Wednesday, June 10, 2009

လောလောဆယ် ဒုက္ခသည် အခြေအနေ

ထိုင်းဘက်ကမ်းသို့ ထွက်ပြေးလာသူများ အခက်အခဲ ဆက်လက်ကြုံတွေ့နေရ Tuesday, 09 June 2009 18:30 ဖြိုးကြီး ရိုးမ သတင်းစာမျက်နှာမှ
လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများမှာ အကူညီအထောက်ပံ့များ ရရှိသော်လည်း အခက်အခဲများ ဆက်လက်ကြုံတွေ့နေလျှက်ရှိသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များ ထိုးစစ်ကြောင့် ထွက်ပြေးလာသူများမှာ ထိုင်းနိုင်ငံ၊ နောင်ပိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်ရသည့် အခြေအနေများကို လယ်ပေါ်ဟဲစခန်းဥက္ကဌ စောတာဆူးညာက ပြောသည်။

“ထိုင်းအာဏာပိုင်တွေဘက်က ကျနော်တို့ကို ကူညီစောင့်ရှောက်တာတွေ ရှိပါတယ်၊ တချို့ အန်ဂျီအိုအဖွဲ့တွေက စားစရာသောက်စရာ၊ စောင်၊ ခြင်ထောင်တွေ ကူညီတာရှိပါတယ်၊ ဒါပေမဲ့ မိုးတွေကလဲ ရွာ၊ သောက်ရေကလဲ မလုံလောက်တော့ ချက်ပြုတ်ဖို့တောင် ဒုက္ခရောက်နေရတယ်” ဟု ပြောသည်။

လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းမှ လူဦးရေ ၁၂၆၄ ဦးနှင့် အခြားရွာများမှ ထွက်ပြေးလာသူများ စုစုပေါင်း ၃၆၁၀ ဦးမှာ လက်ရှိ စုပေါင်းနေထိုင်နေရပြီး အထူးသဖြင့် စာသင်ကြားနေသည့် ကလေးငယ်များ ဒုက္ခရောက်နေရသည်ဟု ပြောသည်။

“ကျနော်တို့စခန်းက ကလေးတွေချည်းပဲ အယောက် ၆၀၀ လောက်ရှိတာ၊ အခုဆို စာသင်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး၊ ကျနော် သိရသလောက်ဆိုရင် နောက်ထပ် တဝက်လောက်က မဲသဝေါဘက်မှ တိမ်းရှောင်နေတာ ရှိတယ်၊ စာရင်းအတိအကျတော့ မရသေးလို့” ဟု ဆက်ပြောသည်။

ထို့အပြင် ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာသားများ ထွက်ပြေးလာရခြင်းမှာ ဒီကေဘီအေအဖွဲ့၏ အတင်းအဓမ္ပ ပေါ်တာခိုင်းစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီကေဘီအေ (၉၉၉) က ပေါ်တာအထမ်းသမားအဖြစ် ခိုင်းဖို့ ခေါ်တယ်၊ ရွာသားတွေကို ဘုရားတည်မယ်၊ ဘာညာနဲ့ ခေါ်တာ၊ အဲဒါကြောင့်မို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်လာတာ၊ ဒီကေဘီအေကတော့ ပြောတယ်၊ မင်းတို့မပြေးနဲ့၊ ငါတို့လာတာ ဒီမှာ အေးအေးဆေးဆေးနေရဖို့ ဆိုပြီး ပြောတယ်၊ ဒါပေမဲ့ ရွာသားတွေအားလုံးက သူတို့အကြောင်းတွေ သိနေတယ်” ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ထိုးစစ်ဆင်မှုများကြောင့် လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသားများနှင့် အခြားရွာသားများမှာ ယခုလ (၂) ရက်နေ့ကတည်းက ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နအဖတပ်များက ယခုအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိပြီး ထိုင်းအာဏာပိုင်များကလည်း နယ်စပ်တလျှောက် လုံခြုံရေးများ တိုးမြှင့်ချထားသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN