Tuesday, April 14, 2009

Burma Karan state , passed this place by myself ( Karan Area )

တကယ်ဝမ်းနည်းစရာကောင်းပါတယ် ။တောပုန်းရွာတချို့ ဟာ ယခုအထိ ၀ါးခွက်နဲ့ထမင်းကြမ်းကြမ်းတွေစားနေတုန်းပါ။ လူတယောက်အဖြစ်ရယ်လို့ မွေးဖွားလာပြီးတဲ့ နောက် လူတွေ မှာရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးအမျိုး လူတွေရဲ့သမိုင်းနဲ့ အညီပြောင်းလဲရမယ့် အဆင့်အတန်းမျိုး သူတို့ လိုညီအစ်ကို တိုင်းရင်းသားတွေ ဒီစစ်အာဏာရှင် ရှိနေသမျှကာလပါတ်လုံး စိတ်မကောင်းစွာနဲ့  သူ တို့ တတွေ ဒုက္ခပေါင်းများစွာနဲ့  ရပ်တည် အသက်ရှင် နေကြရမှာပါ။ ဒါဟာ ကရင်ဒေသတခုတည်းဘဲ ရှိပါသေးတယ် ကျန်တဲ့  တိုင်းရင်းသားမျိုးစုတွေဟာ သူ့ နည်းသူ့ ဟန်နဲ့  ဒီစစ်လက်နက်ကိုင် အာဏာရှင်တွေ ရဲ့ ဒါဏ်ကို အချိန်နှင့် အမျှတွေ့ ကြုံ ခံစားနေကြရတယ်ဆိုတာ တကယ်ရင်ထဲ က တွေးပြီး ခံစားကြည့်စေချင်ပါတယ်။

ဗမာပြည်တပြည်လုံးဟာ နှစ်အဆက်ဆက်မှိုင်းအတိုက်ခံခဲ့ ရတဲ့ ဘ၀ ကျတော်အပြင်ကို နဲနဲလှမ်းပြီးအဝေးကနေကြည့်တဲ့ အခါ ပိုပြီး နားလည်လာပါတယ်။တချိန်က ဗမာပြည်မှာ နယ်ပယ်တွေမှာရှိတဲ့ လက်နက်ကိုင်ပြီး တိုင်းပြည်အုပ်ချူပ်သူတွေကို ပစ်ခတ်တဲ့ အကြောင်း မကြာခဏဆိုသလို ကြားရတော့ ၊ရုပ်ရှင်တွေမှာကြည့်ခဲ့ ဖူးတော့ ကြောက်ခဲ့ပါတယ်။ မှတ်မှတ်ရရ ( အမိမြေမှသားကောင်းများ ) ဖြတ်ညှပ်ကပ်ရုပ်ရှင်ကို သတိရမိပါသေးတယ် ။ တကယ်တန်းကြတော့ အမှန်တရားတွေ ပျောက်နေတဲ့  တဖက်သတ်ဆန်လွန်းတဲ့  အဖြစ်အပျက်တွေ ကိုယ်တိုင် သိမြင်လာတဲ့  အခါ ကျတော် တိုင်းရင်းသားတွေကို ပိုပြီးခင်မင်လာပါတယ်။ကျတော် က ဗမာ စစ်စစ် ပါ အထူး သဖြင့်စစ်တပ်တွင်းက ဗမာတွေကို ပို မုန်းတီးလာပါတယ် ။ ကပ်ဖားရပ်ဖားဗမာတွေ ၊ ကတိမတည်တဲ့ ဗမာတွေ၊ ကျတော်မုန်းပါတယ် ။ ပြောတာ မယုံရင် ကိုယ်တွေ့  လေ့ လာကြည့်ပါဗျာ။ TV မပြောနဲ့  ဆပ်ပြာတောင် တသက်မတွေ့  ဘဲ သေသွားတဲ့ သူတွေ ဗမာပြည် နယ်ပိုင်းဒေသတွေမှာ ရှိတယ်ဆို တာ ။ စစ်ခွေးတွေကတော့ ရက်စက်တုန်း နှိတ်စက်ညှင်းပမ်းကောင်းတုန်းပါ ။


ဆက်ဖတ်မယ်ဆိုရင်....

လယ်သမားများ အကြွေးမဆပ်နိုင်သဖြင့် လယ်မြေနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရ

ဖြိုးကြီး

လယ်သမားများ အကြွေးမဆပ်နိုင်သဖြင့် ငွေတိုးချေးသူများက လယ်မြေနှင့် အိမ်များ သိမ်းဆည်းသွားသည်ကို သက်ဆိုင်ရာသို့ စာတင်တိုင်းတန်းထားသော်လည်း တစုံတရာ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ရွာသားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကွန်ကလပ်ကျေးရွာမှ လယ်သမား ၆၂ ဦးထံမှ လယ်မြေများ၊ လူနေအိမ်၊ နွားများနှင့် လှည်းများကို ပြီးခဲ့သည့်လလယ်ခန့်မှစ၍ ဦသိန်းဇော်နှင့် အခြားငွေတိုးချေးသူများက ခြိမ်းခြောက်ကာ သိမ်းယူသွားခြင်းဖြစ်သည်ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

“ကျနော်တို့က သူတို့ဆီက ပိုက်ဆံကို ၇ ကျပ် - ၈ ကျပ်တိုးနဲ့ ချေးပြီးတော့ မြေဆီသြဇာအတွက် ယူသုံးရတယ်၊ စာချုပ်တွေပေါ်မှာ လက်မှတ်ထိုးယူကြတာပဲ၊ အရင်နှစ်တွေက ပြေလည်ပေမဲ့ ဒီနှစ်ကျတော့ မကျေတဲ့အခါကျတော့ စာချုပ်ကိုပြပြီး ပုဒ်မ (၄၀၆/၄၂၀) နဲ့ ရဲစခန်း၊ တရားရုံးတို့မှာ အမှုဖွင့်တဲ့အခါကျတော့ ကျနော်တို့လဲ ကြောက်လန့်ပြီးတော့ ရယကလူကြီးရှေ့မှာ ညှိပြီးတော့ ပေးလိုက်ရတာ” ဟု လယ်သမားတဦးက ပြောသည်။

ငွေတိုးချေးသူများ သိမ်းယူသွားသည့် ပစ္စည်းများမှာ လယ်ဧက ၂၁၁ ဧက၊ နွား ၂ ကောင်၊ လှည်း ၃ စီးနှင့် လယ်မြေမရှိသူများက ခြံမြေနှင့် အိမ် ၃ လုံးပါဝင်ကြောင် ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ သိမ်းဆည်းခံရခြင်းနှင့်ပတ်သက်၍ “ဒီနှစ်ကျတော့ နာဂစ်ဒဏ်ကြောင့်လဲ ပါတယ်၊ နောက် လယ်သမားတွေမှာက မြေဆီလဲ မရတော့တဲ့အခါကျတော့ စပါး၊ ပဲ မကောင်းဘူး၊ အထွက်နည်းတယ်၊ ဈေးကလဲမကောင်းတော့ အကြွေးမဆပ်နိုင်ဖြစ်ကြတာ၊ အခု ကျနော်တို့ အရမ်းကို ဒုက္ခရောက်နေတာပေါ့ဗျာ၊ လယ်သမားက လယ်မရှိတော့ စားရသောက်ရမဲ့ဘဝ ရောက်နေတာပေါ့” ဟု အဆိုပါလယ်သမားက ပြောသည်။

လယ်မြေအသိမ်းခံလိုက်ရသည့် လယ်သမားများအနေဖြင့် ရယကအဖွဲ့ဝင်များအကူအညီဖြင့် မြို့နယ်မြေစာရင်းဌာန၊ မြို့နယ်(မယက)နှင့် ခရိုင်အထိ စာရေးတင်ပြ တိုင်တန်းထားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ မြို့နယ် (မယက)၊ (ခရက)၊ မြေစာရင်းတို့ကို (ရယက)တွေနဲ့တိုင်ပင်ပြီး စာတင်ထားတာ တပတ်လောက်ရှိပြီ၊ အခုထိတော့ ဘာမှ ဖြေရှင်းမပေးသေးဘူး၊ ငွေတိုးချေးတဲ့သူတွေက မြို့ပေါ်ကလူတွေလဲ ပါတယ်၊ ကျနော်တို့ရွာထဲကတော့ ကိုသိန်းဇော်ဆိုတဲ့သူပါတယ်၊ ကျန်တဲ့တွေ နာမည်တွေတော့ ကျနော်မသိဘူး” ဟု ဆက်လက်ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နိုင်ငံတော်အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ

ခင်မမမျိုး
Friday, April 03, 2009


အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးလေးဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအ တော်စားလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှုပုံစံ အမျိုး မျိုးကိုလဲ လေ့လာသူတွေက လေ့လာသုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေးဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှုချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်း စစ်ခဲ့ကြတယ်။ျ

လူမှုရေး၊ စိတ်ပညာ ပညာရှင်တွေကလဲ သူတို့ တတ်ကျွမ်းတဲ့ နည်းပညာတွေကို အသုံးပြုပြီး အကြမ်းဖက်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ သွင်ပြင်လက္ခဏာတွေကိုပါ လေ့လာနေကြတယ်။ နိုင်ငံပေါင်းစုံက အစိုးရတွေရဲ့ မဟာဗျူဟာလေ့လာရေးဌာနတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့အစည်းတွေမှာလဲ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ အများအပြား ခန့်အပ်ဆောင်ရွက် ကြရတယ်။ အချို့သော တက္ကသိုလ်တွေအနေနဲ့ကလဲ လိုအပ်လာတဲ့ ပညာရှင်အရေအတွက်နှုန်းကို ပံ့ပိုးပေးနိုင်ဖို့ အကြမ်းဖက်မှု လေ့ လာ ရေးဆိုင်ရာ ဘွဲ့လွန်အောင်လက်မှတ်အထူးသင်တန်းတွေ ဖွင့်လှစ်ကြရပြန်တယ်။

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေရေးရာ စတဲ့ ဘာသာရပ်တော်တော်များများနဲ့ ဆက်စပ်နေတဲ့ multidisciplinary subject တခုဖြစ်တဲ့ အကြမ်းဖက်မှုလေ့လာရေးဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးတဲ့ ပညာရပ်တခုအနေနဲ့ တ စတစ နေရာယူစိုးမိုးလာခဲ့ပါတယ်။ ပညာရပ်အနေနဲ့တင်မကပဲ နိုင်ငံတိုင်းရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် (National security objectives) တွေအထဲမှာလဲ ထိပ်ဆုံးက နေရာယူလာပါတယ်။ အခုဒီဆောင်းပါးမှာ အကြမ်းဖက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုနဲ့ မြန်မာ ရေးရာ အခြေအနေများကို ရေးသားတင်ပြလိုပါတယ်။

အကြမ်းဖက်မှုဆိုရာဝယ်အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်းသမားတွေ၊ အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြတယ်။ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာမှာ နာမည်ကြီးပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က အကြမ်းဖက်မှုဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များပြည့်မှီဖို့အတွက် တရားမ၀င်လက်နက် အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့ အနက်ဖွင့်ဆိုခဲ့တယ်။

အကြမ်းဖက်မှုလေ့လာရေးသင်တန်းအားလုံးမှာ မရှိမဖြစ်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ 'Inside Terrorism' ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ အကြမ်းဖက်မှုဆိုတာမှာ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ အကြမ်းဖက်မှုရဲ့ သားကောင်တွေ (သို့) ပစ်မှတ်တွေကိုသာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊ အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းမှု တွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။

အကြမ်းဖက်မှုဆိုတာထဲမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရားပါဝင်တာကြောင့် အကြမ်းဖက်မှု ပြုလုပ်သူများ ကိုင် စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ်အကြမ်းဖက်မှုကို လေ့လာတဲ့ လက်နက်ကျွမ်းကျင် ပညာရှင်များ ကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ၊ အများအပြားသေကျေပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး ခွဲခြားဖော်ပြခဲ့ကြပါတယ်။

စစ်သုံးလက်နက်တွေဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ-၄၇၊ အမ်-၁၆ တို့လို ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန် လုပ် Ingramလို စက်သေနတ်တွေ၊ အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ် Stinger နဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု အကြမ်းဖက်မှုတွေမှာ အသုံးပြုကြပါတယ်။ ဥပမာ-မကြာသေးခင်ကမှ ဖြစ်သွားတဲ့ မွန်ဘိုင်းတိုက်ခိုက်မှုမှာဆိုရင် ဒီအမျိုးအစားလက်နက်တွေကို အသုံးပြုသွားခဲ့ကြတာပါ။

ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4 (C-4) တို့လို ပလပ် စတစ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့ triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီ ဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊ လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။ နောက် တမျိုးကတော့ WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာ အေးဂျင့်တွေ၊ ဇီဝဆိုင် ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေကနေ နယူးကလီးယား လက်နက်တွေအထိ ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးက တည်းက ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ ဒီလောကထဲမှာ အတိုကောက်ခေါ်ကြတဲ့ chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှု တွေဖြစ်လာခဲ့ရင် ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။

ဒီလို နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ ပေါ်လစီရေးဆွဲ နေသူတွေအတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစား လာကြရပြန်ပါတယ်။ ဘာလဲဆိုတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေ ထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ ပါဝင်နေတဲ့ အချက်ပါ။ လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက် ပစ္စည်းတွေဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့ လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင် နိုင်ငံတော်အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ ရောက်သွားတဲ့ အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေး အပေါ်မှာ ဘယ်လောက်ထိခိုက်စေမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တ ချက်ဖြစ်လာပါတော့တယ်။

တကယ်တော့ နိုင်ငံတော်အစိုးရဆိုတာ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စား ၀တ်နေရေး ပြည့်စုံဖူလုံစေဖို့၊ ပညာရေးတိုးတက်မြင့်မားစေဖို့၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့ လူထုက ရွေးချယ်တာဝန်ပေး၊ အာ ဏာအပ်နှင်းခံထားရတဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒါပေမယ့် တချို့သော နိုင်ငံတွေမှာ အာဏာဟာ လူထုက မသက်ဆင်းပဲ လူထုကို ခြိမ်း ချောက်သတ်ဖြတ်ပြီး၊ မတရားအာဏာယူထားတဲ့ အစိုးရတွေ အုပ်ချုပ်နေကြပါတယ်။ ဒီလိုအစိုးရတွေဟာ အကြောက်တရားနဲ့အုပ်ချုပ် ဖို့အတွက် ပြည်သူလူထုကို အန္တရာယ် ပြုတတ်ကြပါတယ်။ လူထုရဲ့ ပညာရည်အဆင့်အတန်းတွေ တိုးတက်မြင့်မားလာရင် တွေးခေါ်မှု အဆင့်အတန်းတွေ တိုးမြင့်လာပြီး နိုင်ငံရဲ့ ပကတိအမှန်တရားကို သိမြင်လာတာနဲ့အမျှ တော်လှန်ပုန်ကန်မှုတွေ ပေါ်ပေါက်လာတတ်တာ ဓမ္မတာမို့ ဒီလို အစိုးရတွေဟာ ပညာရည်အဆင့်အတန်း မြင့်မားမှုမရှိအောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးထားတတ်ကြပါတယ်။ ကျန်းမာရေး၊ စားဝတ်နေရေး ပြည့်စုံဖူလုံရေးကိုလည်း စေတနာမှန်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိကြတော့ပါဘူး။ အာဏာတည်မြဲ ရေး အတွက် အာဏာရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာဖို့အရေးနဲ့ အင်အားကြီးမားလာဖို့အရေးကိုသာ ရှေးရှု လုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်း လူထုကို ခြိမ်းချောက်အကြမ်းဖက်မှုတွေကလဲ တစတစ တိုးမြင့်လာပါတယ်။ ဒီလိုအ ခြေအနေမျိုးကို နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) အမျိုးအစားတွေထဲက state terrorism as domestic policy အဖြစ် ပညာရှင်များက ခေါ်ဆိုသတ်မှတ်ကြပါတယ်။

နိုင်ငံတော်အကြမ်းဖက်မှုဆိုရာဝယ်နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) ဆိုတာကို အချို့က "terrorism from above” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီအကြမ်းဖက်မှုအမျိုးအစားက နိုင်ငံတနိုင်ငံရဲ့ အာဏာကို ရယူထားတဲ့ အစိုးရတွေ၊ အစိုး ရ လက်ကိုင်တုတ်အဖွဲ့အစည်းတွေက ကျူးလွန်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီလိုကျူးလွန်မှုမှာ ပုံစံနှစ်မျိုးရှိပါတယ်။

ပထမတမျိုးက နိုင်ငံတော်အကြမ်းဖက်မှုကို foreign policy domain ပုံသဏ္ဍာန်နဲ့ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီလိုကျူးလွန်ရာမှာ တချို့နိုင်ငံများက sponsors အနေနဲ့ ကူညီပံ့ပိုးပေးတာရှိသလို၊ တချို့ကလဲ enablers တွေအနေနဲ့ပါ။ ဒီလိုပံ့ပိုးပေးကြရမှာ အတွေးအ ခေါ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှု၊ စစ်အင်အားပံ့ပိုးမှု၊ အကြမ်းဖက်တိုက်ခိုက်မှုကို ကနဦး အစပျိုးပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်မှုဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အခု ဒီဆောင်းပါးမှာ domestic policy domain ကို အဓိကထား ရေးသားမှာ ဖြစ်တဲ့အတွက် အသေးစိတ် မဖော်ပြတော့ပါဘူး။

ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှုပြုလုပ်ရာမှာ အဓိက ပါဝင်လေ့ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကတော့ အာဏာ ရှင်များရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ စစ်တပ်၊ ရဲ၊ အာဏာရှင်စိတ်တိုင်းကျရေးဆွဲထားတဲ့ ဥပဒေကို အကောင်အထည်ဖော်နေကြရတဲ့ ဥပ ဒေဘက်တော်သားတွေနဲ့ အခြားသော လုံခြုံရေးအဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်က ပံ့ပိုးကြိုးကိုင်ထားတဲ့ ပြည်သူ့ စစ်အဖွဲ့တွေ၊ ချေမှုန်းသုတ်သင်ရေးအဖွဲ့တွေလဲ ပါဝင်ပါတယ်။ ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှု ပြုလုပ်ရခြင်းရဲ့ အဓိ က ရည်ရွယ်ချက်ကတော့ အစိုးရရဲ့ အာဏာကို ပြသဖို့နဲ့ အတိုက်အခံများကို အနှောင့်အယှက်ပြုဖို့၊ ဖယ်ရှားဖို့ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတော်တရပ်ရဲ့ အစိုးရဆိုတာမှာ ပြည်သူလူထုအကျိုးအတွက် လုပ်ပိုင်ခွင့်အာဏာတွေ ရရှိပြီးသား ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး ယုံကြည်စွာနဲ့ အာဏာကို အပ်နှင်းကြတာပါ။ ဒါပေမယ့် ပြည်သူလူထုက တရား ၀င် ရွေးကောက်ထားတာမဟုတ်ရင်၊ ရွေးကောက်အောင် အတင်းအကြပ် ဖိအားပေးထားတာဖြစ်နေရင် ဒီလိုအစိုးရမျိုးဟာ မိမိကိုယ်ကို ယုံကြည်ချက် ရှိမနေပါဘူး။ ပမာဆိုရရင် သူတပါးမယားကို ကြာခိုနေရတဲ့ ယောက်ကျားဖျင်း၊ ယောက်ကျားညံ့တယောက်ရဲ့ စိတ်မျိုးဖြစ် နေပြီး၊ ဘယ်အချိန်မှာ ပိုင်ရှင်ပေါ်လာမလဲဆိုတဲ့ စိတ်က မသိစိတ်မှာ လွှမ်းမိုးနေတတ်ပါတယ်။ အဲဒီအခါကျတော့ ပိုင်ရှင်အမှန်ဖြစ်တဲ့ လူထုက အာဏာပြန်တောင်းမှာကို တစတစ ကြောက်လာပါတယ်။ လူတွေဆိုတာ ကြောက်လာပြီဆိုရင် ရမ်းမိရမ်းရာ ရမ်းပြီး၊ မလုပ်သင့် တာတွေ လုပ်တတ်ကြစမြဲမို့ ဒီလိုအာဏာသိမ်းအစိုးရတွေ၊ မသမာနည်းနဲ့ အာဏာရယူထားတဲ့ အစိုးရတွေဟာ လူထုကို အတင်းအကြပ် ဖိနှိပ်ကြပါတော့တယ်။

နိုင်ငံရေးပညာရှင် ပီတ စီဒါဘတ်ခ်က ဒီလို ဖိနှိပ်မှုပုံသဏ္ဍာန်တွေကို vigilante state terrorism, official state terrorism နဲ့ genocidal state terrorism ဆိုပြီး သုံးမျိုးခွဲခြားဖော်ပြခဲ့ပါတယ်။ vigilante state terrorism ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေကို အစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကျူးလွန်စေခြင်းဖြစ်ပါတယ်။ official state terrorism ဆိုတာ မှာကျတော့ overt နဲ့ convert ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရတယ်။ overt official state terrorism ဆိုတာက မြင်သာထင်ရှားတဲ့ စစ်တပ်၊ ရဲ ယူနီဖောင်းဝတ်တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပါတယ်။ convert official state terrorism ဆိုတာကတော့ လျှို့ဝှက်ရဲ၊ ထောက်လှမ်းရေးစတဲ့ secret services တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။

genocidal state terrorism ဆိုတာကတော့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုးတမျိုး (သို့) လူမျိုးနွယ်တစုကို လူမျိုးသုဉ်း စေတဲ့ ရည်ရွယ်ချက်နဲ့ ချေမှုန်းသတ်ဖြတ်တာဖြစ်ပါတယ်။ genocide ဆိုတဲ့စကားလုံးကို ၁၉၄၃ ခုနှစ်က Dr. Raphale Lemkin ရေးသား ထုတ်ဝေခဲ့တဲ့ Axis Rule in Occupied Europe ဆိုတဲ့ စာအုပ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ geno ဆိုတာ race (or) tribe ဖြစ်ပြီး၊ cide ဆိုတာကတော့ killing (သတ်ဖြတ်ခြင်း) ဖြစ်ပါ တယ်။ နိုင်ငံတနိုင်ငံမှာ အစွန်းရောက်အစိုးရတွေဟာ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးခြင်း၊ စစ်တပ်၊ ရဲအင်အားတွေသုံးပြီး ဒီ လူမျိုးစု တွေနေထိုင်ရာ ရွာတွေကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူမျိုးစုဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စတာတွေ ပြုလုပ်နေ ပြီဆိုရင် ဒါကို genocidal state terrorism ကျူးလွန်နေပြီလို့ သတ်မှတ်လို့ရပါတယ်။


အခုဆက်လက်ပြီး မြန်မာနိုင်ငံက နိုင်ငံတော်အကြမ်းဖက်မှုနဲ့ ပတ်သက်တာတွေကို ရေးသားတင်ပြပါမယ်။

မြန်မာနိုင်ငံနိုင်ငံတနိုင်ရဲ့ state authority ကို နိုင်ငံရေးပညာရှင်တွေက typology လေးမျိုးခွဲပြီး လေ့လာသုံးသပ်ကြပါတယ်။ ပထမအ မျိုးအစားကတော့ ဒီမိုကရေစီ အမျိုးအစားပါ။ ဒီမိုကရေစီ state authority ရှိတဲ့နိုင်ငံမှာ စစ်တပ်၊ ရဲစတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security institutions တွေဟာ ဒုတိယနေရာမှာပဲ ရှိပါတယ်။ နိုင်ငံတော်မှာ တရားမျှတမှုရှိတာအတွက်ကြောင့် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ အစိုးရဆိုတာဟာ ပြည်သူက ရွေးကောက်တာဖြစ်တဲ့အတွက် အာဏာဟာ လူထုဆီကပဲ သက်ဆင်းပါတယ်။ နောက်ပြီး နိုင်ငံတခုဟာ ဒီမိုကရေစီ ကျင့်သုံးနေလား၊ မကျင့်သုံးဘူးလားဆိုတာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲလုပ်တာနဲ့ ဒီမိုကရေစီရပြီလို့ မသတ်မှတ်နိုင်ပါဘူး။ အစိုးရရဲ့အာဏာခွဲဝေအသုံးပြုမှု၊ လုံခြုံရေးအဖွဲ့အစည်းတွေကို secondary role မှာ ထားရှိမှု၊ ဘတ်ချက်ခွဲဝေမှု၊ accountability ရှိမှု၊ လူ့အခွင့်အရေးနဲ့ rule of law ကို လေးစားမှု၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့ အစိုးရရဲ့ အုပ်ချုပ်နိုင်မှုစွမ်းရည်၊ အစိုးရပေါ်လစီတွေနဲ့ ပတ်သက်ပြီး လူထုကို သတင်းအချက်အ လက်ပေးမှု၊ လူထုက ဝေဖန်ပြောဆိုနိုင်မှု စတဲ့ အချက်အလက်အများကြီးအပေါ်မှာ မူတည်တာဖြစ်ပါတယ်။

နောက်တမျိုးကတော့ authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ်ပါ။ ဒီလိုစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ အစိုးရရဲ့ အာဏာဟာ minimal constraint ပဲ ရှိပါတယ်။ အစိုးရဟာ တရားမျှတမှုမရှိတဲ့ ရွေး ကောက်ပွဲနဲ့ ရွေးကောက်ခံရတဲ့ အစိုးရဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကကျတော့ ပြည်သူလူထုက လုံခြုံရေးအဖွဲ့ဝင်တွေက မတရားစော်ကားအနိုင်ကျင့်ရင် ကာကွယ်ပေးနိုင်မယ့် ဥပဒေ မဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့ အ စည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။

ဒီလိုစနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မှာ အကန့်အသတ်တွေရှိပါတယ်။လူအများ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြော ကြားခွင့်၊ စုဝေးဟောပြောခွင့် မရှိပါဘူး။ ဥပဒေကို အစိုးရက သူတို့စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲပြီး၊ ဥပဒေ၀န်ထမ်းတွေကို အစိုးရဒေါက် တိုင်တွေအဖြစ် အသုံးချလေ့ရှိပါတယ်။

နောက်တမျိုးကတော့ totalitarianism ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင်လဲ စစ်တပ်၊ ရဲစတဲ့ လုံခြုံရေး အဖွဲ့ အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အဆုံးစွန်အထိကို မြင့်မားပါတယ်။ အစိုးရအာဏာဟာ unconstrained authority ဖြစ်သွားပါပြီ။ တရား မျှတမှုတွေ ဆိတ်သုဉ်းနေပါတယ်။ လူထုကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ထားပါတယ်။ အစိုးရဟာ လူ့အဖွဲ့အစည်းကို ထင်ရာစိုင်း အုပ်ချုပ်ပါတယ်။ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ဟာ အစိုးရဆီကပဲ သက်ဆင်းပါတယ်။ ဥပမာ- အာဖဂန်နစ်စတန်မှာ တာလီဘန် အုပ် ချုပ်စဉ်က ပုံသဏ္ဍာန်မျိုးပါ။ နောက်ဆုံးတမျိုးကတော့ crazy states ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတော့ လက်နက် ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ နိုင်ငံတော်မှာ central authority မရှိတော့ပါဘူး။ သက်ဆိုင်ရာ ဒေသအလိုက် စစ်ဘုရင်တွေ၊ စစ်သွေးကြွတွေက အုပ်ချုပ်ကြပါတယ်။ state behaviour ဟာ ပုံမှန်မဟုတ်တောပါဘူး။ ဥပမာ- ယူဂန်ဒါ နိုင်ငံမှာ Idi Amin အုပ်ချုပ်စဉ်ကာလက အခြေအနေမျိုးပါ။

နိုင်ငံရေးပညာရှင်တွေက မြန်မာနိုင်ငံကို authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ခေါ် ဆိုကြပါတယ်။ အခုလတ်တလောအခြေအနေမှာ (၂၀၁၀) ရွေးကောက်ပွဲ မြန်မာနိုင်ငံမှာ ကျင်းပမှာနဲ့ ပတ်သက်ပြီး အချို့က မြန်မာနိုင်ငံ မှာပဲ ဒီမိုကရေစီရတော့ မယောင်ယောင် ပြောဆိုနေကြပါတယ်။ အထက်မှာ ကျွန်မဆိုခဲ့သလိုပဲ ဒီမိုကရေစီစနစ်ကျင့်သုံး၊ မသုံးဆိုတာ ဟာ ရွေးကောက်ပွဲတခုတည်းနဲ့ တိုင်းတာလို့ ရတာမဟုတ်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံ ခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို secondary role မှာ မထားပဲ central role မှာ ထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးကဏ္ဍတွေအပေါ်မှာ လူထုရဲ့အာဏာသက်ဆင်းနိုင်မှု မရှိပါဘူး။ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီးလဲ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ တန်းတူညီမျှခွင့်အတွက် အာမခံချက်မရှိပါဘူး။

တကယ်တော့ နိုင်ငံတော်အာဏာဆိုတာ သုံးပုံတပုံ၊ လေးပုံတပုံ ချိုးဖဲ့စားရတဲ့ ဘီစကွတ်မုန့် မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်တခုလိုပဲ အာရုံ ကြောအဖွဲ့အစည်းတွေ၊ သွေးလည်ပတ်မှုတွေ၊ ခြေလက်အဂါင်္တွေ၊ အတွင်းကလီစာတွေနဲ့ တည်ဆောက်ထားတာမျိုးပါ။ စစ်အုပ်စုလက်ရှိ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဆိုတာက လူကို ခေါင်းဖြတ်ပြီး၊ ကျန်တဲ့ကိုယ်ပိုင်းကိုမှ ပြည်သူ့အာဏာသက်ဆင်းစေတဲ့ ပုံသဏ္ဍာန်မျိုးပါ။ ကမ္ဘာ ပေါ်မှာ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကို ကျင့်သုံးတဲ့နိုင်ငံမျိုးရှိတယ်လို့လဲ မကြားဖူးပါ။ ခေါင်းမရှိတဲ့ကိုယ်ကြီးကို အသက်သွင်းဖို့ဆိုတာ အလွန်ပင် ခဲယဉ်းပါလိမ့်မယ်။

ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးနဲ့ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတော်အကြမ်းဖက်မှုတွေကို တားဆီးနိုင်ခြင်း ရှိမရှိဆိုတာကိုလဲ အလေးထားပြီး ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ state terrorism အမျိုးအစားများကို ဆက်လက် လေ့လာကြည့်ကြပါစို့။


မြန်မာနိုင်ငံနှင့်နိုင်ငံတော်အကြမ်းဖက်မှု

နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်အမျိုးအစားများကို အသုံးပြုပြီး လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်သုံးမျိုးလုံး ဖြစ်ပွားနေတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ ပထမအမျိုးအစားဖြစ်တဲ့ Vigilante state terrorism ကိုတော့ စစ်အုပ်စုဟာ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို အသုံးချပြီး ကျူးလွန်နေပါတယ်။ ဒီပဲယင်းသတ်ဖြတ်မှုအရေးအခင်း၊ စက်တင်ဘာတော်လှန်ရေး ကနဦးစ အခြေအနေများမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်တဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို နိုင်ငံတော်က ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ကျူးလွန်စေခဲ့ပါတယ်။


နောက်ထပ်ပုံသဏ္ဍာန်တမျိုးဖြစ်တဲ့ official state terrorism ကိုလဲ နအဖစစ်အုပ်စုမှ ကျူးလွန်ခဲ့ကြောင်း ရှစ်လေးလုံးလူထုတိုက်ပွဲ၊ ၉၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြအရေးဆိုမှု၊ စက်တင်ဘာ တော်လှန်ရေးပုံရိပ်များက သက်သေခံထားပြီ ဖြစ်ပါတယ်။ ဒါတွေတင်မက တိုင်း ရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေက မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့မှုတွေဟာလဲ မြင်သာထင်ရှားတဲ့ overt official state terrorism တွေဖြစ်သလို၊ စစ်ကြောရေးစခန်းတွေထဲက နှိပ်စက်ညှဉ်းပမ်း ရိုက်နှက်မှုတွေ၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်မှုတွေ၊ ခြိမ်းချောက် မှုတွေဟာလဲ convert state terrorism ကျူးလွန်မှုများကို ညွှန်ပြနေတာ ဖြစ်ပါတယ်။



(overt official state terrorism committed by SPDC soldiers)



အဆိုးဆုံးကတော့ genocidal state terrorism လို့ခေါ်တဲ့ လူမျိုးသုဉ်း နိုင်ငံတော်အကြမ်းဖက်မှု တွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေခြင်းပဲ ဖြစ်ပါတယ်။ Genocidal acts ဆိုတာက အချို့က physical extermination လို့ပဲ ထင်နေကြပေမယ့် ဒီအထဲမှာ လူမျိုးစုတွေရဲ့ ကိုးကွယ် ယုံကြည်မှု၊ စာပေနဲ့ အခြားအစဉ်အလာဓလေ့တွေ အပေါ်မှာ အတင်းအကြပ်တားမြစ်မှု၊ ခြိမ်းချောက်အနိုင်ကျင့်မှု၊ ကိုယ်ရောစိတ်ပါ ထိ ခိုက်နာကျင်စေမှုတွေလဲ ပါဝင်တာ ဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာနယ်မြေတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ၊ မုဒိမ်းပြုကျင့်မှုကို စစ်ဆင်ရေးလက်နက်တခုအဖြစ် အသုံးချမှုတွေ၊ ကျေးရွာများ ပြောင်းရွှေ့နေရာချမှုတွေ၊ ပေါ်တာဆွဲမှုတွေ၊ စာပေ နဲ့ ယဉ်ကျေးမှုအပေါ် ချုပ်ချယ်ကန့်သတ်မှုတွေဟာ genocidal state terrorism ကျူးလွန်မှုတွေပဲ ဖြစ်ပါတယ်။



နိဂုံး

နိဂုံးချုပ်ဆိုရရင် မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အကြမ်းဖက်မှုကို ကျူးလွန်နေတဲ့ အကြမ်းဖက်သမားများ ဖြစ်တာကြောင့် ပြည်သူလူထုတရပ်လုံးအနေနဲ့ စုပေါင်းတော်လှန်ဖို့ လိုအပ်လှပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

“ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး- ဒို့အရေး ” “ ဒီမိုကရေစနစ်ထွန်းကားရေး- ဒို့အရေး ” “ နိုင်ငံတော်အကြမ်းဖက်သမားများ- အလိုမရှိ ”

ခင်မမမျိုး (၂၊ ၄၊ ၂၀၀၉)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Monday, April 13, 2009

ထိုင်း ဆန္ဒပြသူတွေ စစ်တပ် စတင်နှိမ်နှင်း

13 April 2009

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို ထိုင်းစစ်တပ်က တနင်္လာနေ့ မနက် အာရုံမတက်ခင်မှာ စတင် ဖြိုခွင်းနေပြီ ဖြစ်ပါတယ်။ စုဝေးနေတဲ့ ဆန္ဒပြသူ အများအပြားကို ဖြိုခွဲဖို့အတွက် စစ်တပ်က စတင်လိုက်တဲ့ နောက်ပိုင်းမှာ အစိုးရ တပ်တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုတွေလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စစ်တပ်ဟာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့အတွက် ညင်သာတဲ့ နည်းတွေနဲ့ စတင်မှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ ရှိတယ်လို့ စစ်တပ် ဗိုလ်မှူးကြီး ဆန်ဆန်းထွေပါ ကပြောကြောင်း အေဖက်ပီ သတင်းက ရေးသားပါတယ်။ စစ်သားတွေဟာ မျက်ရည်ယိုဗုံးတွေကို သုံးဖို့လည်း ရှိတယ်လို့ ပြောပါတယ်။

မစ္စတာ ထက်ဆင် က ပြည်သူ့ တော်လှန်ရေး တရပ်ကို ဆင်နွှဲဖို့အတွက် ဘန်ကောက်မြို့မှာ လာရောက် စုဝေးဖို့အတွက် သူ့ကို ထောက်ခံသူတွေကို တနင်္ဂနွေနေ့ အစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ သူ့ထောက်ခံသူတွေကို ထို်င်းအာဏာပိုင်တွေက တိုက်ခိုက်လာမယ်ဆိုရင် ထိုင်းနိုင်ငံကို ပြန်လာခဲ့မယ်လို့ တယ်လီဖုန်းက တဆင့် ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိက်ချာချီဝ ကတော့ သူတို့ အစိုးရ အဖွဲ့က နိုင်နိုင်နင်းနင်းနဲ့ ထိန်းထားနိုင်ပါတယ်လို့ တနင်္ဂနွေနေ့ ထိုင်း ရုပ်သံက ပြောကြားခဲ့ပါတယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဒီမိုကရေစီနဲ့ ဗမာပြည်

အနှစ် 20 ကျော် စစ်အာဏာရှင်တို့ရဲ့ လက်ခုပ်ထဲက ရေအဖြစ် ဗမာပြည်ကျရောက်ခဲ့ရတာဟာ အဓိက အကြောင်းရင်း 2 ချက်ကြောင့်ဖြစ်ပါတယ်။

ပထမအချက်က အဆုံးစွန်ကန့်သတ်ချုပ်ခြယ်မှု သံမဏိအုပ်ချုပ်ရေးကြောင့်ဖြစ်ပါတယ်။ စစ်အစိုးရကို အာခံဆန့်ကျင်သူ ပုန်ကန်တော်လှန်သူမှန်သမျှ အပြင်းအထန်နှိပ်ကွပ်သုတ်သင်ဖြိုခွင်းခံရမှာဖြစ်တယ်။ ဗမာပြည်ကျောင်းသား/သူ ရဟန်း ရှင်လူတွေ စုဝေးလှုပ်ရှားအုံကြွပြီး ဒီမိုကရေစီတောင်းဆိုခဲ့ကြတာ အကြိမ်ကြိမ်ပါ။ အကြမ်းဖက်ရက်စက်ယုတ်မာ သတ်ဖြတ်မှုတွေကြောင့် အသက်သွေးချွေးမြောက်များစွာစတေးခံရလို့ နောက်ဆုံးတော့ အားမတန် မာန်လျှော့နိဂုံးချုပ် ရတာချည်းဖြစ်ခဲ့တယ်။

ဒုတိယအချက်က စစ်အာဏာရှင်အစိုးရကို ပြုပြင်ပြောင်းလဲအောင် နိုင်ငံတကာရဲ့တိုက်တွန်းဖြောင်းဖြချော့မော့မှုနဲ့ ဖိအားပေးအကြပ်ကိုင် ပိတ်ဆို့မှုတွေဟာ ပြည်သူတွေလက်ထဲ ဒီမိုကရေစီ အပ်နှင်းဘို့ မစွမ်းဆောင်နိုင်သေးတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အာဇီယံနိုင်ငံတွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စထက် ဗမာပြည်နဲ့စီးပွား ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုကရတဲ့ အကျိုးအမြတ်ကို ပိုပြီး ဦးစားပေးစဉ်းစားကြလို့ဖြစ်ပါတယ်။ အဓိကအားဖြင့်ဗမာပြည် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံပါ။ နယ်စပ်တလျှောက် ကူးသန်းရောင်းဝယ်ရေးနဲ့ လုံခြုံရေး တည်ငြိမ်ရေးဟာ ဗမာပြည်နိုင်ငံရေး ပြဿနာ ဂယက်ရိုက်ခတ်မှုနဲ့ အစဉ်တစိုက် တိုက်ရိုက်ပတ်သက်ခဲ့ရပါတယ်။ သာဓကအားဖြင့်ဆင်းရဲ ကြပ်တည်းတဲ့ ပူပင်သောက ဘ၀ကနေ ရေကြည်ရာမြက်နုရာ ထိုင်းနယ်စပ်ကို ဗမာပြည်တိုင်းရင်းသားများခိုလှုံလာ ကြတဲ့ ကိစ္စပါ။ ထိုင်းနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးနဲ့ ပြဿနာကြီးမားစွာ ဖြစ်ပွားစေပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရအဆက် ဆက်ကတော့ ဗမာပြည်နိုင်ငံရေးကိစ္စ ကို ၀င်ရောက်စွက်ဖက်တာ မလုပ်ပါဘူး။ အာဇီယံကလဲအပြုသဘောဆောင် ဆက်ဆံမှု Constructive Engagement ပေါ်လစီနဲ့ဘဲ မျက်နှာလွှဲခဲပြစ်လုပ်နေပါတယ်။

ဗမာအာဏာရှင်အစိုးရက ဒီမိုကရေစီနဲ့တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေ၊ သဘာထားကွဲလွဲ သူတွေအပေါ် ဘယ်လောက်ဘဲ အကြင်နာကင်းမဲ့စွာ စစ်အင်အားသုံး အပြတ်ဖြိုခွင်းနှိပ်ကွပ်ခဲ့ပေမဲ့ အဖိနှိပ်ခံရဟန်း ရှင်သူကျောင်းသား ပြည်သူတွေ အဖို့ တုတ်တုတ်မှ မလှုပ်ရဲအောင် ငုံ့ခံမြဲငုံ့ခံနေမှာ မဟုတ်ပါဘူး။ မီးခဲပြာဖုံး အနေ အထားမှာအားမွေးရင်း အချိန်အခါ အခွင့်အလမ်းနဲ့ချက်ကောင်းကို အသိရှိရှိ သတိကြီးကြီးနဲ့ စောင့်ဆိုင်းနေပါတယ်။

ဖက်ဆစ် စစ်အာဏာရှင်တို့နှိပ်ကွပ်ချုပ်ခြယ်တိုင်း၊ ရက်စက်ယုတ်မာစွာ အကြမ်းဖက်တိုက်ခိုက်ဖြိုခွင်းတိုင်း၊လက်နက် အားကိုး ဓါးမိုးအုပ်ချုပ်တိုင်း၊ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတိုင်း၊ ပြည်သူတွေက အကြောက်တရား အောက်မှာ တကြောက်ကြောက် ကြောက်ဒူးတုံနေခဲ့မယ်ဆိုရင် ဒီမိုကရေစီရောင်နီဖြိုးဖြိုးကိုအစပြိုးခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံလဲ ပေါ်ပေါက်ခဲ့စရာ အကြောင်းမရှိပါဘူး။ 2007 စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလဲ ဖြစ်ထွန်းနိုင်စရာ အကြောင်း မပေါ်ခဲ့ပါဘူး။

လက်ရှိသမယအခါကာလ အနေအထားမှာ ဗမာပြည်အပေါ် စစ်အာဏာရှင်တွေဆက်လက်ပြီး အရိပ်မဲကြီးနဲ့ အမှောင် တိုက်သွင်းဘို့ ပြည်သူလူထုက ဒီ့ထက်ပို မျက်စိစုံမှိတ် အောင့်အီးသည်းခံလို့ မရတော့ပါဘူး။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေအပေါ် ဗမာဖက်ဆစ် နာဇီတွေရဲ့ ဒီ့ထက်လူမဆန်စွာ အကြမ်းဖက်နှိပ်ဖမ်းဆီးသတ်ဖြတ်တဲ့အနေအထားကို ကမ္ဘာ့ပြည်သူများစိတ်ဝင်စားအာရုံ စိုက်လာတာတင်မက စိတ်ဓါတ်ရေးရာအရလဲ ပိုပိုပြီး ထောက်ခံအားပေးလာခဲ့ပါတယ်။

အလှမ်းမဝေးတော့တဲ့ အနာဂတ် နောင်တစ်နေ့မှာ ပြည်သူလူထုတရပ်လုံးရဲ့ ကြီးမြတ်ထွန်းပြောင်တဲ့ အင်အားဟာ လက်နက် အားကိုးလက်တဆုပ်စာ စစ်အာဏာပိုင် လူတစုရဲ့မတရားကြီးစိုးအုပ်ချုပ်မှုကို မုချ တွန်းလှန်ဖယ်ရှားနိုင်မယ်ဆို တာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အကြိမ်ကြိမ်စံနမူနာပြသခဲ့ပြီးပါပြီ။

ပသို့ဆိုစေ၊ လက်နက်ဆိုလို့ အပ်တစ်ချောင်းမှ မရှိတဲ့ အမှန်တရားလိုလားသူ အပြစ်မဲ့ လူထုကို အချိန်မရွေးနှိပ်ကွပ် သတ်ဖြတ်နိုင်တဲ့ လူသတ်လက်နက် ပိုင်ဆိုင်သူ စစ်အာဏာရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်တယ်ဆိုတာ ကိုယ်ကျိုးစွန့်ရဲရင့် ပြတ်သားတဲ့ အားမာန်အပြည့် လှုပ်ရှားရုန်းကန်မှုကြီးဖြစ်ပါတယ်။

အဓိက ပြည်တွင်းလှုပ်ရှားမှုနဲ့အတူ စစ်အုပ်စုအပေါ် UN, US, EU, ASEAN, တရုပ်၊ ကုလား၊ ရုရှားစတဲ့ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ကမ္ဘာ့ပြည်သူများရဲ့ ဖိအားပေးမှုကလဲ အထူးအရေးပါအရာရောက်လှပါကြောင်း။

28/9/2007 မတိချွန်းအယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ဘာသာပြန်သည်

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သျှမ်းပြည်အနှံ့ လောင်းကစားဝိုင်းများဖွင့် - ဒေခံအာဏာပိုင်များ အပြိုင်ဘော်ချက်

ယခုနှစ်နွေရာသီ သျှမ်းပြည်မြို့နယ်အတော်များများ ရှင်ပြုပွဲ နှင့် အလှူပွဲ ပျော်ပွဲရွှင်ပွဲများကျင်းပချိန် နယ်မြေခံစစ်အစိုးရ အာဏာပိုင်များက အကြောင်းအမျိုးမျိုးဘမ်းပြပြီး ရံပုံငွေအတွက်ဟုဆိုကာ လောင်းကစားဝိုင်းများဖွင့်လှစ် - သိန်းချီ အခွန် ကောက်ယူကြောင်း ဒေသခံလူထုကဆိုသည်။

လွယ်ခေါ် ဘုန်းကြီးကျောင်း ပြုပြင်မွမ်းမံရေးအတွက် ဟုဆိုကာ ကျေးသီးမြို့နယ် မယက ဥက္ကဌ ဦးခင်လတ်က ခလရ ၁၃၁ တပ်ရေးဗိုလ်ကြီး ရဲမြင့်အောင်အား ဧပြီလ ၃ ရက်မှစ၍ ယခုထက်ထိ ကျေးသီးမြို့ ဘော်လုံးကွင်းတွင် လောင်းကစားဝိုင်း ကန်ထရိုက်ဆွဲခွင့် ပေးသည်ဟု ဆိုသည်။ လောင်းကစားဝိုင်းများ အခွန်ကျပ်ငွေသိန်း ၁၅၀ထည့်ရ မည်ဟုလည်း ဆိုပါသည်။

လောင်းကစားရုံ၊ ပွဲဆိုင်တန်း၊ ဇာတ်စင်အတွက် ကျေးရွာအုပ်စုများမှ ရွာခံကျေးလက်လူထုအား ၀ါးလုံး အလုံးရေ ၇၀ မှ ၁၀၀ အထိ နွားလှည်း/ထော်လာဂျီတို့ဖြင့် အလကားတင်ပို့ရပြီး အဓမ္မလုပ်အားလည်း ဆင့်ဆိုခဲ့ကြောင်း ကျေးသီးမြို့ခံ တဦးကပြောပြသည်။ မယက ဥက္ကဌ ဦးခင်လတ်သည် ဖယ်ခုံဘက်တာဝန်ကျစဉ် ဘိန်းခြံအခွန် ကောက်စားမှုဖြင့် နာမည် ကြီးပြီး ယခုနှစ်ဦးပိုင်းမှ ကျေးသီးသို့ရောက်လာသည့် မယက ဥက္ကဌအသစ်ဖြစ်သည်ဟုဆိုပါသည်။

ထို့အတူလဲချားမြို့ ၌လည်း မတ်လ၂၉ ရက်မှစ၍ ၁၀ ရက်တိတိ လောင်းကစားဝိုင်း ပြုလုပ်ကြသည်ဟု ဆိုပါသည်။ ဒေသခံ တဦးက - “ကျနော် တို့မြို့မှာ ကစားဝိုင်းဒိုင်က ဒုရဲအုပ်သိန်းဦး၊ မယကဆီမှာ ပွဲမိန့်ယူတယ်။ အကြောင်းပြချက် ကတော့ မြို့တော်စည်ပင်လှပရေးအတွက် လဲချားမြို့ မြောက်ဘက်နားမှာရှိတဲ့ နောင်ခမ်း ကန်ပျက်ပြုပြင်ဖို့ ရန်ပုံငွေ အတွက်တဲ့။ ဈေး ဆိုင်တန်းနဲ့အတူ လောင်းကစားဝိုင်းအကြီးအကျယ်ဖွင့်တယ်။ အခွန်သန်းချီကောက်တယ်။ မြို့နယ် ဥက္ကဌ အပြင် ခမရ ၅၁၅ နဲ့ ခလရ ၆၄ တို့ကိုလဲခွဲဝေပေးကျွေးရတယ်လို့ပြောတာဘဲ။ ရပ်မိရပ်ဖ တွေကတော့ သားသမီး တွေ လောင်းကစားဝိုင်း နေ့ညမပြတ်သွား၊ အိမ်သုံးစရိတ်ထဲ နှိုက်ယူသွားတဲ့အတွက် မိသားစုစားဝတ်နေရေး အခက်အခဲ ဖြစ်တယ်လို့ ငြီးနေကြတယ်။ နောက်ပြီး ပွဲဆူညံသံနားငြီးလွန်းလို့ အိပ်မရဘူးတဲ့။ ဆိုင်ကယ် သူခိုးတွေလဲ အရမ်းများလာ တယ်၊ အဓမ္မလု ယက်မှုတွေလဲ မကြာခဏဘဲ” - ဟုဆိုပါတယ်။

ဝိုင်း ၂၀ ကျော်ရှိသော အံစာတုံးလိမ့် (ကုံးကင်း)၊ ဟိုင်းလိုး နှင့် ၃ ကောင်ဂျင်ဝိုင်းများက တညလျှင် အခွန် ၁ သိန်း ၁ သောင်း ပေးရကြောင်း၊ ၃၆ ကောင်(ထီ)၊ လေးကောင်ဂျင် နှင့် ဖိုင့်ကျူး (ကျွဲကျိုဖဲ) စသည့်ဝိုင်းကြီးများက ပွဲသိမ်းချိန် အထိ ၆ သန်း အခွန်ဆောင် ရကြောင်း၊ ၁၀ ပေ ဆိုင်ခန်းတခန်း ၁ သောင်း ၅ ထောင် အခွန်ပေးဆောင်ရ ကြောင်းဆို သည်။ ပွဲစည် စေရန် ရှမ်းဇာတ်သဘင် ကို တစ်ည ၃ သိန်းဖြင့် လောင်းကစားဝိုင်းဒိုင်က ငှါးလာခဲ့ကြောင်း၊ “ပွဲဒိုင်ကသန်း ၃၀ ကျော် အခွန်ရမယ်။ ပွဲအတွက်အသုံး စရိတ် ဟိုကြွေးဒီကြွေးခက ၁၅ သန်းလောက်ဘဲ ကုန်တယ်ဆိုတော့ သူ့မှာ အနည်းဆုံး ၁၆ သန်းလောက်ကျန်တယ်” ဟုဆို၏။

ပြည်ထောင်စု အမြစ်တည်ရာ ပင်လုံမြေတွင်လည်း လောင်းကစားဝိုင်းဖွင့်လှစ်မှုရှိပြီး မိုင်းကိုင်မြို့တွင်မူ ၀မ့်ဖွီးကျေးရွာ အုပ်စု၌ ဖွင့်လှစ်ကြောင်း ဒေသခံများကဆိုသည်။

သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေလာသူတဦးက - “ကျနော်တို့သျှမ်းပြည်ထဲ အခုလို လောင်းကစားဝိုင်း ကျယ်ကျယ် ပြန့်ပြန့်မလုပ်တာကြာပြီ၊ ပထမအချက်က စစ်အာဏာပိုင်တွေ လူထုကိုအာရုံလွှဲတာဘဲ၊ နိုင်ငံရေးဘက်စိတ်မ၀င်စား အောင် ပေါ့။ ဒုတိယအချက်ကတော့ ရွေးကောက်ပွဲမတိုင်ခင် ရန်ပုံငွေရှာထား တာဖြစ်ဖို့များတယ်။ နောက်တခုက - စစ်အစိုးရဌာနချုပ် နေပြည်တော် အမိန့်အရ စစ်တိုင်း၊ ဒကစ၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ခွဲတိုင်း ကိုယ်ပိုင်ရန်ပုံငွေ ရှာခိုင်း တယ်၊ ဆိုလိုတာက အထက်က လစာအပြည့်အ၀ မပေးမကျွေးနိုင်လို့ အခုလိုတိုင်းပြည်အနှံ့ လောင်းကစားဝိုင်းဖွင့်လာ တာဖြစ်တယ်” - ဟုဆို ၏။

