောင်းသားများကို စစ်ဆေးပေးနေစဉ် (ဓာတ်ပုံ - အေပီ)]

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကျောင်းသားတချို့တွင် H1 N1 ရောဂါပိုး တွေ့ရသဖြင့် တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့် ဇွန် ၁၅ ရက်နေ့က ကျောင်းသူ ကျောင်းသားများကို စစ်ဆေးပေးနေစဉ် (ဓာတ်ပုံ - အေပီ)
ဝက်များတွင်ဖြစ်ပွားသော H1 N1 တုပ်ကွေးပိုးကို တခြားနိုင်ငံကြီးများတွင် တွေ့ရှိသော်လည်း မြန်မာနိုင်ငံ၌ မတွေ့ရှိရသေးကြောင်း၊ ဖြစ်ပွားခဲ့လျှင်လည်း အဆိုပါ ၀က်ကို သီးသန့်အခန်းတွင် ထားပြီး တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် ကုသပါက ပျောက်ကင်းကောင်းမွန်နိုင်ကြောင်း မွေးမြူရေးနှင့် ထုတ်လုပ်ရေးအသင်း ဥက္ကဌ ဦး လှိုင်မြင့်ဦးက ဇွန်လ ဒုတိယပတ်အတွင်း ပြောဆိုခဲ့သည်။

“၀က်တကောင်ရဲ့ တန်ဖိုးကလည်း မနည်းတော့ ၀က်ကို ဘယ်သူမှ ဆုံးရှုံးခံချင်မှာ မဟုတ်တဲ့အတွက် တုပ်ကွေး ဖြစ်တဲ့ ၀က်ကို သီးသန့်ခန်းထဲမှာ ထားပြီး ကုသပေးရင် ပြန်ကောင်းလာမယ်။ ကောင်းသွားမှ ပြန်မွေးလို့ရတယ်။ ၀က်သားကို သေချာ ချက်ပြုတ်စားရင်လည်း ၀က်တုပ်ကွေးရောဂါ လူကို မကူးနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

ဝက်တုပ်ကွေးသတင်းများ ထွက်ပေါ်လာသည့်အတွက် ဈေးကွက်အတွင်း ၀က်သားရောင်းအား ကျဆင်းသွားခဲ့ပြီး ၀က်မွေးမြူရေးလုပ်ငန်းရှင်များလည်း ထိခိုက်မှုများရှိလာကြောင်း၊ စားသုံးသူများမှာ ၀က်သားစားသုံးမှု အပေါ်တွင်
သံသယဖြစ်နေပြီး မွေးမြူသူများကလည်း H1 N1 တုပ်ကွေးဖြစ်လာမည်ကို ကြောက်ရွံ့နေကြကြောင်း၊ တချို့ ခြံများတွင် ရာသီအလိုက် ၀က်များ နေမကောင်းဖြစ်ကြသည်ကို တွေ့ရသည့်အတွက် မွေးမြူရေးနှင့် ထုတ်လုပ်ရေး အသင်းက မွေးမြူရေးလုပ်ငန်းရှင်များကို ထုတ်ပြန် ပြောဆိုခြင်းဖြစ်သည်ဟု သိရှိရသည်။

Flower News ဂျာနယ် အတွဲ ၅၊ အမှတ် ၂၂ တွင်လည်း H1 N1 တုပ်ကွေးဖြစ်ပွားပါက “မြန်မာနိုင်ငံရှိ ၀က်များကို သုတ်သင်ပစ်ရန်မလိုဘဲ ဆေးကုသရုံဖြင့် ပျောက်ကင်းနိုင်” ဟူသောခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့သည်။

အဆိုပါ သတင်းတွင်လည်း ဦးလှိုင်မြင့်ဦးက ၀က်၌ အသက်ရှူလမ်းကြောင်းနှင့်ပတ်သက်သော ရောဂါများ၊ H1 N1 တုပ်ကွေးရောဂါနှင့် ချောင်းဆိုးခြင်းများ ဖြစ်ပွားခဲ့လျှင် သုတ်သင်ရှင်းလင်းရန် မလိုအပ်ဘဲ တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် တပတ်ခန့် ကုသပေးပါက ကောင်းမွန်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ရေးသားဖော်ပြ ထားသည်။

“ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် ၀က်တုပ်ကွေးကို အရမ်းသတိထားနေချိန်မှာ ဦးလှိုင်မြင့်ဦးအနေနဲ့ အဲဒီလို လက်လွတ်စပယ်ပြောတာ ဆိုတာမျိုး မလုပ်သင့်ဘူး။ ဒီက အခြေအနေက ၀က်တုပ်ကွေးကို ကုသနိုင်ဖို့ မပြောနဲ့ ဖြစ်နေတယ် ဆိုတာတောင် သိနိုင်တဲ့ အခြေအနေမရှိဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ တဦးက ဆိုသည်။

မင်္ဂလာဒုံ၊ ပျဉ်းမပင် ၀က်မွေးမြူရေးခြံများအပါအ၀င် ရန်ကုန်တိုင်းအတွင်းရှိ ၀က်မွေးမြူရေး ခြံတချို့ရှိဝက်များတွင် ယခုအခါ မိုးရာသီနှင့်ဆောင်းရာသီများတွင် ဖြစ်ပွားလေ့ရှိသော နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း စသည့် တုပ်ကွေး လက္ခဏာကို တွေ့မြင်ရသော်လည်း ထိုရောဂါကို H1 N1 တုပ်ကွေး ရောဂါ ဟု ပြောဆိုရန် ခက်ခဲ ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတဦးက ပြောဆိုသည်။

“ရာသီကြောင့် ဖြစ်တယ်လို့ပဲ ပြောလို့ရမယ်ထင်တယ်။ ၀က်တွေ ဖျားကြတယ်၊ တုပ်ကွေး လက္ခဏာလည်း တွေ့ရတယ်။ အဲဒီလို ပြောရင် လူတွေ အထိတ်တလန့် ဖြစ်မှာ စိုးရိမ်တာကြောင့် သာမန်ဖျားတာလို့ပဲ
ပြောရမယ်ထင်တယ်” ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဆရာဝန်တဦးက ပြောဆိုသည်။

ရောဂါဖြစ်နေသည့် ၀က်ကို ၎င်းဌာနမှ ဂရုတစိုက် သွားရောက်ကြည့်ပေးပြီး ထိုဝက်များကို ဈေးထဲတွင် ချမရောင်းရန်နှင့် အသားမပေါ်ရန် ဌာနက တားမြစ်ထားသည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် မေလအတွင်း ၀က်တုပ်ကွေးကြောင့်သေဆုံးခဲ့သောလူ ၂၀ ၀န်းကျင်ခန့်ရှိကြောင်း မြောက် ဥက္ကလာပ ဆေးရုံကြီးနှင့် ရန်ကုန်ဆေးရုံကြီးနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ကြားသိခဲ့ရသော်လည်း အစိုးရက သတင်း ထုတ်ပြန်ခဲ့ခြင်း မရှိသကဲ့သို့ မီဒီယာများကလည်း အတည်ပြုနိုင်ခြင်း မရှိ သေးကြောင်း သိရသည်။

ဝက်တုပ်ကွေး သတင်းများ စတင်ကြားရစဉ်က ၀က်သား စားသုံးမှု လျော့ကျသွားသော်လည်း ယခုအခါ ပုံမှန်အတိုင်း ပြန်လည် စားသုံးနေကြပြီဖြစ်ကြောင်း တာမွေဈေးမှ ၀က်သားအရောင်းဆိုင် တဆိုင်ကဆိုသည်။

“အရင် သတင်းကြားခါစကတော့ ရောင်းအားနည်းနည်းကျတယ်။ နားလည်တဲ့ သူတွေလောက်ပဲ အစား လျော့သွားတာ။ ၀က်သား ဈေးကျလို့ဆိုပြီး စားကြတဲ့သူတွေရှိတော့ ဈေးကွက်ကို သိပ်မထိခိုက်လိုက်ပါဘူး။ ဘာမှ မဖြစ်တော့လည်း လူတွေက ပြန်စားနေကြပြီပဲ။ ရောင်းအားရော ဈေးရော ပုံမှန်ပြန်ဖြစ်နေပြီ” ဟု အဆိုပါ အရောင်းဆိုင်က ဆိုသည်။

H1 N1 တုပ်ကွေးသည် ယမန်နေ့ကအထိ ကမ္ဘာ့နိုင်ငံပေါင်း ၇၆ နိုင်ငံသို့ ပျံနှံ့ခဲ့ပြီး လူ ၃၀၀၀၀ ကျော်သို့ ကူးစက်ခဲ့ကာ သေဆုံးသူ ၁၆၃ ဦးရှိပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကဖော်ပြ ထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းတွင်လည်း ယမန်နေ့ကအထိ ကူးစက်ခံရသူ ၂၀၁ ဦးရှိနေပြီ ဖြစ်ပြီး ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ရောဂါကူးစက်သူဦးရေ ၃၀၀ နှင့် ၄၀၀ ကြားတွင် ရှိနေကြောင်း သိရ သည်။

ဇွန်လ ၁၁ ရက်နေ့အထိ တောင်ကိုရီးယားတွင် H1 N1 တုပ်ကွေး ကူးစက်သူ ၅၆ ဦးရှိပြီး ဗီယက်နမ်တွင်လည်း ၂၀ ဦးရှိနေပြီဟု ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ၀က်ကောင်ရေ ၇ သန်းခန့် ရှိသော်လည်း H1 N1 တုပ်ကွေးဖြစ်ပွားသည်ကို မတွေ့ရသေး ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ပြန် ကြေညာ ထားသည်။

“ကြက်တုပ်ကွေးတုန်းကလည်း မရှိဘူးလို့ အရင်ပြောတာပဲ၊ နောက်မှ ၀န်ခံတဲ့ သာဓက တွေလည်း ရှိတော့ ၀က်တုပ်ကွေးသတင်း ကြားကတည်းက အိမ်မှာ ၀က်သား မစားခိုင်းတော့ဘူး။ ဘယ်လိုပဲ ပြောပြော သူတို့ကို မယုံဘူး။ သတင်းထုတ်ပြန်တာလည်း မရှိတော့ ခုကိစ္စမှာလည်း ကိုယ့်ဘာသာကိုယ်ပဲ ကာကွယ် ရမယ် ထင်တယ်” ဟု ရန်ကုန်တွင် နေထိုင်သည့် ရှေ့နေတဦးက ပြောဆိုသည်။

ယခုကဲ့သို့ ၀က်တုပ်ကွေးမရှိကြောင်း ကြေညာနေခြင်းမှာ ပြည်ပပို့ကုန်လုပ်ငန်း ထိခိုက်မည်ကို စိုးရိမ် သောကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ရှေ့နေက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံမှ ဝက်များကို နယ်စပ်လမ်းကြောင်းများမှ တဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသသို့ အဓိကတင်ပို့လျက် ရှိပြီး ၂၀၀၈ -၂၀၀၉ ခုနှစ်အတွင်း ၁၂ တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ၀က်တုပ်ကွေး သတင်းများကြောင့် အိန္ဒိယသို့
တင်ပို့မှု လျော့ကျသွားခဲ့ကြောင်း၊ ယခုအခါ ပြန်လည်တင်ပို့ နေရပြီဖြစ်သော်လည်း ပုံမှန်မဖြစ်သေးကြောင်း၊ မေလတွင် ၀က် ၆၀၈ ကောင်ကို ၁၂ ကြိမ်ခွဲ၍ တင်ပို့နိုင်ခဲ့ပြီး ဇွန်လက ၁၄၂ ကောင်သာ တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးနှင့်ထုတ်လုပ်သူများအသင်း၏ စာရင်းဇယားများအရ သိရှိရသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN