Monday, June 15, 2009

အဆုံးသတ် ကံမြင့်ချိန် (ဖတ်သင့် ဗဟုသုတ ရယူသင့်တဲ့  တပ်မတော်အရာရှိ အဖြစ်အပျက်)

စာဖတ်ပရိသတ်များ ခင်ဗျား
တပ်မတော် အရာရှိ တစ်ဦးရဲ့  ကိုယ်တွေ့ ဖြစ်စဉ်နဲ့ အတွေးအမြင် တစ်ခုကလည်း ဗဟုသုတ ရစရာမို့ ဒီကနေ့မှာ စာဖတ်ပရိသတ်များအတွက် တင်ပြပေးလိုက်ပါတယ်။ ကိုယ်ပြုသမျှ ကံဟာ တစ်နေ့မှာတော့ ကိုယ့်ဆီသာ ပြန်လာစမြဲမို့ စစ်ခေါင်းဆောင်တွေ အနေနဲ့ အချိန်မှီ အမြင်မှန်တရား ရရှိကာ တိုင်းပြည် ကောင်းကျိုး ဆထက်တံပိုး ဆောင်ရွက်ဖို့ လိုကြောင်း ဆောင်းပါးရှင်က ဆန္ဒပြု ပေးပို့ လာခြင်း ဖြစ်ပါတယ်။ အခုလို ပေးပို့လာတဲ့ ဆောင်းပါးရှင် တပ်မတော် အရာရှိ သိုးထိန်းအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
အဆုံးသတ် ကံမြင့်ချိန်

ဆောင်းပါးရှင် - သိုးထိန်း (တပ်မတော် အရာရှိ တစ်ဦး)

ယနေ့ စစ်အစိုးရအုပ်ချုပ်သော စစ်အာဏာရှင် လက်အောက်မှ မြန်မာ ပြည်သူ ပြည်သား များသည် ကျီးလန့်စာစား ဘ၀ကို ရုန်းကန် ဖြတ်သန်းနေကြရသည်။ ခေတ်တစ်ခေတ်၏ မင်းကောင်း မင်းဆိုးအပေါ်တွင် အဓိက အကျိုးအမြတ် ခံစားနေရသည်မှာ ပြည်သူတွေသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ ပြည်သူများခမျာ မင်းဆိုးမင်းညစ်တွေကြားမှာသာ ကျင်လည်ကြီးပြင်း နေခဲ့ကြရသည်မှာ ကံဆိုးလှပေသည်။ ဘယ်သောအခါမှ မင်းကောင်း မင်းမြတ် ပေါ်မည်နည်း။ ယနေ့ခေတ် ကာလကတော့ဖြင့် မင်းဆိုးမင်းညစ်တို့၏ တန်ခိုးအာဏာ အကြီးထွားဆုံး အချိန်ကာလ ဖြစ်ပေသည်။

ပြည်သူတွေခမျာ တံတားဆောက်လို့ အိမ်ဖယ်ပေးလိုက်ရပြန်ပြီ။ တပ်မြေမို့လို့ လယ်တွေ၊ ယာတွေ အသိမ်းခံလိုက်ရပြန်ပြီ၊ မိရိုးဖလာ လုပ်လာသော လယ်မြေတွေကို ပိုင်ရှင်အတိအကျ မပြနိုင်၍ တပ်ပိုင် အသိမ်းခံ လိုက်ရပြန်ပြီ စသည်….စသည်ဖြင့် ဒုက္ခ တွေ ပင်လယ်ဝေကာ ပြည်သူတွေ အတိဒုက္ခ ရောက်ကြသည်မှာ သနားစရာပင် မြင်တွေ့နေရသည်။

အဲ့ဒီလို ဖြစ်စဉ်တွေအတွက် ဖြေသာစရာ အကြောင်းအရာလေးတစ်ခု မြန်မာပြည်သူများကို ပြောပြချင်သည်။ ယနေ့ စစ်အစိုးရလက်ထက်တွင် လူသားများသာ မဟုတ် နတ်ဒေ၀တာများပါ မကျန် နေစရာ နေရာမရှိသည်ကို ယုံကြည်မည် လားမသိ။ ပြည်သူတွေ အားမငယ်ကြပါနဲ့၊ နတ်ဒေ၀တာတွေပင် နေစရာ ခဏခဏ အသိမ်းခံရလို့ ပြဿနာတွေ ဖြစ်ခဲ့ဘူးပါသည်။

ယခုဖော်ပြမည့် ဖြစ်စဉ်လေးသည် ကျွန်တော် တက်ရောက်ခဲ့သော စစ်တက္ကသိုလ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်လေး ဖြစ်သည်။ ၎င်းဖြစ်စဉ်တွင် သိပ္ပံနည်းအရ လက်ခံဖွယ်ရာ မရှိသော သဘာဝလွန် ဖြစ်ရပ်များ ပါဝင်နေပေသည်။ ကျွန်တော်ကိုယ်တိုင်က စစ်သားလည်းဖြစ်၊ ယင်းသဘာဝလွန် ဖြစ်ရပ်များကိုလည်း မကြုံခဲ့ဖူး၍ မယုံကြည်ခဲ့ချေ။ သို့သော် ကိုယ်တိုင်ကြုံခဲ့ရသော ယင်းဖြစ်စဉ်လေးမှာတော့ ယုံရမလိုပင် ဖြစ်ခဲ့သည်ကို ၀န်ခံရပေမည်။

စစ်တက္ကသိုလ်သည် ယခင်က တပ်ရင်းတစ်ရင်းသာ ရှိသည်။ ကျွန်တော် စစ်တက္ကသိုလ်ရောက်တော့ တပ်ရင်း(၂)ရင်း ဖြစ်နေချေပြီ။ တပ်ရင်း(၁)နဲ့ တပ်ရင်း(၂)။ အသစ် တိုးချဲ့ထားသော တပ်ရင်း(၂)သည် ယခင်က တောအုပ်ကြီး၊ ၎င်းတောအုပ်ကြီးကို ခုတ်ထွင် ရှင်းလင်းပြီး တပ်ရင်း(၂) ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က တပ်ရင်း (၁)မှ ဖြစ်သည်။ ကျွန်တော် Final year ရောက်တော့ တပ်ရင်း(၃) ကို တိုးချဲ့ တည်ဆောက်သည်။ ၎င်းတပ်ရင်း(၃)သို့ ကျွန်တော် ပြောင်းရွှေ့ခဲ့ရသည်။

၎င်းတပ်ရင်း (၃) ရှိ ကျွန်တော်တို့ တပ်ခွဲနောက်တွင် “ရေကွက်” လေးတစ်ခု ရှိသည်။ ပေ ၂၀ သာသာ လောက် ရှိမည်။ ဘယ်က ဘယ်လို ရေထွက် နေသည် မသိ။ အပြင်ကို လျှံမသွား၊ ရေလည်းခမ်းမသွား ၎င်း “ရေကွက်” လေး၏ ဘေးတွင် သစ်ပင်ကြီးတစ်ပင် ရှိသည်။ ထိုသစ်ပင်ကြီး အောက်တွင် နတ်စင်လိုလို ခပ်ယိုင်နဲ့နဲ့လေး တစ်ခုပြုလုပ်ထားသည်။ ဘယ်သူက လာလုပ်သွားသည်မသိ။ သေချာတာကတော့ ကျွန်တော်တို့ တပ်ရင်း(၃)ကို ပြောင်းရွှေ့မလာခင်ကတည်းက ရှိနေသော နတ်စင် လေးဖြစ်သည်။

ကျွန်တော်တို့ Final year များကတော့ အယုံအကြည် သိပ်မရှိ။ ထမင်းစား တန်းဖြုတ်ပြီး အပေါ့သွားချင်သည် ဆိုပါစို့၊ အိမ်သာသို့ ၀င်မသွားတော့။ ၎င်းရေကွက်၏ အပေါ် လှေကားထစ်မှ “ရေကွက်” ထဲသို့ ကော့ကော့ပန်းကြသည်မှာ အကျင့်လို ဖြစ်နေသည်။ စားရိပ်သာနှင့် လမ်းသင့်၍ လည်းကောင်း၊ “ရေကွက်” ရေမျက်နှာပြင်နဲ့ ရူးရူးတို့ ထိတွေ့သွားသည့် ပလုံစီ အသံလေးကပင် နားထောင်ကောင်းသယောင်၊ ဒီကြားထဲ First year များကို အမှိုက်သွန်ခိုင်းလျှင် စီနီယာ ဗိုလ်လောင်းများ လစ်တာနဲ့ ၎င်းရေကွက်ထဲသို့ ပစ်ချကြသည်။ အမှိုက်ပုံသို့ မသွားကြ။ အမှိုက်ပုံက ဝေးသည်လေ။ ဒီလိုနဲ့ ရေကွက်ကလေးကို လုပ်ချင်သလို လုပ်နေကြရာ တစ်နေ့ တပ်ခွဲမှူးအရာရှိက ကျွန်တော်တို့ Final year များကို လာပြောလေသည်။

“၎င်းအား ညက ပိတ်ဖြူစင်ကြယ်နှင့် အဘိုးကြီးက အိပ်မက်လာပေးကြောင်း သူ့ရဲ့ ရေကွက်ထဲသို့ အမှိုက်တွေ ပစ်ကြောင်း၊ အပေါ့အလေး စွန့်ကြောင်း မင်းလူတွေ မင်းထိန်းလို့ ပြောသွားကြောင်း” ကျွန်တော်တို့ကို အကြားအမြင်ရ ပုဂ္ဂိုလ်တစ်ဦးပုံစံနဲ့ လာပြောလေသည်။ ကျွန်တော်တို့က ပြန်မပြောရဲ၍သာ ငြိမ်နေရသည်။ စစ်သားကို အိပ်မက်အကြောင်း လာပြောတော့ ကျွန်တော်တို့ နားထဲ ကန့်လန့်ကြီး ဖြစ်နေတာ သေချာသည်။ ဒါပေမဲ့လည်း ၎င်းဗိုလ်ကြီး စိတ်ကျေနပ်အောင် First year များ ရေကွက်ထဲသို့ အမှိုက်မပစ်ရန် တင်းကြပ်စွာ အမိန့်ထုတ် ပေးလိုက်ရတော့သည်။

သို့ပေမယ့် စစ်တက္ကသိုလ်မှာ ထိန်းမရဆုံးက Final year များဖြစ်ကြသည်။ ရေကွက်ထဲသို့ အပေါ့မသွားပါနဲ့ တောင်းပန်လည်းမရ၊ အပေါ့သွားမြဲ သွားသည်။ နောက်တပတ်လောက်လည်းကျရော တပ်ခွဲမှူးအရာရှိ ပြန်ရောက်လာပြီး ညက သူ့ကို အိပ်မက်ထဲမှာ လည်ပင်းလာညှစ်ကြောင်းပြောပြီး ပုဆိုးကို ခါးတောင်းကျိုက်၊ ပေါက်တူးတစ်လက်နဲ့ ရေကွက်ထဲဆင်းပြီး သန့်ရှင်းရေး လုပ်နေပါတော့သည်။ သူပြန်တော့ နတ်စင်လေးမှာ ဖယောင်းတိုင်နဲ့ ထမင်းတောင် ကပ်သွားလိုက်သေးသည်။ ၎င်းတပ်ခွဲမှူးကို ဘယ်လို ယုံကြည်ရမှန်းမသိ၊ စိတ္တဇဖြစ်နေပြီလားလို့တောင် ထင်လိုက်မိသည်။