၂၀၀၉ နွေရာသီတွင် သံလွင်အရှေ့ ခြမ်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ရှင်ပြုပွဲ ကိုအကြောင်းပြုပြီး ဒေသခံ စစ်ဗျူဟာမှူး အား လောင်းကစားဝိုင်းဒိုင်က လာဘ်ငွေထိုးကာလောင်းကစားဝိုင်းဖွင့်ခဲ့သည်။ မိုင်းပြင်းမြို့နယ် တုံတာတိုက်နယ် သိမ် တော် အလှူပွဲတွင်လည်း လောင်းကစားဝိုင်းရှိခဲ့သည်။ ကျိုင်းတုံမြို့နယ်အပါအ၀င် သံလွင် အနောက်ခြမ်း၊ သျှမ်းပြည်တောင်ပိုင်း မြို့တော်တော်များနှင့် မူဆယ် ၁၀၅ မိုင် ၊ နမ့်ခမ်း၊ လားရှိုးတို့တွင်လည်း လောင်းကစားဝိုင်းများဖွင့်လှစ်ကြောင်းဒေသခံများ က ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Saturday, April 11, 2009

ကဲ .. မင်းတို့ ဘာပြောနိုင်သေးလဲ ပြင်ပမီဒီယာသမားတို့ 

ဖတ်ဖြစ်အောင်ဖတ်ပါဗျာ အရေးအသားကောင်းလို့ တင်ထားဖြစ်ပါတယ်။

“မီဒီယာကို မီဒီယာနှင့် တုံပြန်မည်”


နိုင်ငံတော် ပြန်ကြားရေး ဝန်ကြီး ဗိုလ်ရှော်ဆန်း(ငယ်နာမည် ဂျပု ဂွတို)

အထက်ပါ ညွန်ကြားချက်နှင့် အညီ တိုးတတ်ခေတ်မီ နေသော မြန်မာနိုင်ငံတော်ကြီးအား ပြည်တွင်းပြည်ပ အဖျက်သမားများ၏ လိမ်လည် သတင်းမှားပေးကာ သိက္ခာချနေမှုများ တုန့်ပြန်နိုင်ရန် .. ကျွန်တော် မောင်သာဂိ တစ်ယောက် ကင်မရာလေး ကိုင်ကာ သတင်းသမား ပီပီ အပြေးအလွှားဖြင့် မှော်ဘီ ဘက်သို့ ဦးတည် ထွက်ခွာလာပါသည်။

နိုင်ငံတော် (အမှန်တော့ နိုင်ငံတော် ဆိုတာ ဘာကို ရည်ညွန်းမှန်း ကျွန်တော် မောင်သာဂိ တစ်ယောက် သိသည် မဟုတ်ပါ။) ၏ စစ်မှန်သော စေတနာများဖြင့် တံတားတွ ဖောက်လမ်းတွေ ဆောက်လုပ်ထားတာကြောင့် ဗိုက်ထဲ ကျောက်ခဲ ထည့်ထားလျင်

ကြေညက်သွားစေနိုင်သော ကျောက်ခဲကြေလမ်းမကို ဖြတ်ကျော်ကာ မှော်ဘီ ဘက်သို့ တခေါက် ရောက်ခဲ့ပါသည်။

ကျွန်တော် မောင်သာဂိ သိသလောက် ကမ္ဘာ့နိုင်ငံများတွင် ယဉ်အန္တာရယ် ကင်းဝေးစေရန် အချို့သော လမ်းမများတွင် အရှိန်ထိန်းစေသော ကုန်းအမြင့်လေးများကို လမ်းမတွင် ထားလျက် ကားများအား ဖြေညှင်းစွာ မောင်းစေချင်းဖြင့် ထိန်းချုပ်ကြကြောင်း ကြားဖူးခဲ့သည်။

အဆိုပါ ကုန်း အမြင့်လေးများ ပြုလုပ်ခြင်းမှာ ကတ္တာများ အပိုကုန်သဖြင့် နိုင်ငံတော် ဝင်ငွေများ အလကားဖြုန်းတီးရာ ကြသည် .. မဟုတ်ပါလား။ ထို့ကြောင့် အမြော်အမြင်ကြီးမားတော်မူသော တပ်မတော် ဗိုလ်ချုပ်ကြီးများ၏ လမ်းညွန်ချက်များနှင့် အညီ ကုန်းအမြင့်လေးများ မလုပ်ဘဲ .. လမ်းမတွင် ချိုင့်ခွက်ကြီးကြီးများ ပြုလုပ်ခြင်းဖြင့် ကားများကို ဖြေးညှင်းစွာ မောင်းနှင်စေကာ အရှိန်ဖြင့် မောင်းနှင်ချင်းဖြင့် ဖြစ်ပေါ်လာနိုင် ယဉ်အန္တာရယ်များကို ထိန်းချုပ်နိုင်ခဲ့လေသည်။ (အော် ..... နိုင်ငံတော် အကြီးအကဲများ၏ ရွှေဥာဏ်တော် ပေါက်ရောက်ပါပေစွဟု .. တွေးလျက် ကြည်ညိုစိတ်များ တဖွားဖွားပေါ်နေပေတော့သည်။ )

ယခုလည်း ... ကမ္ဘာ့ အဆင့်မီလား .. ကမ္ဘာ့အဆင့် လွန်လား မသိ .. နည်းပညာရပ်များကို သင်ကြားပေးသော မှော်ဘီ ရပ်ရှိ နည်းပညာ တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တတ်ရောက်ကာ သတင်း ဓါတ်ပုံများ ဝေဝေဆာဆာဖြင့် သတင်းများတွင့် ထည့်လိုက်ရလျှင်ကား ပြည်ပမှ မီဒီယာ သမားများ ပါးစပ်များ ပိတ်လျက် “ဟာ...ဟင်” ဖြစ်သွားစေရန် ကျွန်တော် အပြေးအလွှား သွားရောက်နေသည် မဟုတ်ပါလား။

မှော်ဘီ နည်းပညာ တက္ကသိုလ် ကျောင်းဝင်းထဲ ဝင်လိုက်လျှင်ပဲ ပူလောင်သော နွေရာသီတွင်ပင် ကျောင်းသား၊ ကျောင်းသူများ အေးမြမြဖြင့် ပညာသင်ကြားနိုင်ရန် သစ်ရိပ်ဝါးရိပ် ကောင်းကောင်းဖြင့် စီစဉ်ပေးထားသည်များက ... အလေ့ကျပေါက် သစ်ပင်များကို ဟိုတပင် ဒီတပင် နေရာတကာတွင် တွေ့မြင်နိုင်သည်။

အရိပ်ကောင်းကောင်းပေးနိုင်သော ခြေမျက်စိဖုံး မြက်ပင်များနှင့် ခြုံပုတ်များကလည်း တချို့မှာ နွေသရုပ်ကို ပီပြင်စွာ ဖေါ်လျက် ရွှေဝါရောင် သမ်းလျက် ခြောက်တချို့၊ စိမ်း တဝက်ဖြင့် ဝေဝေစာစာ အလှ ဆင်လျက်ရှိကြသည်မှာ .. ပုဂံခေတ်က မြကန်၏ သာယာပုံကို ရေးသော စာဆိုပင် အမွမ်းတင် ရေးနိုင်စွမ်းငှာ တတ်နိုင်မည် မထင်။ (ရေကန်လည်း မရှိ၊ လွင်တီးခေါင်ကို ဘယ်လိုလုပ် မြကန် စာဆိုက အမွမ်းတင်နိုင်ပါ့အံ့နည်း။)




ခြေတလှမ်း လှမ်းလိုက်တိုင်း တထောင်းထောင်း ထ နေသော ဖုံမှုံ့ များနှင့် ရီဝေဝေ မြင်ကွင်းက တစုံတခုခုကို သတိရနေသလိုပါပဲ။ ကဗျာ ဆန်ဆန်ပြောရလျှင်ဖြင့် ဖုံခိုး ဖုံငွေ့ ကြားမှာ လွမ်းမောဖွယ်ရာ အတိပေါ့။ (နှားခေါင်းကိုတော့ ကျန်းမာရေး အရ ပိတ်ထားရသည်က လွဲလျှင်။)

ကဲ .. ဆက်လေ့လာကြည့်ကြဦးစို့ရဲ့။ ....

မြန်မာပြည်ရဲ့ အနာဂါတ် သားကောင်းရတနာ ပညာတတ်ပုဂ္ဂိုလ်များကို နောက်ဆုံး မွေးထုတ်ဂုဏ်ပြုတဲ့ အခမ်းအနားမှာ အခုလို သတင်းရယူဖို့ လာခဲ့ရတာကြောင့်လည်း ကိုယ့်ဘာသာ ဂုဏ်ယူလို့ ဆုံးပါဘူး။

ပြောနေကြာတယ် ဘွဲ့နှင်းသဘင် ကျင်းပရာ ခမ်းမဆောင်ကြီးကို လှမ်းကြည့်လိုက်ရအောင်။ အား .. ပါး .. ပါး .. ကြီးကျယ်ခမ်းနား တင့်တယ် လှပ လှသော ခန်းမဆောင်ကြီးကို အဝေးက လှမ်းမြင်လိုက်ရလျှင်ပဲ ....။ .......


...... စာဖတ် ပရိတ်သတ်တို့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြန်လည် ဖေါ်ပြရလျှင်ကား ရှည်လျှားကျယ်ဝန်းတဲ့ ခန်းမ ဆောင်ကြီးမှာ .. လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားသော မျက်နှာကျတ်များက ခပ်မြင့်မြင့် .. ရှေ့ဆုံး အစွန်မှ တစ်ယောက်ယောက်က အော်လိုက်လျှင် နောက်ဆုံးမှ ထိုင်နေသော လူက ထိုအော်သံကို ကြားရဖို့ ခဏမျှ စောင့်ရသော ခန်းမကျယ် မျိုး၊

.... အခန်းနံရံများတွင် ကနုတ်ပန်းခက်များ၊ ကမ္ဘာကျော် ပန်းချီကားများ ချိတ်ဆွဲထားလျက် ခြေနင်း ကြမ်းပြင်ကား မဟော်ဂနီရောင် ပေါ်လစ် သုတ်ထားသော ပျဉ်းကတိုးသားဖြင့် ခင်းထားပြီး .

.... ခန်းမ၏ တံခါးဝတွင် လူရပ်လိုက်လျှင် အလိုအလျှောက် ပွင့်သွားစေသော တံခါးများ တပ်ဆင်ထားသော ခန်းမမျိုးအားမျက်စိနှင့် မြင်ကြည့်လျက်

.. ထိုခန်းမနှင့် ပြောင်းပြန် အချိုးကျမှုကို တွေးကြည့်ကြပါကုန်။



အင်ဂျင်နီယာ ပညာရပ်များ၊ နည်းပညာများကို သင်ကြားပို့ချပေးနေသော ကျောင်းဖြစ်သည်နှင့် အားလျှော်စွာ နိုင်ငံတော်က ပေးသော လျှပ်စစ်မီးကို အားမကိုး၊ ကိုယ်ပိုင် ကျောင်းသားများ တီထွင်ထားခြင်း မဟုတ်သော မီးစက်စုတ် တလုံးဖြင့် အခမ်းအနားအတွက် လျှပ်စစ်ပေးနေသည်မှလည်း နည်းပညာ တက္ကသိုလ် ပီသ ပါပေစွ။



ဘွဲ့ရယူပြီး ထွက်လာသော ပညာတတ် အကျော်အမော်များ ခေတ္တ ခဏ နားနေနိုင်ရန်နှင့် မိသားစုများ ခန်းမအပြင်ဘက်တွင် အနားယူသော နေရာကို .. သဘာဝ အဲယာကွန်း ရရှိနိုင်အောင် ဖုံ ထူထူ လွင်တီးခေါင်တွင် ပြုလုပ်ပေးထားနိုင်သည်မှာလည်း တိုးတတ်ခေတ်မီနေသော မြန်မာနိုင်ငံမှ လွဲလျှင် အခြားနိုင်ငံများတွင် ပြုလုပ်နိုင်မည် မဟုတ်ဟု ကျွန်တော် မောင်သာဂိ အားရဝမ်းသာစွာ မှတ်ချက် ပေးမိပါသည်။



ကဲ .. ဒီလိုနဲ့ ကျောင်းသား ကျောင်းသူများ အမှတ်တရ ဓါတ်ပုံ ရိုက်ယူစရာ နေရာများကို လိုက်လံ ရှာဖွေ ကြည့်လိုက်သောအခါ .. သာဂိ တို့ ငယ်ငယ်က ရွာဦးကျောင်းနား နွားတင်းကုပ်သာသာ မြင်ကွင်းကို နောက်ခံထားလျှက် ကျောင်းသား ကျောင်းသူများ အမှတ်တရ ရိုက်ယူနိုင်ကြပါအံ့။ မြန်မာနည်း မြန်မာ့ဟန် ဒီမိုကရေစီ နိုင်ငံတော် နှင့် လိုက်ဖက် ညီပေစွ။



ဒီလိုမျိုး အစစ အရာရာ ပြည့်စုံ ကောင်းမွန်နေသော မြန်မာနိုင်ငံတော်ကြီး၏ ပညာတတ်လူငယ်များကို နိုင်ငံတော်က စေတနာ ရှေ့ထားပြီး ခမ်းခမ်းနားနား မွေးထုတ်ပေးနေသည်ကို မကောင်းပြောတတ်သော ပြည်ပ မီဒီယာများနှင့် အဖျက်သမားများအား မောင်သာဂိ တစ်ယောက်က

“ ... ကဲ .. မင်းတို့ ဘာပြောနိုင်သေးလဲ .. ” လို့သာ မေးခွန်း ထုတ်ချင်နေမိပါတော့တယ်။

ချစ်ခင်လေးစားစွာ မေတ္တာရှေ့ထားလျှက် ....
ကိုရင် သာဂိ

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လုပ်စား ခေါင်းဆောင်များ

မြန်မာပြည် လွတ်မြေက်ရေးအတွက်
မြန်မာပြည်သူ ကယ်တင်ရေးအတွက်
မြန်မာပြည် လွတ်မြေက်ရေးအတွက်
စကားတွေများများပြော ၊ ပြောလည်းမကုန်နိုင်
အကောင်းဆုံး ဟိတ်ဟန်ထုတ်နိုင်သူသာ
လူတွေအပေါ် ခွစီးမယ့်ခေါင်းဆောင်တွေဖြစ်လာတယ်
မှားလို့ မှားမှန်းမသိ အပြုံးပီတိနဲ့ 
နောက်လိုက်ကောင်းတွေရဲ့ မျှော်လင့်လင်ချက်
တနေ့ ဗမာပြည်လွတ်လပ်ရေးရနိုး
ဒီလို အခေါင်းသာပါတဲ့ ခေါင်းဆောင်မျိုးကိုမျှော်ကိုးနေကြ
ဆံသာဖြုသွားပေမယ့် ဒီလူက စားကောင်း သောက်ကောင်းတုန်း။

ကြည့်ကြစမ်းပါဗျာ သတ္တိရှိတဲ့ လမ်းပြကောင်းတွေ
ခေါင်းဆောင်မဟုတ်ကြပေမယ့် ....
ထောင်ထဲမှာ
လက်ချိုးရေတွက်လည်းရတယ်။

အပြင်ကလုပ်စားနေတဲ့ ခေါင်းဆောင်များ
သူတို့ အစား အရှက်တရားရတတ်မယ်ဆိုရင်
ဗမာပြည်ကိုလည်းရောင်းမစားပါနဲ့ ဗျာ
ပြည်သူတွေ ကိုလည်းချမရောင်းပါနဲ့ 
ခင်းဗျားတို့ ဗြောက်သောက်အဖွဲ့ အစည်းတွေ
ပြည်သူတွေနှင့်အတူ စိတ်ညှစ်နေပါကြောင်း။

ဒေါင်းတမာန်။

ဆက်ဖတ်မယ်ဆိုရင်....

Monday, April 6, 2009

တီးတိုးသံဖြင့် အမေ့ ထံ

လိုချင်တဲ့ အရာတခု ကိုမျှော်လင့်တတ်အောင်
အမေကတော့မသင်ခဲ့ ဖူးပါဘူး
ဒါပေမယ့် လိုချင်တဲ့ အရာကိုဖန်တီးယူတတ်ဖို့ 
အမေလမ်းပြဖူးတယ်၊
ကြယ်ဆိုတာဆွတ်ယူဖို့ ဝေးပေမယ့်
စိတ်ထဲမှာလှေကားပေါင်းများစွာထောင်ပြီးလှမ်းခဲ့ မိဘူးတယ်။
ကျတော်က လမ်းပျောက်နေတဲ့ သားမဟုတ်ပါဘူးအမေ
အမေအဖြစ်မှစွန့် လွှတ်ခဲ့ တဲ့ သားဆိုပြီး ထင်ရင်လည်း
ကျတော်ကတော့ အမြဲဦးချဆဲပါ
ခေါင်းလည်းမာဆဲပါ အမေ။

အနှစ် နှစ်ဆယ်ကျော်ဆိုတဲ့ ကာလ
ကျတော်အသက်ရှင်နေခဲ့ သမျှ ဘ၀က
အထောင်လိုက် ဒေါင်လိုက်လည်း ကျတယ်
အလျားလိုက် အပြားလိုက်လည်းကျခဲ့ ဖူးတယ်
လောလောဆယ် ၊ အသက်တော့ပြင်းပြင်းရှူနေတုန်းပါ။
ဘယ်တော့မှပြန်မတွေ့ ရတော့မယ့်
အမေ့ ကိုလည်းလွမ်းတုန်းပါ။

အမေထွေးဖက်ထားဖူးတဲ့ လက်ဖ၀ါးတွေအတွက်
ကျေးဇူးပါမေမေ။

ချစ်မိခင် မေမေသို့ 
ဒေါင်းတမာန်

ဆက်ဖတ်မယ်ဆိုရင်....

Sunday, April 5, 2009

ခဏခဏငြီးတွားနေရတဲ့  ဘ၀အပူမီးများ

ုရုန်းကန်ခြင်းဆိုတဲ့  လေးကိုင်းပေါ်
ပစ်လွှတ်ခံရတဲ့  ဘ၀မြှား
ပိတ်လှောင်တဲ့ အမှောင်ကိုရှောင်ရှားရင်း
ရေခြားမြေခြား နှစ်ထပ်ကွမ်းအခွန်နဲ
ဒေါင်ကျကျ ပြားကျကျ ဝေးလွင့် သွားကြတယ်။

ချွေးပြိုက်ပြိုက်ကျနေဆဲ
အရေးပေါ် အတွေးအခေါ်တွေနဲ့ မသေချာခြင်းကို ရေရှည်ပွေ့ ဖက်ရင်း
မှုန်ဝါးဝါးအနာဂါတ်ကို ဆက်လက်တူးဖေါ်နေကြ။

ပူလောင်တဲ့ နေရောင်ကိုရေချိုး
အတောင်ပံကျိုးမျှော်လင့်ချက်နဲ့ 
အိပ်မက်တွေ အကျည်းတန်အရုပ်ဆိုး
တချို့ လည်းခြစ်ခြစ်ခြုတ်ခြုတ့် စုဆောင်းထားတဲ့ 
ရိုးသားမှုလေးတောင် ပွန်းပဲ့ လာပြီ၊
တချို့ ကရိုးသားမှုကို
ရိုးရာဝတ်စုံလို ၀တ်ဆင်ထားကြဆဲ။

တ၀က်တပျက် ဘ၀များက
ဓါတုဆေးဆိုး လက်ဖက်လို တခါတခါအဆိပ်သင့်
ဖဲသမားမယားလို့ ၊ နှဲသမားပါးလို
ခံတွင်ပျက်ဘ၀များက ပိန်လိုက်ဖောင်းလိုက်ပါဘဲ
အခွင့်ထူးခံလူများက ဟန်ရေးတပြပြ၊
ရေမရှိတဲ့ မီးသတ်ကားနဲ့ 
ခဏခဏငြီးတွားမယ့် ဘ၀အပူများကိုဘယ်လိုပြိမ်းမလဲ။

မလုံ့ တလုံ အတ္တတွေနဲ့ 
မနာလိုဝန်တိုစိတ်များကါု
စကဒ်တိုတိုလို ၀တ်ဆင်ထားသူများရဲ့ 
အမိုက်မှောင်တွေကြီးစိုးဆဲမှာ
တဖြည်းဖြည်းစိပ်လာတဲ့ ကံကြမ္မာဆိုးတွေက
ပေါက်လွတ်ပဲစား ခြေပုန်းခုတ်ထောက်လှမ်းရေးသမားများလို
ဘ၀ကိုဖိနှိပ်ရင်း မမှန်သတင်းပေးဖို့ ခြေရာခံလိုက်နေတယ်၊
အမှန်တရာရေမွှေးမဆွတ်တဲ့ ကမ္ဘာကြီးမှာ
မသူတော်များရဲ့  သတင်းပုတ်နဲ့ ထွက်နေတာ အဆန်းလား
အကန်းတောင် အမှာနဲ့  အမှန် ခွဲခြားသိမြင်နိုင်တယ်။

အောင်ခိုင်မြင့်Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, March 29, 2009

အင်္ဂါနေ့၊ ဇွန်လ 03 2008 17:50 - မြန်မာစံတော်ချိန်
လှေဆိပ်နှင့် ကူလီ

ကွမ်းခြံကုန်းရှိ လှေဆိပ်သို့ ရောက်လာသည်။ ရှေ့ဆက်သွားသူရှိသလို ဤလှေဆိပ်မှနေ၍ ပင်လယ်ဝရှိရွာများသို့ သွားကြသည်လည်း ရှိသည်။ ကျနော်တို့ကား တက်ကြွသော လူငယ်အများစုပါသူများပီပီ ခပ်ဝေးဝေး လိပ်ကျွန်းအထိ သွားကြမည်ဖြစ်သည်။ အတွေ့အကြုံရှိပြီး ဦးဆောင် လူငယ်သည် တနေ့ကတည်းက ကွမ်းခြံကုန်းကို ကြိုလာပြီး စက်လှေငှားထားပြီးဖြစ်၍ စက်လှေက အသင့်စောင့်နေသည်။ ကြိုတင် မစီစဉ်နိုင်သူ မှာ ၉၈ ရာခိုင်နှုန်းဖြစ်ရာ စက်လှေငှားမရ၊ ငှားရတော့လည်း လှေဆိပ်ကပ်ဖို့မရှိ ဖြစ်နေရသည်။ တချို့လည်း ခရီးသင့်ရာ စုငှားသွားကြသည်။ ထိုနေ့အဖို့ ကျနော်တို့ အစုသာ အဝေးဆုံးခရီးနှင်ကြသည့်အဖွဲ့ဟု ထင်ပါသည်။

ငွေကျပ်တသိန်းကျော်ဖြင့် ကြိုငှားထားသော စက်လှေကကမ်းကပ်ဖို့ ကြိုးစားချိန် ကျနော်တို့ကလည်း အထုပ်တွေ ကားလမ်းပေါ်ကနေ ရေစပ် အထိ ထမ်းချဖို့ လုပ်ရသည်။ မျက်နှာငယ်လေးများနှင့် ကုန်ထမ်းသမားများကို ငှားလိုက်ချင်သော်လည်း ကိုယ်တွေအဖွဲ့မှာ လူငယ်ယောက်ျား လေးတွေ အများကြီးရှိသည်နှင့် ကိုယ့်ဖာသာ ထမ်းချကြသည်။ ကျနော်လည်း လိုလိုလားလားပင် ကျရာအထုပ် ၀င်ထမ်းပြီး စေတနာကူလီလုပ်ပါ သည်။ ထိုအချိန် ထိုနေရာမျိုးတွင် လူတိုင်းလိုလိုပင် ကိုယ်ချင်းစာချင်း၊ လူသားအချင်းချင်း မေတ္တာထားခြင်းတို့ဖြင့် ပြည့်လျှမ်းနေကြချိန်။ ဘာပဲ ကူညီရ ကူညီရဆိုတာမျိုး။ မိဘဆီမှာ ဘော်ကျော့ ဆိုးပေနေသူ လူငယ်လေးများမှာလည်း တသက်နှင့်တကိုယ်မထမ်း ကြည့်ဖူးသည့် ဆန်အိတ် ကြီးကို သူထမ်းမယ် ငါထမ်းမယ် လုပြီး ကုသိုလ်ယူ ထမ်းချင်နေကြသည့် မြင်ကွင်းကို မြင်ကြစေချင်ပါဘိ။ ကူလီလုပ်ရင်း ချွေးတလုံးလုံးကြားမှာ ပြုံးနေနိုင်ကြပါသည်။


နာဂစ်မြစ်၊ နာဂစ်မြင်ကွင်း

လှေဆိပ်မှ အထွက်တလျှောက် မြစ်ကမ်း အိမ်ယာတွေမှာ ရစရာမရှိ။ အလဲလဲ အပြိုပြို။ ပွင့်ထွက်နေသည့် ဂိုဒေါင်ကြီး သုံးဆောင်မှာ အသစ်ပြီး ကာစ ဖွင့်ပွဲတောင် မလုပ်ရသေးပါတဲ့။ အမိုးအကာ ဘာမှမရှိပဲ ထုတ်လျောက်တန်းလျားပဲ ကျန်သော ကြီးမားလှသည့် ဂိုထောင်ကြီး။ တချို့ စက်လှေ၊ သမ္ဗာန်ကြီးများမှာ မြုပ်တ၀က်၊ ပေါ်တ၀က်။ ခေါင်းစိုက် ဖင်စိုက်။ ကမ်းတလျောက် လူနေအိမ်ခြေတွေမှ မဆုံးသေး၊ ဓနိတောတခု ကြားမှာ လူသေအလောင်းတခုက ဖောင်းကားလျက်။ မုန်တိုင်းပြီး၍ ရက်နှစ်ဆယ်ပင်ကျော်ခဲ့ပြီ။ လူတွေနဲ့နီးနီး အလောင်းတွေရှိနေတာတွေ့တော့ အံ့သြမိသည်။ ဒီလို အလောင်းမျိုးကို ဖယ်ဖို့ခက်မည်ဟုတော့ ခန့်မှန်းမိသည်။ ဓနိတောစပ်ကို ဒီရေနဲ့ မျောဝင်တုန်းက မပုပ်ပွသေး။ အထဲရောက် ပြီး လူသေက ပွပြီးဖောင်းလာတော့ အပြင်ပြန်မရောက်တော့ဘဲ ဓနိတောရှုပ်ရှုပ်ထဲမှာ ပိတ်မိနေတာမျိုး။ ၀ါးနဲ့လည်း ထိုးချ၍ မရ၊ လူဝင်ပြီးဆွဲလို့ လည်း မရ။ ဒီအတိုင်းဖြစ်နေသည်။ ဒါက အရေးမကြီး။ ဒီလူသေ ကျွဲနွားသေတွေနဲ့ ရေစီးရေလာ မနီးမဝေးမှာ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေ မြစ်ထဲမှာ ရေချိုးနေကြတာ၊ မြစ်စပ်မှာ မြစ်ရေနဲ့ အ၀တ်လျှော်နေကြတာ။ ရေမှမရှိဘဲနဲ့။ ဒီဒေသခံတွေ ဘယ်မှာလာ ကျန်းမာကြံ့ခိုင်ကြတော့မည် နည်း။ ဘယ်မှာလာ ကျန်းမာရေးနှင့် ပြည့်စုံတော့မည်နည်း။

တဖြည်းဖြည်းနှင့် လူနေအိမ်ခြေရှိ ကမ်းပါးများ နည်းလာပြီး ကျွန်းကလေးတွေ ဟိုဘက် ဒီဘက်နှင့် မြစ်ပြင်ကျဉ်းလိုက်၊ ကျယ်လိုက်၊ မြစ်ခွဲလက် တက်ရောက်လိုက် တွေ့လာရသည်။ မြစ်ဝအရောက်တွင် စက်လှေဆရာက အလောင်းတွေ ရှိသေးကြောင်းပြောရာ ကျနော် မယုံဖြစ်နေသည်။ နာဂစ်အပြီး ရက်ပင် ၂၀ ကျော်ခဲ့ပြီ။ အလောင်းတွေ အရိုးကျလောက်ပြီ။ စက်လှေဆရာစကား မှန်ပေသည်။ ကျွဲနွားအသေတွေ ကမ်းပါးမှာ တွေ့နေရာကနေ ဘွားကနဲဆို ခပ်ပြေပြေ ရွှံ့ကမ်းစပ်ပေါ်တွင် ဦးခေါင်း၊ ကိုယ်၊ ခြေတံ လက်တံတွေ ရှိသေးသော အလောင်းတစ်ခုကို ကို့ရို့ ကားယားနှင့် ဘွားကနဲ တွေ့ရလိုက်ရသည်။ ခရီးသွား အယောက်သုံးဆယ်ကျော်ပါရာ ထိုဘက်ဝိုင်းကြည့်ကြသည်နှင့် စက်လှေကြီးလည်း ယင်းကမ်းပါးဘက် တစ်ခြမ်းစောင်းသွားသည်။ ယောင်္ကျား မိန်းမ ရေထဲမှာ မှောက်လျက်သေသည်၊ ပက်လက်သေသည်ဟု မြို့သားတစ်စု ငြင်းနေကြဆဲ၊ လှေဆရာစကားကြောင့် တိတ်သွားကြသည်။ `မုန်းတိုင်းအကျမှာ သေရတာ သေချင်သလို သေကြတာပါပဲဗျာ၊ မှောက်လျက် ပက်လက်တွေတောင် မရှိနိုင်တော့ပါဘူး´တဲ့။

လူသေတွေ အရိုးမကျပဲ ခန္ဓာမပျက် ရှိနေသေးခြင်းကို ရှင်းပြချင်ပါသည်။ ရေထဲရောက် အလောင်း တော်တော်များများမှာ အရိုးကျကုန်ပြီဖြစ်၍ မမြင်နိုင်ပြီ။ ကလေးအလောင်းတွေဆို မြန်မြန်ပင် အရိုးကျသွားသည်ဟု ဆိုသည်။ ယခု ရက် ၂၀ ကျော် ကြာသည့်တိုင် တွေ့နေရသေးသည့် အလောင်းများမှာ ရေးစပ်စပ်တွင် တင်နေသော အလောင်းများဖြစ်သည်။ မုန်းတိုင်းအကျ ရေတက်စဉ်က ရေသည် ၁၂ ပေ အမြင့်အထိတက် သည်ဆို၏။ ကုန်းမြေများမှာ ကျွန်းမြေပြန့်များဖြစ်ပြီး ကျနော်မှန်းကြည့်ရာ ငါးပေ၊ ခြောက်ပေ အမြင့်မျှသာဖြစ်သည်။ ပြေးတက်စရာကုန်းမြင့် မရှိရကား အကုန်သေကြခြင်းဖြစ်သည်။ ထိုအလောင်းများသည် ညဒီရေတက်ချိန်တွင် ဆားငန်ရေထိလိုက်၊ နေ့အချိန်တွင် နေပူကျဲကျဲထိလိုက်နှင့် ရက်အတန်ကြာသောအခါ ဆားစိမ်သော အလောင်းသဖွယ်ဖြစ်ပြီး အရိုးကျခြင်းသို့ မရောက်ဘဲ ဖြစ်ကာ ကျန်နေကြခြင်းဖြစ်သည်။ ကျွဲနွားအသေ တွေမှာလည်း ထို့အတူပင်။ အရိုးပေါ်တွင် သားရေတင်ပြီး အကောင်သဖွယ် ကျန်နေသေးသည်။ အနံအသက်မကောင်းသည်နှင့် နှာခေါင်းစည်း


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN