Thursday, May 28, 2009

”ကျမတို့လည်း ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ”

မိုးဝေယံ
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 14:33 - မြန်မာစံတော်ချိန်
ရန်ကုန် (မဇ္ဈိမ)။ ။ “ကျမတို့လည်း ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ။ ကိုယ့်အိမ်မှာ ကိုယ်နေပြီး အလိုလိုနေရင်း နေအိမ်အကျယ်ချုပ် ကျခံနေကြရပါတယ်”

အင်းစိန်ထောင်ဗူးဝအနီးမှာ စတိုးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတယောက်က ပြောလိုက်တာပါ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းဆုကြည်ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှု ဥပဒေနဲ့ အင်းစိန်ထောင်မှာ ရုံးတင်တရားစွဲနေချိန်မှာ ခံစားချက်မကောင်းလှတဲ့ လေသံနဲ့ သူက ဖွင့်ဟလာတာပါ။

တရားရင်ဆိုင်ကာလအတွင်း အင်းစိန်ထောင် မျက်နှာစာမှာရှိတဲ့ လှိုင်မြစ်လမ်းတလျှောက်မှာ လုံခြုံရေးတွေ ဖွေးဖွေးလှုပ်နေအောင် ချထားပါတယ်။

အဲဒီလမ်းတလျှောက် အင်းစိန် မီးရထားဂုံးကျော်တံတားကနေ ဘုရင့်နောင် ပေါက်တောဝ မီးပွိုင့်အထိ ယာဉ်အဝင်အထွက်လည်း တားမြစ်ထားပါသေးတယ်။ အင်းစိန်ဈေးထိပ်ကစပြီး လူတွေရဲ့ ပုံမှန်သွားလာခွင့်ပါ ရုပ်သိမ်းထားတာပါ။ ဒါ့အပြင် ဒီဒေသမှာ နေထိုင်သူတွေရဲ့ သွားလာဝင်ထွက်မှုတွေလည်း တင်းတင်းကျပ်ကျပ်ပဲ စောင့်ကြည့်နေလို့ ကိုယ်တိုင်ပဲ အကျဉ်းထောင်ထဲ ရောက်နေသလို ခံစားရတယ်ဆိုတာက သဘာဝကျလှပါရဲ့။

သူလိုလူတွေက ထောင်အနီးတဝိုက် လူစည်ကားတဲ့ နေရာဖြစ်လို့ ဈေးဆိုင်တွေနဲ့ စည်ကားနေခဲ့တာက မြင်နေကျ မြင်ကွင်းတခုပါပဲ။ အဲဒီနားက လူများစုမှာဟာ ဈေးဆိုင်တွေဖွင့်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြရသူတွေပါ။ လမ်းကြောင်းတွေနဲ့ အဝင်အထွက်တွေကို အခုလို ပိတ်ဆို့လိုက်သလို၊ ဈေးဆိုင်ဖွင့်ရောင်းချခွင့်ပါ တားမြစ်ထားတာကြောင့် နေ့စဉ်ဘဝ ရပ်တည်ရတာက မွန်းကျပ်ခက်ခဲစေရပါတယ်။

အင်းစိန်ဈေးထဲမှာ ဆိုင်ခန်းအနည်းအကျဉ်း ဖွင့်ထားတာ တွေ့ရပြီး၊ တဈေးလုံးနီးပါး ထောက်လှမ်းရေးတွေ၊ စွမ်းအားရှင်တွေက နေရာယူထားပါတယ်။ ဈေးဝယ်လာသူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ပါတယ်။

ရပ်ကွက်ထဲမှာ နေကြတဲ့သူတွေကို လှိုင်မြစ်လမ်းမက ဖြတ်သန်းသွားလာခွင့်မရလို့ လမ်းကြိုလမ်းကြားတွေကသာ အသွားအလာ လုပ်ရပါတယ်။

“မနက် အင်းစိန်ဈေးကို ဈေးသွားဝယ်တော့ ဈေးထဲမှာက တဆိုင်၊ နှစ်ဆိုင်ပဲ ဖွင့်တယ်။ ပြန်လာတော့ လမ်းမအတိုင်း ပြန်လို့မရတော့ဘူး။ လမ်းကြားထဲက ပတ်ပြန်ခိုင်းတယ်။ အိမ်ပြန်တော့ နောက်ကနေ စွမ်းအားရှင်လား၊ ထောက်လှမ်းရေးလားတော့ မသိဘူး။ အင်္ကျီအဖြူနဲ့ လူ ၃ ယောက် လိုက်လာတယ်။ အိမ်ရှေ့ရောက်မှပဲ ပြန်လှည့်သွားတယ်“ လို့ ရပ်ကွက်နေသူမှာ နေထိုင်သူ တယောက်က ပြောပြပါတယ်။

လူအများ ဝင်ထွက်သွားလာခွင့်တွေ ပိတ်ပင်ထားလို့ ထောင်ပတ်ဝန်းကျင်မှာနေတဲ့ သူတွေအဖို့ လူမှုရေးနဲ့ စီးပွားရေး ထိခိုက်ပွန်းပဲ့နေရကြောင်း လှိုင်မြစ်လမ်းမှာ ဘဝရပ်တည်ရေး ရှာကြံနေသူတွေက ဆိုလာပါတယ်။

“မနက်လင်းလို့ မျက်လုံးဖွင့်တာနဲ့ တိတ်ဆိတ်နေတာ။ ခွေးတောင် မရှိဘူး။ တနေကုန် တုတ်တကားကားနဲ့ လျှောက်သွားနေတဲ့ စွမ်းအားရှင်တွေ၊ ဝေါ်ကီတော်ကီတွေနဲ့ စကားပြောသံတွေပဲ ကြားရတယ်။ မနေ့ကလည်း ခြံရှေ့မှာလာပြီး အပေါ့သွားလို့ ထွက်အော်ရသေးတယ်။ စားသောက်ရေးကတော့ တရက်၊ နှစ်ရက်ဆိုတော့ သိပ်မသိသာသေးဘူး။ ဒါပေမယ့် ကျမသမီးကိုတော့ ကျူရှင်မလွှတ်တော့ဘူး။ တခုခုဆို ဘယ်သူဆွဲလို့ ဆွဲသွားမှန်း မသိမှာစိုးလို့“ ဆိုပြီး အင်းစိန် တရုတ်ဘုံကျောင်း ဘေးမှာနေတဲ့ အိမ်ရှင်မတယောက်ကလည်း သူ့ရဲ့ ရတက်မအေးပုံကို ပြောပြပါတယ်။

အင်းစိန် အမက ၁၂ ကျောင်းထဲတွင် လုံခြုံရေးတပ်တခု အခြေစိုက်ထားပါတယ်။ ဒါ့အပြင် အင်းစိန်မီးသတ်၊ ရုပ်ရှင်ရုံ၊ မီးရထားဝင်းတွေထဲမှာ လုံထိန်းတပ်တွေ တပ်စွဲထားပါသေးတယ်။

”လမ်းပေါ်မှာလည်း လုံထိန်းကားတွေရော တုတ်တွေကိုင်ထားတဲ့ စွမ်းအားရှင်တွေ တင်ထားတဲ့ ဒိုင်နာကားတွေရော အပြည့်ပဲ။ တချိန်လုံးလည်း ညစ်ညစ်ပတ်ပတ်တွေ ဆဲဆိုနေကြတယ်“ လို့ အိမ်ရှင်မက မကျေမချမ်း ဆက်ပြောပါတယ်။

အခုအချိန်က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ မြန်မာနိုင်ငံအနှံ့ ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပါပြီ။ ဒါပေမယ့်လည်း လမ်းပိတ်ထားတဲ့ နေရာမျိုးမှာ ရှိနေတဲ့ အမက ၁၂ (အင်းစိန်) အပါအဝင် အင်းစိန်ထောင်အနီးက အခြေခံပညာ ကျောင်းတချို့တော့ ကျောင်းအပ်လက်ခံခွင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါတယ်။

ထောင်နားက နာမည်ကြီး ကျူရှင်အတော်များများ ဖွင့်ထားပါတယ်။ ဒီကျူရှင်တွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ လှိုင်မြစ်လမ်းပေါ်ရှိ ကျူရှင်ဆရာတယောက်က ဆိုပါတယ်။

“ဘုံကျောင်းနားမှာ ညီမတယောက်နေတော့ သူတို့ ဈေးဝယ်ရတာ အဆင်မပြေဘူးဆိုလို့ ဟင်းသွားပို့တာ၊ မဝင်နဲ့ဆိုလို့ ပြန်လှည့်လာရတယ်။ ဖုန်းတော့ ဆက်လို့ ရပါတယ်။ နောက်မှ ညနေစောင်းမှ သွားပို့လိုက်ရတယ်“ လို့ အင်းစိန်မြို့သစ် (က၊ ၄) လမ်းတွင် နေထိုင်သူက ပြောပြတာပါ။

“ဒီလောက်တောင် လုံခြုံရေး တင်းကျပ်နိုင်စွမ်း ရှိနေသားနဲ့ အစကတော့ သေသေချာချာ မစောင့်ဘဲ နိုင်ငံခြားသားတောင် အိမ်ထဲဝင်တယ်ဆိုတာ သူတို့ ဇာတ်လမ်းဆင်တာပဲ။ အခုတော့ ကျမတို့မှာ ထောင်ထဲ ရောက်နေသလိုပဲ။ သူတို့လုပ်ချင်တာ တခုပဲသိတယ်။ လူတွေ ဘယ်လောက် ဒုက္ခရောက်လဲဆိုတာ ထည့်မစဉ်းစားဘူး“ လို့ စိတ်ဆိုးဒေါသထွက်နေတဲ့ ထောင်ဗူးဝအနီးက စတိုးဆိုင်ရှင်အမျိုးသမီးက ပြောချလိုက်ပါတယ်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN