အင်္ဂါနေ့၊ 04 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
အပစ်ရပ်သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေနှင့် မျက်နှာချင်းဆိုင်ဒေသတ၀ိုက်အခြေချ တပ်စိုက်ကြ သည့် တပ်ရင်းမှူး၊ တပ်ခွဲမှူးများအား အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က အစည်းအဝေး ဆင့်ခေါ်ခဲ့သည်ဟု သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။
“သြဂတ်စ် ၂ ရက်နေ့တုန်းက လားရှိုးစစ်တိုင်းရုံးမှာ အစည်းအဝေးလုပ်တယ်။ တပ်ရင်းမှူး တပ်ခွဲမှူးတွေ ၈၀ လောက် တက်တယ်။ အထူးသဖြင့် အပစ်ရပ်မြောက်ပိုင်း SSA နဲ့ မျက်နှာချင်းဆိုင် ဒေသမှာစခန်းချကြတဲ့ တပ်မှူးတွေဆိုဘဲ။ မြို့နယ် စရဖ တပ်ဖွဲ့မှူး တွေလဲပါတယ်။ ”- ဟု စစ်တိုင်းရုံးအရာများနှင့် ၀င်ဆန့်သည့်အမည်မဖေါ်လိုသူတဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။
အစည်းအဝေးတွင် - အပစ်ရပ်များအပေါ်ထားရှိသည့် နည်းဗျူဟာသစ် ထပ်မံချမှတ်ကြောင်း၊ ဗိုလ်မွန်းဦးဆောင်သော (တန့်ယန်းမြို့နယ်) မန့်ပန်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့၊ လောဝ်မားဦးဆောင်သည့် (မိုင်းရယ်မြို့နယ်) မိုင်းဟဌာနေပြည်သူ့စစ် တပ်ဖွဲ့များအား နအဖ တပ်နှင့်အတူ အပစ်ရပ်နယ်မြေအတွင်း ထိုးဖေါက် စခန်းချခိုင်းရမည် ဖြစ်ကြောင်း၊ပြောဆိုမှာကြား ခဲ့သည်ဟုဆို၏။
“ပြည်သူ့စစ်တပ်ဖွဲ့တွေကို နယ်မြေချဲ့ထွင် ထိုးဖေါက်ခိုင်းမယ့်နေရာတွေကတော့ မိုင်းရယ်မြို့အရှေ့ တောင်ဘက်တ၀ိုက် နဲ့ တန့်ယန်းမြို့နယ် မိုင်းကောဝ် အရှေ့ဖက် သံလွင်မြစ်အနောက်ဖက်ကမ်းတလျှောက် - အပစ်ရပ် SSA - N တပ်မဟာ (၁) နယ်မြေထဲအထိလေ ”- ဟု ပြည်သူ့စစ်ခေါင်းပိုင်းနှင့် ရင်းနှီးသည့် ပုဂ္ဂိုလ်တဦးက ဆိုသည်။
ထို့အပြင် အပစ်ရပ် SSA မြောက်ပိုင်းထိန်းချုပ်နယ်မြေနှင့် မျက်နှာချင်းဆိုင်နယ်ခြားတလျှောက်၌ စစ်အစိုးရအင်အား ပိုမို ဖြည့်တင်း နေရာယူရမည်ဖြစ်ကြောင်း၊ စခန်းဟောင်းများလည်း ပြန်လည်မွမ်းမံပြင်ဆင် တပ်ချရမည်ဟုဆိုကြောင်း၊ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းရှူးမြို့နယ် မှ စရဖ အရာရှိများလည်း အပစ်ရပ်များအပေါ် မျက်ခြေမပြတ် စောင့်ကြည့်ရမည် ဖြစ် ကြောင်း - အစည်းအဝေး၌ မှာကြားသည်ဟုဆို၏။
အခြားတဖက်တွင်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်ကို ခေါင်းခါငြင်းဆန်သည့် တရုပ် နယ်စပ်အခြေစိုက် UWSA ၀ တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့ ၊ NDAA မိုင်းလားတပ်ဖွဲ့ ၊ NDAA ကချင်လွတ်လပ်ရေး တပ်မတော် ၊ KIA ဒီမိုကရေစီသစ် တပ်မတော် - ကချင် တပ်ဖွဲ့များ၏ နယ်ခြားတလျှောက် စစ်အစိုးရတပ် အင်အားတိုးချဲ့ ဖြည့်တင်းမှုများနှင့် တပြိုင်တည်း စိတ်ဓါတ်စစ်ဆင်ရေးနည်းလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေကြောင်း အပစ်ရပ်အဖွဲ့ များနှင့် အ၀င်အထွက်ရှိသည့် ကုန်သည်တဦးက - ဆိုသည်။
“ဒေသခံလူထုနဲ့ အပစ်ရပ်ဒေသအတွင်း သွားလာလှုပ်ရှား ရောင်းဝယ်နေတဲ့ ကုန်သည်တွေ၊ လောင်းကစားသမားတွေ ကတော့ ပုံမှန်ဘဲ၊ ကွန်လုံ၊ ဟိုပန်၊ ပန်လုံ ဖက်မှာရှိတဲ့ နအဖ ၀န်ထမ်းတွေကတော့ ‘တိုက်ပွဲဖြစ်လာရင် ပစ္စည်းတွေဘာတွေ သိမ်းဆည်းရွှေ့ပြောင်း လွယ်အောင် ပြင်ဆင်မှု မလုပ်ထားဘူးလား၊ ကျုပ်တို့တော့ အဆင့်သင့်ဖြစ်နေပြီ’ စတာတွေ တီးတိုးပြောနေတာကြားတယ်” - ဟုဆို၏။
အပစ်ရပ် SSA မြောက်ပိုင်းတပ်ဖွဲ့ထိန်းချုပ်နယ်မြေ အရှေ့ဘက်တလွှား (သံလွင်မြစ်အနောက်ဘက်ခြမ်း) ကား၊ ၀ ဒေသ အနောက်ဘက်ခြမ်း နှင့် ကပ်လျက်တည်ရှိသောကြောင့် အင်အားတောင့်တင်းသည့် ၀ တပ်ဖွဲ့အားထိုးစစ်ဆင် တိုက်ခိုက်လျှင် အပစ်ရပ် SSA မြောက်ပိုင်းတပ်ဖွဲ့လည်း စစ်အစိုးရအဘို့ အနှောင့်အယှက်ဖြစ်နေသဖြင့် SSA နယ်မြေအတွင်း ထိုးဖေါက် နေရာယူနိုင်ရန် အရေးကြီးသည်ဟု သုံးသပ်သူများ ပြောဆိုနေကြသည်။
Rest of your post
Wednesday, August 5, 2009
အပစ်ရပ်များအပေါ် ပိုမိုဖိအားပေး ထိန်းချုပ်ရန် ရပခ စစ်တိုင်းရုံး အရေးပေါ်စည်းဝေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment