Monday, June 15, 2009

သန်းရွှေ ရဲ့ စစ်သောင်းကျန်းသူတွေ လုပ်ချင်ရာလုပ်နေပေါ့

ရသေ့တောင်မြို့နယ် ကျေးရွာ (၈) ရွာမှ စွန့်ပစ်ခြင်းခံရသူ စစ်သားမယား ၂၁၀ ဦးရှိ
6/14/2009
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ (၈) ရွာမှ စစ်သားများနှင့် လက်ထပ်ပြီး စစ်သားများ၏ စွန့်ပစ်ခြင်းကို ခံရ၍ မုဆိုးမ အဖြစ် ကျန်ရစ်ခဲ့သူ အမျိုးသမီး ၂၁၀ ဦး ရှိကြောင်း စာရင်းကောက်ယူ ထားသူ လူငယ်တဦးက ပြောသည်။

“ ကျွန်တော် ကျေးရွာ (၈) ရွာကို ဆင်းပြီး စာရင်း ကောက်ယူတဲ့အခါ စစ်သားတွေနဲ့ ညားပြီး စစ်သားတွေ ပြောင်းရွှေ့သွားတဲ့အခါ ယူမသွားဘဲ ကျန်ရစ်ခဲ့တဲ့ စစ်သားမယား အမျိုးသမီး ၂၁၀ ဦး ရှိပါတယ်။ အဲဒီအထဲမှာ ကလေးတွေရဲ့ စာရင်း မပါဝင် သေးပါဘူး။”

ကျန်ရစ်သူ စစ်သားမယား ၂၁၀ မှာ ရသေ့တောင်မြို့ မြောက်ဘက်တွင် တည်ရှိသော ကံပြင်၊ ဆည်ကန်၊ ခနှောင်းကြီး၊ တောင်လှမော်၊ ရွာသစ်ကေ၊ ငတောက်တူချေနှင့် ရသေ့တောင်မြို့ပေါ်မှ အရှေ့တောင်နှင့် အရှေ့မြောက် ရပ်ကွက်တို့မှ ဖြစ်ကြသည်။

အဆိုပါ စာရင်းမှာ ၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း စစ်သားများနှင့် အိမ်ထောင်ပြုပြီး ကျန်ရစ်သူ အမျိုးသမီးစာရင်း ဖြစ်သည်။

“ တချို့ကျေးရွာတွေမှာ ဆိုရင် မိဖတွေဟာ ဗဟုသုတ မရှိတဲ့ အတွက် သမီးတွေကို စစ်သား တွေနဲ့ မင်္ဂလာဆောင်တဲ့အခါ ဒေသ ဓလေ့အရ မင်္ဂလာဆောင်တာက ပိုများပါတယ်။ လက်ထပ် စာချုပ်မရှိဘူး။ အသိအမှတ်ပြု စာရွက် စာတန်းတွေလည်း မရှိဘူး။ စစ်သားတွေ တပ်ပြောင်းတဲ့အခါ သမီးတွေကို ယူမသွားတော့ တပ်ရင်းတွေမှာ သွားတိုင်ရင်လည်း အထောက်အထား မပြနိုင်တဲ့ အတွက် ဘာမှ တိုင်တန်းလို့ မရပါဘူး။ အများစုကတော့ ဆင်းရဲတဲ့ မိသားစုတွေ ဖြစ်ကြပါ တယ်” ဟု သူက ပြောသည်။

နအဖ စစ်အစိုးရမှ ၁၉၉၀ ခုနှစ် ၀န်းကျင်တွင် ခမရ ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း သုံးရင်းကို ရသေ့တောင်မြို့ မြောက်ဘက် တွင် အခြေစိုက် ချထားခဲ့သည်။

