ဆူဆူဆိုတာက ခမီး အမျိုးသမီးငယ်လေး တဦးဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်
တရွာလုံးမှာ အလှဆုံး ကွမ်းတောင်ကိုင်မလေး ဖြစ်ပါတယ်။ အသက်က ငယ်ငယ် အသားက
ဖြူဖွေးပြီး ချစ်စရာကောင်းသူမို့ သူမအပေါ် တရွာလုံးမှာရှိတဲ့ ကာလသားတွေက
ဝိုင်းဝန်း ပိုးပန်းကြပါတယ်။ သူမနေထိုင်ရာ ရန်အောင်မြင် ကျေးရွာဟာ
မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်နယ်ကျေးရွာ ကြိမ်ချောင်းနဲ့
ပါးနီးပါးစပ်မှာ ဖြစ်ပါတယ်။ အဲဒီရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက်နဲ့
သက်စတဲ့ လူမျိုးတွေ ရောပြွမ်းနေထိုင်ကြပြီး အိမ်ခြေ ၁၂၀ ကျော် ရှိပါတယ်။
အဲဒီရွာမှာ နေထိုင်တဲ့ လူတွေကတော့ ရခိုင်ဒေသရဲ့ ဓလေ့ ထုံးစံ အတိုင်း
လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဆူဆူရဲ့ မိဖ တွေလည်း
တောင်ယာလုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်းမှု ပြုသူများ ဖြစ်ကြပါတယ်။
ဆူဆူမှာ သူအထက်က အမ တဦးနဲ့ မောင်တဦး ရှိပါတယ်။ သူမဟာ စာလေးတန်းထိသာ
သင်ကြားခဲ့ပြီး မူလတန်း ကျောင်းပီးတာနဲ့ ပညာကို ဆက်လက် မသင်ကြားတော့ဘဲ
မိဖတွေရဲ့ အိမ်မှုလုပ်ငန်းတွေကို ကူညီ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဆူဆူတို့
နေထိုင်နေတဲ့ ရန်အောင်မြင်ကျေးရွာဟာ နည်းနည်း ချောင်ကျတာကြောင့်
စစ်အစိုးရ အာဏာပိုင်တွေနဲ့ စစ်သားတွေ ရံဖန် ရံခါ ရောက်တာက လွဲပြီး
ရက်ကြာကြာ တည်းခိုနေထိုင်တာ မရှိပါဘူး။ ခုလို စစ်အစိုးရ အာဏာပိုင်တွေ
အရောက်အပေါက် နည်းတဲ့အတွက်လည်း တရွာလုံးမှာ အလှဆုံး ဆူဆူဟာ အပျိုဖေါ်
ဝင်စမှာ အာဏာပိုင်တွေရဲ့ စက်ကွင်းထဲက လွတ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း
နောက်ပိုင်းမှာ ဆူဆူဟာ ရမ္မက်သားအာဏာပိုင်တွေရဲ့ စက်ကွင်းကို ကြာကြာ
မရှောင်တိမ်း နိုင်ခဲ့ပါဘူး။
------------------------------
တနေ့
၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးအပတ်ထဲက တနေ့ဖြစ်ပါတယ်။ အဲဒီိနေ့မှာ ဘီအီး
လို့ခေါ်တဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစုဟာ
ခြံစည်းရိုးစီမံကိန်း အတွက် ဆူဆူတို့ နေထိုင်ရာ ရန်အောင်မြင် ကျေးရွာကို