ဒါပေမဲ့ ၎င်းအရာရှိ ကတော့ အပတ်စဉ်ပုံမှန် ၎င်းရေကွက်ကို သန့်ရှင်းရေးလာလုပ်သည်။ ကျွန်တော်တို့ ကတော့ နေ့စဉ်မှန်မှန် ရေကွက်ထဲ အပေါ့သွားသည်။ ဒီလိုနဲ့ တစ်ည First year ခန်းဘက်မှ ဆူဆူညံညံ အသံများ ကြားလိုက်ရသည်။ စစ်တက္ကသိုလ်တွင် ဂျူနီယာများ ဤကဲ့သို့ ဆူဆူ ညံညံလုပ်ဖို့ နေနေသာသာ စီနီယာရှေ့တွင် စကားပင် ပြောခွင့်မရှိ၊ ကျွန်တော်တို့ စိတ်အရမ်းတိုသွားသည်။

ဒါနဲ့ Final year ဗိုလ်လောင်းတွေ First year အခန်းထဲ ချက်ချင်း ထလိုက်ကြသည်။ First year က ပထမဆုံး ၀င်လာတဲ့ ဗိုလ်လောင်းတပ်ခွဲမှူးကို ပြေးထိုးပါတော့သည်။ ဗိုလ်လောင်းတပ်ခွဲမှူးခမျာ ဖင်ထိုင်ပါကျသည်။ ကျွန်တော်တို့လည်း စိတ်အရမ်းတိုကာ ၎င်း First year ဆီ ပြေးအ၀င်၊ ၎င်း First year ကလည်း တစ်ယောက်ပြီး တစ်ယောက် ဆင့်ဆင့်ထိုးလိုက်တာ အကုန်လုံး အကွဲကွဲ အ ပြဲပြဲ ဖြစ်ကုန်သည်။

အဲ့ဒီ First year ကို Second year ၁၀ယောက်လောက် ၀ိုင်းချုပ်တာတောင် ထိန်းလို့ သိမ်းလို့မရ၊ နောက်အသံနက် ကြီးနဲ့ ထအော်တော့သည်။ “မင်းတို့ အရာရှိကို သွားခေါ်တဲ့” ကျွန်တော်တို့လည်း အခြေအနေ မဟန်တာနဲ့ တပ်ခွဲမှူးအရာရှိကို သွားပြေးခေါ်ရသည်။ တပ်ခွဲမှူးအရာရှိရောက်လာပြီး သောင်းကျန်းနေတဲ့ First year ကို မြင်တယ်ဆိုရင်ဘဲ ချက်ချင်း လှည့်ပြေးပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင်ကို ပြေးခေါ်ပါတော့သည်။ သိပ်မကြာလိုက် တပ်ရင်းမှူး ရောက်ချလာသည်။ တပ်ရင်းမှူး ရောက်လာသည်အထိ First year ရဲ့ အခြေအနေကို မထိန်းသိမ်းနိုင်သေး။ ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပင်။

တပ်ရင်းမှူးကို မြင်သည်နှင့် First year က “ဟေ့ကောင်တွေ မင်းတို့ဟာက မလွန်ဘူးလားကွ ဟင်.. ငါ့ဘာသာငါ ဟိုဘက်မှာ နေတယ်” ဆိုပြီး လက်ညိုးလှမ်းထိုးပြတဲ့နေရာက ယခင်တောအုပ်ကြီးကို ရှင်းပြီး ဆောက်လုပ်ထားသောတပ်ရင်း(၂)၊ ပြီးတော့ ဆက်အော်ပြန်သည်။“မင်းတို့ရွှေ့ ဆိုလို့ ဒီဘက်ရွှေ့လာပြီးပြီ။ တခါထပ်ပြီး ကျူးကျော်လာပြန်ရော၊ တစ်ကောင်မှ လေးစားမှု မရှိဘူး၊ ငါ့ကို နေရာတစ်နေရာစာ အမြန်ပေးစမ်း” ဆိုပြီး အသံနက်ကြီးနဲ့ အားရပါးရ အော်ကာ ရပ်သွားတော့သည်။ အပ မီသလိုလို ဖြစ်နေသော First year လည်း အရုပ်ကြိုးပြတ် လဲကျသွားသည်။ ကျွန်တော်တို့မှာ အပမီသည်ဆိုလို့သာ သီးခံလိုက်ရသည်၊ ၎င်း First year ထိုးထည့်လိုက်သော ဗိုလ်လောင်းများမနဲ။

နောက်နေ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင် ကိုယ်တိုင် ပြန်တမ်းစာတခု ယူလာပြီး တပ်ခွဲ အနောက်ဘက်ရှိ အပင်က ရုက္ခစိုးကို အနောက်ဘက်က တောအုပ်ထဲသို့ ရွှေ့ပေးလိုက်ရသည်။

အဲဒီအဖြစ်အပျက်ကလေးသည် စစ်တက္ကသိုလ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်နှင့်တဆက်တည်း ရာဇ၀င်လေးတစ်ခုကို ပြောပြချင်သည်။ အနော်ရထာမင်းကြီး ဘုန်းတန်ခိုး လွန်စွာ ထက်မြက်နေသော အချိန်က သစ်ပင်စောင့် ရုက္ခစိုး နတ်တစ်ပါးကို ကျိန်ဖြင့် ရိုက်၍ အပြစ်ပေးဖူးသည် ဟူ၏။ အကြောင်းက အနော်ရထာမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ် သစ်ပင်စောင့်ရုက္ခစိုးက ခရီးဦးကြိုမပြု ဘဲ နေခဲ့သောကြောင့် ဟုဆို၏။

သို့ပေမဲ့ အနော်ရထာ ဘုန်းတန်ခိုး အာဏာယုတ်လျော့ လာသောအခါ ၎င်းကိုယ်တိုင် ကျိန်ဖြင့် ရိုက်၍ အပြစ်ပေးခဲ့သော ရုက္ခစိုးက ကျွဲယောင် ဖန်ဆင်း၍ အနော်ရထာမင်းအား ရန်ငြိုးထား ဝှေ့သတ်ခဲ့သည်ဟု ရာဇ၀င်များတွင် ကြားဖူး လေသည်။( ပါးစပ်ရာဇ၀င် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်)

၎င်းရာဇ၀င်လေးနှင့်ဆက်စပ်စွာ ယနေ့စစ်အာဏာရှင် လူတစ်စုသည် ဘုန်းတန်ခိုး အာဏာ အမြင့်ဆုံး အချိန်ကို ရောက်ရှိနေသည်မှာ သေချာလှသည်။ သို့သော်လည်း ကျွဲဝှေ့ခံရဖို့ အချိန်ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတာကိုလည်း စေတနာရှေ့ထား၍ သတိပေး နှိုးဆော်လိုက်ရခြင်း ဖြစ်ပါတော့သည်။

(စာကြွင်း။ ။ ကျွန်တော်တို့ စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဘွဲ့လွန်သင်တန်း တက်ရန် ပြင်ဦးလွင်သို့ ပြန်ရောက်သောအခါ ကျွန်တော်တို့ တပ်ခွဲနောက်မှ ရုက္ခစိုးအား နေရာရွေ့ပေးခဲ့သော တောအုပ်ကြီးတွင် တပ်ရင်းအသစ်တစ်ခု တိုးချဲ့နေသည်ကို တွေ့ခဲ့ ရပါသည်။)
http://www.photayokeking.org/ ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာမှ ကူးယူ သိမ်းဆည်းပါသည်။
Rest of your post

No comments:

 

Downtamun template | DOWNTAMUN