အဆိုပါ တပ်ရင်းများတွင် တာဝန်ကျလာသူ အများစုမှာ ဗမာ စစ်သားများ ဖြစ်ပြီး တာဝန်ကျစဉ် အတွင်း ဒေသခံ ရခိုင် အမျိုးသမီးများကို လက်ထပ်ယူပြီး တပ်ပြောင်းသောအခါ ယူမသွားသဖြင့် ယခုကဲ့သို့ ကျန်ရစ်ခဲ့ကြခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ ခုလို လုပ်တာမှာ အစိုးရက စီမံကိန်းတွေနဲ့ လုပ်ဆောင် နေတယ်ဆိုပြီး ဒေသခံ လူထုက တော့ အဲသလို ယုံကြည် နေကြပါတယ်။ ရသေ့တောင်မြို့နယ်မှာ သောင်းကျန်း သူလည်း မရှိဘူး။ အေးဆေးတည်ငြိမ်တဲ့ မြို့နယ် တခု ဖြစ်ပါတယ်။ အဲသလို တည်ငြိမ် အေးချမ်းတဲ့ မြို့မှာ စစ်တပ် တပ်ရင်း (၃) ခု လာပြီး တပ်စွဲပါတယ်။ သူတို့ တပ်ချမယ့် နေရာ တွေက လယ်တွေကို သိမ်းပါတယ်။ တောင်တွေကို သိမ်းပါတယ်။ မြစ်ချောင်း အင်းအိုင်တွေကို သိမ်းပါတယ်။ ကျွန်တော်တို့ အများစု ပြည်သူလူထုဟာ တောတောင်တွေ ချောင်းတွေကို မှီခိုပြီး လုပ်ကိုင်စားသောက်ကြသူတွေ ဖြစ်ပါ တယ်။ တောင်ကို ၀ါးခုတ် သစ်ခုတ်သွားရင် စစ်သားတွေ ပိုင်တဲ့တောင်ဆိုပြီး ဓါးတွေကို သိမ်း လူတွေကို ရိုက်ပုတ် ပါတယ်။ ချောင်းတွေ မြစ်တွေ ဆိုရင်လည်း သူတို့ပိုင်တဲ့ ချောင်းဆိုပြီး ငါးဖမ်း ခွင့်မရပါဘူး။ အဲသလို ဖြစ်လာတော့ အဲဒီဒေသက လူငယ်တွေဟာ မထူးဘူးဆိုပြီး ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေကို ထွက်ခွာသွားကြပါတယ်။ ရွာတွေမှာ ကျန်နေခဲ့တာက အမျိုးသမီးတွေဘဲ ဆိုတော့ အိမ်ထောင်ပြုမယ့် အရွယ်ရောက်လာတဲ့အခါ အနီးအနားမှာ ရှိတဲ့ ဗမာ စစ်သားတွေကိုဘဲ ယူကြရတာ ပါဘဲ။ ခုဆိုရင် ရခိုင်ပြည်နယ် အနှံ့အပြားမှာ စစ်သား မိန်းမ မရှိတဲ့ ရွာဆိုလို့ မရှိတော့ပါဘူး။ တချို့ စစ်သားတွေကျရင် သူတို့မိန်းမတွေကို ယူသွားပေမယ့် အများစုက ယူမသွားတဲ့ အတွက် ဗိုက်တလုံးနဲ့ ကျန်ခဲ့ကြရတဲ့ အမျိုးသမီးတွေက ပိုများပါတယ်။”

နအဖ စစ်အစိုးရသည် စစ်တပ် တပ်ရင်း (၆၀) နီးပါးအား ရခိုင်ပြည်နယ်တွင် တပ်စွဲ ချထားပြီး ရခိုင်ပြည်နယ်၏ နိုင်ငံရေး စီးပွားရေး လူမူရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကာ ဒီမိုကရေစီ နိုင်ငံ ဖြစ်လာပါက ရခိုင်လူမျိုးများ အနေဖြင့် ဖဆပလ ခေတ်က ကဲ့သို့ ခေါင်းမထောင်လာနိုင်အောင် နည်းမျိုးစုံဖြင့် ရခိုင်ပြည်နယ်အား မြေလှန် ဖျက်ဆီးပစ် နေသည်ဟု အမည်မဖေါ်လိုသူ ဆရာတော် တပါးက ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN