Saturday, May 30, 2009

ဒေါ်အောင်ဆန်းစုကြည်သတင်း လွတ်လပ်စွာဖော်ပြခွင့်မရ

Friday, 29 May 2009 18:00 အေးလဲ့
ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်သည့် သတင်းများကို ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်များတွင် ဖော်ပြလိုပါက အစိုးရပိုင် သတင်းစာများထဲမှ သတင်းများအတိုင်း “၏” “သည်” မလွဲ ရေးသားမှသာ စာပေစိစစ်ရေးက ခွင့်ပြုကြောင်းကြားသိရသည်။

[မြန်မာနိုင်ငံတွင် ထုတ်ဝေ ဖြန့်ချိနေသည့် သတင်းဂျာနယ်များကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)]

မြန်မာနိုင်ငံတွင် ထုတ်ဝေ ဖြန့်ချိနေသည့် သတင်းဂျာနယ်များကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)
ပြည်တွင်းအခြေစိုက် သတင်းထောက်များ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်း များကို ၎င်းတို့ကိုယ်တိုင် တွေ့မြင်ခဲ့သည့် အတိုင်းလွတ်လပ်စွာ ရေးသား ဖော်ပြခွင့်မရှိသည့် အပြင် အစိုးရပိုင် သတင်းစာများထဲတွင် ဖော်ပြထားသည့် သတင်းများထဲမှ လိုချင်သည့် စာပိုဒ်ကို ထုတ်နုတ် ကိုးကား ရေးသားခြင်းမျိုးကိုလည်း ခွင့်မပြုကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“ဒီသတင်းကိုဖော်ပြတဲ့ သတင်းဂျာနယ်တွေအားလုံး သတင်းစာနဲ့ တပုံစံတည်း ထည့်ပေးရတယ်” ဟု ၎င်းကဆိုသည်။

အင်းစိန် အကျဉ်းထောင်အတွင်း ပြုလုပ်သည့် တရားခွင်ကြားနာမှု တချို့တွင် မြန်မာသတင်းထောက် အနည်းငယ်ကို တက်ရောက်ခွင့် ပြုခဲ့သော်လည်း ပြည်တွင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ သတင်း ဖော်ပြခွင့် မရသောကြောင့် တရားခွင်နှင့် ပတ်သက်၍ သတင်း ရေးသားဖော်ပြရာတွင် ကန့်သတ် ချုပ်ချယ်ထားမှု အားလုံးကို ဖယ်ရှားပေးရန် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က မေလ ၂၈ ရက်နေ့က မြန်မာ စစ်အစိုးရကို တောင်းဆိုလိုက်သည်။

RSF က ထုတ်ပြန်ထားသည့် ကြေညာချက်တွင် နိုင်ငံခြားသား သတင်းထောက်များကို အကျဉ်းထောင် တရားရုံးတွင်း ဝင်ခွင့်မပြုကြောင်းလည်း ပါရှိသည်။

“မီဒီယာအပေါ်ထားတဲ့ စစ်အစိုးရရဲ့ သဘောထားဟာ တပြေးညီ မရှိတဲ့အတွက် မြန်မာသတင်းထောက် တွေအားလုံး တရားခွင်ကို တက်ရောက်ခွင့်မရသလို နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း အနား ကပ်လို့မရအောင် လုပ်ထားပါတယ်” ဟု RSF က ထုတ်ပြန်ထားသည်။

၎င်းကြေညာချက်တွင်ပင် “စစ်အစိုးရရဲ့ ကြိုတင် တည်းဖြတ်၊ စိစစ်မှုတွေကြောင့် လွတ်လွတ် လပ်လပ်ရေးသား ဖော်ပြခွင့်မရဘဲ တဝက်တပျက် အခွင့်အလမ်းကြားထဲက ရေးသားရတာဖြစ်တဲ့အတွက် မြန်မာလူထုဟာ ခုံရုံးနဲ့ပတ်သက်ပြီး သတင်းအမှန်ကို တိတိကျကျမသိရပါ” ဟုလည်း ပါရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း “သတင်းစာ က လည်း အစိုးရရဲ့သတင်းစာ၊ တရားစွဲတာလည်းအစိုးရကိုယ်တိုင် စွဲဆိုတာ၊ ကျနော်တို့အနေနဲ့ ဘာမှ လွတ်လပ်ခွင့် မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး အများပြည်သူ ကြားနာခွင့်မရှိသည့် တံခါးပိတ် တရားခွင် စစ်ဆေးမှုမှာ ၉ ရက်မြောက် ပြီးခဲ့ပြီ ဖြစ်သော်လည်း သတင်းထောက်တချို့ကို ၂ ရက်သာ တရားခွင်သို့ တက်ရောက်ခွင့်ပြု ခဲ့သည်။

မေလ ၂၀ ရက်နေ့တွင် နိုင်ငံခြား သတင်းဌာနများကို မဲနှိုက်စေကာ မဲပေါက်သည့် သတင်းဌာန ၅ ခုမှ မြန်မာနိုင်ငံသား သတင်းထောက် ၅ ဦးနှင့် ပုဂ္ဂလိကပိုင် သတင်းမီဒီယာများထဲမှာ စစ်အစိုးရ ရွေးချယ်သည့် ဂျာနယ်တိုက် ၅ ခုမှ သတင်းထောက် ၅ ဦး၊ စုစုပေါင်း သတင်းထောက် ၁၀ ဦးကိုသာ တရားခွင်သို့ တက်ရောက်ခွင့် ပြုခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် နိုင်ငံခြားသတင်းဌာနများမှ မြန်မာ သတင်းထောက် ၁၅ ဦးနှင့် ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၁၀ ဦး စုစုပေါင်း ၂၅ဦးတို့ကို တရားခွင်သို့ တက်ရောက်ခွင့် ပြုခဲ့သည်။

အစိုးရ မီဒီယားများအဖြစ် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာသတင်းစဉ် တို့မှ သတင်းထောက်များ တက်ရောက်ခဲ့ပြီး ၎င်းမီဒီယာ များကသာ တရားခွင်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခဲ့သော်လည်း ကျန်မီဒီယာနှင့် သတင်းဌာနများမှာ ကင်မရာ၊ အသံဖမ်းစက်များ ယူဆောင်ခွင့်မရဘဲ မှတ်စုစာအုပ် တအုပ်စီသာ ယူဆောင်ခွင့်ပြုခဲ့ကြောင်း ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလအစောပိုင်းက သူ၏နေအိမ်တွင်းသို့ အမေရိကန် နိုင်ငံသား ဝင်ရောက်ခဲ့မှုကြောင့် အကျယ်ချုပ်ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုဖြင့် အင်းစိန်ထောင်တွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။ အဆိုပါအမှုကြောင့် ထောင်ဒဏ် ၃နှစ်မှ ၅နှစ်အထိ ကျခံရ နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဧရာဝတီ မှ

Rest of your post

No comments:

 

Downtamun template | DOWNTAMUN