ရောက်လာခဲ့ပါတယ်။ ဗမာစစ်သားတွေရဲ့ "အိမ်ကြီးကြီး၊ ရေတွင်းနီးနီး၊
ဖင်ကြီးကြီး" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နဲ့ ပြည့်စုံတဲ့
ဆူဆူတို့ အိမ်ဘေးနားက အိမ်ကြီး တလုံးကို သူတို့ ရွှေးချယ်ပြီး
တည်းခိုကြပါတယ်။ တည်းခိုပြီး သိပ်မကြာခင်မှာဘဲ "အမေတို့ အဖေတို့
နေကောင်းကြပါသလား" ဆိုပြီး စစ်သားအုပ်စု တစုဟာ ဆူဆူတို့ အိမ်ကို ရောက်ရှိ
လာခဲ့ပါတယ်။ ဆူဆူကို မြင်တယ်ဆိုရင်ဘဲ စစ်သားတွေဟာ အကြောင်းမရှိ
အကြောင်းရှာပြီး ဆူဆူရဲ့ အဖေအမေနဲ့ အတင်း ၀င်ရောပါတော့တယ်။ ဆူဆူရဲ့
အဖေအမေကလည်း တောသူတောင်သားတွေ ဖြစ်တဲ့အတွက် စေတနာ ကောင်းတာက တကြောင်း
စစ်သားတွေကို ကြောက်တာက တကြောင်း အိမ်မှာရှိတဲ့ ပြောင်းဖူးက အစ
လဘက်ရည်အဆုံး ရှိရှိသမျှ စားစရာတွေနဲ့ စစ်သားတွေကို ကျွေးမွေး ဧည့်ခံ
ပါတော့တယ်။ စစ်သားတွေကလည်း မိမိ တည်းခိုနေရာကို ပြန်ဖို့ စိတ်မရ တော့ဘဲ
ဆူဆူရဲ့ အလှနဲ့ ကျွေးမွေးတဲ့ အစားအစာတွေကို အားရပါးရ လွေးကြပါတော့တယ်။
ကျွေးမွေးသမျှကို "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပြီး
စားကြတာကတော့ ငတ်နေတဲ့ တိုင်းပြည်ကလာတဲ့ လူတွေ အတိုင်းပါဘဲ။ ဆူဆူလည်း
မီးဖိုချောင်နဲ့ အိမ်ရှေ့ကွပ်ပျစ် ၀င်လိုက် ထွက်လိုက်နဲ့ စားစရာတွေကို
ကျွေးမွေးနေရတော့ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ စစ်သားတွေအထဲက
စစ်သားတဦးနဲ့ မျက်လုံးချင်း ဆုံမိကြပါတော့တယ်။ အဲဒီ စစ်သားရဲ့ စူးချတဲ့
အကြည့်ကို ဆူဆူလို နုနယ်တဲ့ အတွေ့အကြုံ မရင့်ကျက် သေးတဲ့ မိန်းခလေးတဦးက
ခံနိုင်ရည် မရှိတာကတော့ သေချာပါတယ်။ အဲဒီစစ်သားရဲ့ မျက်လုံးစိမ်းနဲ့
စူးချတဲ့ အကြည့်ကိုမြင်တိုင်း ဆူဆူ ရင်ထဲမှာ လှိုက်ဖို သွားပါတော့တယ်။
စစ်သားတွေ ပြန်သွားပေမယ့်လည်း အဲဒီ စစ်သားရဲ့ စူးချတဲ့ အကြည့်တွေက
ဆူဆူရင်ထဲမှာ ကိန်းအောင်းကျန်လိုက် ပါတော့တယ်။
------------------------------
နောက်တနေ့ မနက်လင်းတော့ ရွာထဲက မင်းကျွန်ပျိုနှစ်ဦးဟာ ဆူဆူဆီကို
ရောက်လာပြီး စာတစောင်ကို လာပေးပါတယ်။ နင်တို့အိမ်ကို မနေ့က လာလည်သွားတဲ့
"တပ်ကြပ် ကျော်သက်" ဆီကစာဖြစ်တယ်။ "မနေ့က လာတဲ့ စစ်သားတွေထဲက ဆရာလေး
ကျော်သက် ကို နင် မှတ်မိပါတယ်"ဆိုပြီး စာကိုပေးကာ သူတို့ ထွက်သွားပါတယ်။
စာကို ဖတ်ကြည့်တော့ "သိပ်ချစ်မိသွားပြီ" ဆိုတဲ့ စာသား အောက်မှာ ဆူဆူကို
မြင်ရင် မြင်ချင်း ချစ်သွားခဲ့ရပုံတွေ၊ ဆူဆူလိုလှတဲ့ မိန်းခလေးမျိုးကို
ရခိုင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ (၅) နှစ်တာ ကာလမှာ စတင် တွေ့ခဲ့ရတဲ့အတွက်
ခံစားရပုံတွေကို စာမျက်နာ (၂) မျက်နာကျော် ရေးသားထားတာကို ဆူဆူ
ဖတ်လိုက်ရပါတယ်။ စာကို ဖတ်ပြီးတာနဲ့ ဆူဆူရဲ့ စိတ်တွေဟာ စတင် လူးလွန့်
သွားပါ တော့တယ်။
------------------------------
နောက်တနေ့ ဆူဆူတို့အိမ်ကို ကျော်သက်က သေနတ်ကလေးကို လွယ်ပြီး လာပါတယ်။
ဆူဆူကို မနေ့က ပေးတဲ့ စာကိုရသလားမေးပြီး အဖြေကို တောင်းပါတယ်။ ဆူဆူကလည်း
မြင်မြင်ချင်း ရင်ဖိုခဲ့ရသူမို့ ခေါင်းညိတ်ပြလိုက်ပါတော့တယ်။
အဲဒီနေ့ကစပြီး ကျော်သက်ဟာ လုပ်ငန်းခွင်က ပြန်လာတိုင်း သူရဲ့ အချစ်တွေ
ကြီးမားတဲ့ အကြောင်းကို သက်သေပြဖို့ ဆူဆူဆီကို တန်းကနဲ ရောက်လာပါတော့တယ်။
------------------------------
များမကြာခင်မှာဘဲ နယ်စပ် ခြံစည်းရိုး စီမံကိန်းအတွက် ရောက်ရှိ လာတဲ့
စစ်သားတွေဟာ ရွာထဲကနေ ခြံစည်းရိုးကာရံနေတဲ့ ယာယီ စခန်းကို
ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ အဲဒီအထဲမှာ တပ်ကြပ် ကျော်သက်လည်း
ပါဝင်သွားပါတယ်။ ဒါပေမယ့်လည်း တပ်ကြပ် ကျော်သက်ဟာ အားလပ်ရက် ရောက်တိုင်း
ဆူဆူတို့ ရွာကိုလာလည်ပြီး ဆူဆူနဲ့ ချိန်းတွေ့ ပါတယ်။ အဲသလို
ချိန်းတွေ့နေတာကို ဆူဆူရဲ့ မောင်က တနေ့မြင်သွားတော့ ဆူဆူကို ဆဲဆို
ကြိမ်းမောင်းပြီး ရိုက်ပုတ် ပါတော့တယ်။ အဲသလို ရိုက်ပုတ်တဲ့ အပေါ်
တရွာလုံးက သိသွားတာကြောင့် ဆူဆူလည်း အရှက်ရပြီး ကျော်သက်နဲ့အတူ
သူနေထိုင်ရာစခန်းကို ခိုးရွာ လိုက်ပါသွားပါတော့တယ်။ ဆူဆူရဲ့ အပျိုစင်ဘ၀ဟာ
ခြံစည်းရိုးကာရံနေတဲ့ စစ်သားတဦးနဲ့ အတူ ယာယီတဲကလေး တလုံးရဲ့ မပီမပြင်
ဝိုးဝါးနေတဲ့ ကြယ်ရောင် မစုံတဲ့ ညအမှောင်အောက်မှာ
ကုန်ဆုံးသွားခဲ့ရပါတော့တယ်။
------------------------------
မနက်လင်းတာနဲ့ သူမရဲ့ ဘေးနားမှာ သူ့ချစ်သူ ကျော်သက် မရှိတာကို
သတိပြုမိတာနဲ့ ဆူဆူ ထထိုင်လိုက်တယ်ဆိုရင်ဘဲ သူမရဲ့ အဖေ အမေသံက တဲအပြင်က
ထွက်ပေါ်လာပါတယ်။ "သမီး ထွက်ခဲ့လေ။ အိမ်ပြန်ရအောင်" ဆူဆူလည်း အဖေ အမေ
အသံကို ကြားတာနဲ့ တဲအပြင်ကို ထွက်ပြီး "အဖေရယ် အခု ကျွန်မလေ
ကိုကျော်သက်ရဲ့ မိန်းမ ဖြစ်သွားပြီ။ သမီးတို့ရဲ့ ချစ်ခြင်းကို
မခွဲပါနဲ့နော် ဖေဖေနော်။" ဆိုပြီး သူမ အဖေရဲ့ ခြေကို ဦးတိုက်ပြီး
ရှိခိုး တောင်းပန်ပါတယ်။
ဆူဆူရဲ့ အဖေက ဆူဆူကို ဆိုးနင့်စွာ ကြည့်ရင်း "သမီးတို့ အချစ်ကို ဖေဖေတို့
မခွဲပါဘူး။ ဒါပေမယ့် သမီးသူ့ကို လက်ထပ်လို့ မရနိုင်ပါဘူးကွယ် ။ တပ်က
သူ့ကို သမီးနဲ့ ခွင့်မပြုနိုင်ဘူး ဆိုပြီး ကိုယ့်သမီးကို ကိုယ် ပြန်ခေါ်
ပါဆိုပီး အကြောင်းကြားတဲ့ အတွက် ဖေဖေတို့ သမီးကို လာခေါ်တာပါ။ သမီး ချစ်သူ
ကျော်သက်မှာ မိန်းမနဲ့ ကလေးနှစ်ဦးရှိတဲ့ အတွက် တပ်က
ခွင့်မပြုနိုင်ဘူးတဲ့ သမီး။"
သူမရဲ့ အဖေရဲ့စကားအဆုံးမှာ ဆူဆူရဲ့ နှလုံးသား တောင်ပြိုသွားသလို ဆူဆူဟာ
အရုပ်ကြိုးပြတ် ဖြစ်သွားပါတော့တယ်။ ဆူဆူက ကိုကျော်သက်နဲ့ ခဏလေး
တွေ့ချင်ကြောင်း ခွင့်တောင်းပေမယ့် တပ်အရာရှိက ကျော်သက်ကို ဖမ်းပြီး
ကြိမ်ချောင်းကို ပို့လိုက်ပြီ ဖြစ်တဲ့အတွက် တွေ့ဆုံလို့ မရနိုင်တော့ဘူး
ဆိုတာကြောင့် ဆူဆူဟာ ကိုကျော်သက်ကို တွေ့ဆုံခွင့် မရခဲ့တော့ပါဘူး။
ဆူဆူတို့ သားမိ သားဖ သုံးဦး ငိုရှိုက်သံတွေနဲ့ အတူ ရွာကို ချိနဲ့စွာ
ပြန်သွားခဲ့တာကို တခြား တဲတလုံးကြားထဲက ခိုးကြည့်နေတဲ့ ကျော်သက် ကိုလည်း
ဆူဆူ မမြင်တွေ့နိုင်ခဲ့တော့ပါဘူး။
------------------------------
အိမ်ကို ပြန်ရောက်တဲ့ အခါ ဆူဆူနဲ့ ဆူဆူ အမေတို့ရဲ့ ငိုရှိုက်သံတွေ၊
အဖေဖြစ်သူနဲ့ မောင်ဖြစ်သူတို့ရဲ့ အံကြိတ်သံတွေ၊ ဆူဆူကို ဆဲဆို
ကြိမ်းမောင်းသံတွေကတော့ ရန်အောင်မြင် ကျေးရွာကို လွမ်းချုံသွားပါတော့တယ်။
(ပြီး)
(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခဲ့သော မေလ အတွင်းက
ရန်အောင်မြင်ကျေးရွာတွင် တကယ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို "
ဘုန်းစည်သူ" က ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)
Rest of your post
Tuesday, June 23, 2009
ဖြစ်ရပ်မှန် ဇတ်လမ်း ( ကိုဒေါင်းနီမှပေးပို့ ပါသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment