ခင်မမမျိုး
Friday, April 03, 2009
အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးလေးဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအ တော်စားလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှုပုံစံ အမျိုး မျိုးကိုလဲ လေ့လာသူတွေက လေ့လာသုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေးဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှုချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်း စစ်ခဲ့ကြတယ်။ျ
လူမှုရေး၊ စိတ်ပညာ ပညာရှင်တွေကလဲ သူတို့ တတ်ကျွမ်းတဲ့ နည်းပညာတွေကို အသုံးပြုပြီး အကြမ်းဖက်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ၊ သွင်ပြင်လက္ခဏာတွေကိုပါ လေ့လာနေကြတယ်။ နိုင်ငံပေါင်းစုံက အစိုးရတွေရဲ့ မဟာဗျူဟာလေ့လာရေးဌာနတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့အစည်းတွေမှာလဲ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ အများအပြား ခန့်အပ်ဆောင်ရွက် ကြရတယ်။ အချို့သော တက္ကသိုလ်တွေအနေနဲ့ကလဲ လိုအပ်လာတဲ့ ပညာရှင်အရေအတွက်နှုန်းကို ပံ့ပိုးပေးနိုင်ဖို့ အကြမ်းဖက်မှု လေ့ လာ ရေးဆိုင်ရာ ဘွဲ့လွန်အောင်လက်မှတ်အထူးသင်တန်းတွေ ဖွင့်လှစ်ကြရပြန်တယ်။
စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေရေးရာ စတဲ့ ဘာသာရပ်တော်တော်များများနဲ့ ဆက်စပ်နေတဲ့ multidisciplinary subject တခုဖြစ်တဲ့ အကြမ်းဖက်မှုလေ့လာရေးဟာ ယနေ့ခေတ်ကမ္ဘာရဲ့ အရေးအကြီးတဲ့ ပညာရပ်တခုအနေနဲ့ တ စတစ နေရာယူစိုးမိုးလာခဲ့ပါတယ်။ ပညာရပ်အနေနဲ့တင်မကပဲ နိုင်ငံတိုင်းရဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက် (National security objectives) တွေအထဲမှာလဲ ထိပ်ဆုံးက နေရာယူလာပါတယ်။ အခုဒီဆောင်းပါးမှာ အကြမ်းဖက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုနဲ့ မြန်မာ ရေးရာ အခြေအနေများကို ရေးသားတင်ပြလိုပါတယ်။
အကြမ်းဖက်မှုဆိုရာဝယ်အကြမ်းဖက်မှုဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေ၊ သတင်းနဲ့ စာနယ်ဇင်းသမားတွေ၊ အစိုးရတွေက အဓိပ္ပာယ်များစွာ ဖွင့်ဆိုခဲ့ကြတယ်။ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာမှာ နာမည်ကြီးပညာရှင်တယောက်ဖြစ်တဲ့ Walter Laquer က အကြမ်းဖက်မှုဆိုတာကို နိုင်ငံရေး၊ ဘာသာရေး၊ ယုံကြည်သက်ဝင်မှုဆိုင်ရာ ရည်မှန်းချက်များပြည့်မှီဖို့အတွက် တရားမ၀င်လက်နက် အင်အား အသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုလို့ အနက်ဖွင့်ဆိုခဲ့တယ်။
အကြမ်းဖက်မှုလေ့လာရေးသင်တန်းအားလုံးမှာ မရှိမဖြစ်သင်ရိုးညွှန်းတမ်းဖြစ်တဲ့ 'Inside Terrorism' ဆိုတဲ့ စာအုပ်ကိုရေးသားခဲ့တဲ့ Bruce Hoffman ကလဲ အကြမ်းဖက်မှုဆိုတာမှာ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ လှုံ့ဆော်ချက်တွေ၊ အကြမ်းဖက်မှုရဲ့ သားကောင်တွေ (သို့) ပစ်မှတ်တွေကိုသာမပဲ အများပြည်သူကိုပါ ထိတ်လန့်စေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေ၊ အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းမှု တွေ ပါဝင်ကြောင်း ရေးသားထားခဲ့ပါတယ်။
အကြမ်းဖက်မှုဆိုတာထဲမှာ လက်နက်အင်အားသုံးဖြေရှင်းတဲ့ အခြေခံသဘောတရားပါဝင်တာကြောင့် အကြမ်းဖက်မှု ပြုလုပ်သူများ ကိုင် စွဲတဲ့ လက်နက်တွေဟာလဲ အမျိုးမျိုး ကွဲပြားခြားနားပါတယ်။ ခေတ်သစ်အကြမ်းဖက်မှုကို လေ့လာတဲ့ လက်နက်ကျွမ်းကျင် ပညာရှင်များ ကတော့ ဒါတွေကို စစ်သုံးလက်နက်အမျိုးအစားတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ၊ အများအပြားသေကျေပျက်စီးစေတဲ့ လက်နက်တွေနဲ့ အသေခံဗုံးဖောက်ခွဲသူတွေဆိုပြီး ခွဲခြားဖော်ပြခဲ့ကြပါတယ်။
စစ်သုံးလက်နက်တွေဖြစ်တဲ့ ပစ္စတိုတွေ၊ အေကေ-၄၇၊ အမ်-၁၆ တို့လို ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေ၊ အစ္စရေးလုပ်အူဇီ၊ အမေရိကန် လုပ် Ingramလို စက်သေနတ်တွေ၊ အာရ်ပီဂျီလို့ အတိုကောက်ခေါ်ကြတဲ့ Rocket-propelled Grenades တွေ၊ အမေရိကန်လုပ် Stinger နဲ့ ဆိုဗီယက်လုပ် Grail တို့လို Precision Guided Munitions လက်နက်မျိုးစုံက်ု အကြမ်းဖက်မှုတွေမှာ အသုံးပြုကြပါတယ်။ ဥပမာ-မကြာသေးခင်ကမှ ဖြစ်သွားတဲ့ မွန်ဘိုင်းတိုက်ခိုက်မှုမှာဆိုရင် ဒီအမျိုးအစားလက်နက်တွေကို အသုံးပြုသွားခဲ့ကြတာပါ။
ပေါက်ကွဲစေတတ်တဲ့ ဗုံးတွေမှာလဲ စီဇက်က တီထွင်ခဲ့တဲ့ Semtex, အမေရိကန်က တီထွင်ခဲ့တဲ့ Composite-4 (C-4) တို့လို ပလပ် စတစ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ချိန်ကိုက်ဗုံး၊ ဆွဲမိုင်းစတဲ့ triggers တွေ၊ မိုလိုတော့ဗ်လို့အများက ခေါ်တတ်ကြတဲ့ ဓာတ်ဆီ ဗုံးတွေ၊ ပိုက်ဗုံးတွေ၊ ကားဗုံးတွေ၊ လေထုဖိအားသုံးပြီး ပေါက်ကွဲစေတတ်တဲ့ ဘာရိုမက်ထရစ်ဗုံးတွေ စသည်ဖြင့် ပါဝင်ပါတယ်။ နောက် တမျိုးကတော့ WMD လို့အတိုကောက်ခေါ်ကြတဲ့ Weapons of Mass Destruction ပါ။ ဒီအထဲမှာ ဓာတုဆိုင်ရာ အေးဂျင့်တွေ၊ ဇီဝဆိုင် ရာအေးဂျင့်တွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ အေးဂျင့်တွေကနေ နယူးကလီးယား လက်နက်တွေအထိ ပါဝင်ပါတယ်။ 9/11 ဖြစ်ရပ်ပြီးက တည်းက ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ဒီလက်နက်တွေနဲ့ တိုက်ခိုက်မှာကို စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်လာခဲ့ပြီး၊ CBRNE လို့ ဒီလောကထဲမှာ အတိုကောက်ခေါ်ကြတဲ့ chemical, biological, radiological, nuclear explosives တွေနဲ့ တိုက်ခိုက်မှု တွေဖြစ်လာခဲ့ရင် ပြုလုပ်ရမယ့် စီမံချက်တွေကို ရေးဆွဲလာကြရပါတယ်။
ဒီလို နိုင်ငံတော်လုံခြုံရေးစီမံချက်တွေ ရေးဆွဲနေကြစဉ်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ ပေါ်လစီရေးဆွဲ နေသူတွေအတွက် အချက်ကြီးတချက်ကို ထည့်သွင်းစဉ်းစား လာကြရပြန်ပါတယ်။ ဘာလဲဆိုတော့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေ ထဲမှာ non-state actors တွေ ပါဝင်သလို state actors တွေလဲ ပါဝင်နေတဲ့ အချက်ပါ။ လူအများ သေကြေပျက်စီးနိုင်တဲ့ လက်နက် ပစ္စည်းတွေဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်တတ်တဲ့ လူတစုလက်ထဲကို ရောက်သွားတာနဲ့တောင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်စေတယ်ဆိုရင် နိုင်ငံတော်အကြမ်းဖက်မှု ကျူးလွန်နေတဲ့ အာဏာရှင်အစိုးရတွေလက်ထဲ ဒီလက်နက်ပစ္စည်းတွေ ရောက်သွားတဲ့ အခါ ဒေသဆိုင်ရာလုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေး အပေါ်မှာ ဘယ်လောက်ထိခိုက်စေမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တ ချက်ဖြစ်လာပါတော့တယ်။
တကယ်တော့ နိုင်ငံတော်အစိုးရဆိုတာ ပြည်သူတွေအပေါ် ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးဖို့၊ ပြည်သူတွေရဲ့ စား ၀တ်နေရေး ပြည့်စုံဖူလုံစေဖို့၊ ပညာရေးတိုးတက်မြင့်မားစေဖို့၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေဖို့ လူထုက ရွေးချယ်တာဝန်ပေး၊ အာ ဏာအပ်နှင်းခံထားရတဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒါပေမယ့် တချို့သော နိုင်ငံတွေမှာ အာဏာဟာ လူထုက မသက်ဆင်းပဲ လူထုကို ခြိမ်း ချောက်သတ်ဖြတ်ပြီး၊ မတရားအာဏာယူထားတဲ့ အစိုးရတွေ အုပ်ချုပ်နေကြပါတယ်။ ဒီလိုအစိုးရတွေဟာ အကြောက်တရားနဲ့အုပ်ချုပ် ဖို့အတွက် ပြည်သူလူထုကို အန္တရာယ် ပြုတတ်ကြပါတယ်။ လူထုရဲ့ ပညာရည်အဆင့်အတန်းတွေ တိုးတက်မြင့်မားလာရင် တွေးခေါ်မှု အဆင့်အတန်းတွေ တိုးမြင့်လာပြီး နိုင်ငံရဲ့ ပကတိအမှန်တရားကို သိမြင်လာတာနဲ့အမျှ တော်လှန်ပုန်ကန်မှုတွေ ပေါ်ပေါက်လာတတ်တာ ဓမ္မတာမို့ ဒီလို အစိုးရတွေဟာ ပညာရည်အဆင့်အတန်း မြင့်မားမှုမရှိအောင် ပညာရေးကို စနစ်တကျ ဖျက်ဆီးထားတတ်ကြပါတယ်။ ကျန်းမာရေး၊ စားဝတ်နေရေး ပြည့်စုံဖူလုံရေးကိုလည်း စေတနာမှန်နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု မရှိကြတော့ပါဘူး။ အာဏာတည်မြဲ ရေး အတွက် အာဏာရဲ့ ဒေါက်တိုင်အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာဖို့အရေးနဲ့ အင်အားကြီးမားလာဖို့အရေးကိုသာ ရှေးရှု လုပ်ဆောင်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ရင်း လူထုကို ခြိမ်းချောက်အကြမ်းဖက်မှုတွေကလဲ တစတစ တိုးမြင့်လာပါတယ်။ ဒီလိုအ ခြေအနေမျိုးကို နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) အမျိုးအစားတွေထဲက state terrorism as domestic policy အဖြစ် ပညာရှင်များက ခေါ်ဆိုသတ်မှတ်ကြပါတယ်။
နိုင်ငံတော်အကြမ်းဖက်မှုဆိုရာဝယ်နိုင်ငံတော်အကြမ်းဖက်မှု (state terrorism) ဆိုတာကို အချို့က "terrorism from above” လို့ ခေါ်ဆိုသုံးနှုန်းကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီအကြမ်းဖက်မှုအမျိုးအစားက နိုင်ငံတနိုင်ငံရဲ့ အာဏာကို ရယူထားတဲ့ အစိုးရတွေ၊ အစိုး ရ လက်ကိုင်တုတ်အဖွဲ့အစည်းတွေက ကျူးလွန်တာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒီလိုကျူးလွန်မှုမှာ ပုံစံနှစ်မျိုးရှိပါတယ်။
ပထမတမျိုးက နိုင်ငံတော်အကြမ်းဖက်မှုကို foreign policy domain ပုံသဏ္ဍာန်နဲ့ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီလိုကျူးလွန်ရာမှာ တချို့နိုင်ငံများက sponsors အနေနဲ့ ကူညီပံ့ပိုးပေးတာရှိသလို၊ တချို့ကလဲ enablers တွေအနေနဲ့ပါ။ ဒီလိုပံ့ပိုးပေးကြရမှာ အတွေးအ ခေါ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ငွေကြေးပံ့ပိုးမှု၊ စစ်အင်အားပံ့ပိုးမှု၊ အကြမ်းဖက်တိုက်ခိုက်မှုကို ကနဦး အစပျိုးပေးမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်မှုဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အခု ဒီဆောင်းပါးမှာ domestic policy domain ကို အဓိကထား ရေးသားမှာ ဖြစ်တဲ့အတွက် အသေးစိတ် မဖော်ပြတော့ပါဘူး။
ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှုပြုလုပ်ရာမှာ အဓိက ပါဝင်လေ့ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကတော့ အာဏာ ရှင်များရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ စစ်တပ်၊ ရဲ၊ အာဏာရှင်စိတ်တိုင်းကျရေးဆွဲထားတဲ့ ဥပဒေကို အကောင်အထည်ဖော်နေကြရတဲ့ ဥပ ဒေဘက်တော်သားတွေနဲ့ အခြားသော လုံခြုံရေးအဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်က ပံ့ပိုးကြိုးကိုင်ထားတဲ့ ပြည်သူ့ စစ်အဖွဲ့တွေ၊ ချေမှုန်းသုတ်သင်ရေးအဖွဲ့တွေလဲ ပါဝင်ပါတယ်။ ပြည်တွင်းပေါ်လစီအနေနဲ့ နိုင်ငံတော်အကြမ်းဖက်မှု ပြုလုပ်ရခြင်းရဲ့ အဓိ က ရည်ရွယ်ချက်ကတော့ အစိုးရရဲ့ အာဏာကို ပြသဖို့နဲ့ အတိုက်အခံများကို အနှောင့်အယှက်ပြုဖို့၊ ဖယ်ရှားဖို့ ဖြစ်ပါတယ်။
တကယ်တော့ နိုင်ငံတော်တရပ်ရဲ့ အစိုးရဆိုတာမှာ ပြည်သူလူထုအကျိုးအတွက် လုပ်ပိုင်ခွင့်အာဏာတွေ ရရှိပြီးသား ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပြီး ယုံကြည်စွာနဲ့ အာဏာကို အပ်နှင်းကြတာပါ။ ဒါပေမယ့် ပြည်သူလူထုက တရား ၀င် ရွေးကောက်ထားတာမဟုတ်ရင်၊ ရွေးကောက်အောင် အတင်းအကြပ် ဖိအားပေးထားတာဖြစ်နေရင် ဒီလိုအစိုးရမျိုးဟာ မိမိကိုယ်ကို ယုံကြည်ချက် ရှိမနေပါဘူး။ ပမာဆိုရရင် သူတပါးမယားကို ကြာခိုနေရတဲ့ ယောက်ကျားဖျင်း၊ ယောက်ကျားညံ့တယောက်ရဲ့ စိတ်မျိုးဖြစ် နေပြီး၊ ဘယ်အချိန်မှာ ပိုင်ရှင်ပေါ်လာမလဲဆိုတဲ့ စိတ်က မသိစိတ်မှာ လွှမ်းမိုးနေတတ်ပါတယ်။ အဲဒီအခါကျတော့ ပိုင်ရှင်အမှန်ဖြစ်တဲ့ လူထုက အာဏာပြန်တောင်းမှာကို တစတစ ကြောက်လာပါတယ်။ လူတွေဆိုတာ ကြောက်လာပြီဆိုရင် ရမ်းမိရမ်းရာ ရမ်းပြီး၊ မလုပ်သင့် တာတွေ လုပ်တတ်ကြစမြဲမို့ ဒီလိုအာဏာသိမ်းအစိုးရတွေ၊ မသမာနည်းနဲ့ အာဏာရယူထားတဲ့ အစိုးရတွေဟာ လူထုကို အတင်းအကြပ် ဖိနှိပ်ကြပါတော့တယ်။
နိုင်ငံရေးပညာရှင် ပီတ စီဒါဘတ်ခ်က ဒီလို ဖိနှိပ်မှုပုံသဏ္ဍာန်တွေကို vigilante state terrorism, official state terrorism နဲ့ genocidal state terrorism ဆိုပြီး သုံးမျိုးခွဲခြားဖော်ပြခဲ့ပါတယ်။ vigilante state terrorism ဆိုတာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ် တွေကို အစိုးရက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှု ကျူးလွန်စေခြင်းဖြစ်ပါတယ်။ official state terrorism ဆိုတာ မှာကျတော့ overt နဲ့ convert ဆိုပြီး နှစ်မျိုးထပ်ခွဲလို့ရတယ်။ overt official state terrorism ဆိုတာက မြင်သာထင်ရှားတဲ့ စစ်တပ်၊ ရဲ ယူနီဖောင်းဝတ်တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပါတယ်။ convert official state terrorism ဆိုတာကတော့ လျှို့ဝှက်ရဲ၊ ထောက်လှမ်းရေးစတဲ့ secret services တွေကို အသုံးပြုပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ပြုလုပ်တာဖြစ်ပါတယ်။
genocidal state terrorism ဆိုတာကတော့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုးတမျိုး (သို့) လူမျိုးနွယ်တစုကို လူမျိုးသုဉ်း စေတဲ့ ရည်ရွယ်ချက်နဲ့ ချေမှုန်းသတ်ဖြတ်တာဖြစ်ပါတယ်။ genocide ဆိုတဲ့စကားလုံးကို ၁၉၄၃ ခုနှစ်က Dr. Raphale Lemkin ရေးသား ထုတ်ဝေခဲ့တဲ့ Axis Rule in Occupied Europe ဆိုတဲ့ စာအုပ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ လက်တင်ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ geno ဆိုတာ race (or) tribe ဖြစ်ပြီး၊ cide ဆိုတာကတော့ killing (သတ်ဖြတ်ခြင်း) ဖြစ်ပါ တယ်။ နိုင်ငံတနိုင်ငံမှာ အစွန်းရောက်အစိုးရတွေဟာ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးခြင်း၊ စစ်တပ်၊ ရဲအင်အားတွေသုံးပြီး ဒီ လူမျိုးစု တွေနေထိုင်ရာ ရွာတွေကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူမျိုးစုဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စတာတွေ ပြုလုပ်နေ ပြီဆိုရင် ဒါကို genocidal state terrorism ကျူးလွန်နေပြီလို့ သတ်မှတ်လို့ရပါတယ်။
အခုဆက်လက်ပြီး မြန်မာနိုင်ငံက နိုင်ငံတော်အကြမ်းဖက်မှုနဲ့ ပတ်သက်တာတွေကို ရေးသားတင်ပြပါမယ်။
မြန်မာနိုင်ငံနိုင်ငံတနိုင်ရဲ့ state authority ကို နိုင်ငံရေးပညာရှင်တွေက typology လေးမျိုးခွဲပြီး လေ့လာသုံးသပ်ကြပါတယ်။ ပထမအ မျိုးအစားကတော့ ဒီမိုကရေစီ အမျိုးအစားပါ။ ဒီမိုကရေစီ state authority ရှိတဲ့နိုင်ငံမှာ စစ်တပ်၊ ရဲစတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ security institutions တွေဟာ ဒုတိယနေရာမှာပဲ ရှိပါတယ်။ နိုင်ငံတော်မှာ တရားမျှတမှုရှိတာအတွက်ကြောင့် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ အစိုးရဆိုတာဟာ ပြည်သူက ရွေးကောက်တာဖြစ်တဲ့အတွက် အာဏာဟာ လူထုဆီကပဲ သက်ဆင်းပါတယ်။ နောက်ပြီး နိုင်ငံတခုဟာ ဒီမိုကရေစီ ကျင့်သုံးနေလား၊ မကျင့်သုံးဘူးလားဆိုတာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲလုပ်တာနဲ့ ဒီမိုကရေစီရပြီလို့ မသတ်မှတ်နိုင်ပါဘူး။ အစိုးရရဲ့အာဏာခွဲဝေအသုံးပြုမှု၊ လုံခြုံရေးအဖွဲ့အစည်းတွေကို secondary role မှာ ထားရှိမှု၊ ဘတ်ချက်ခွဲဝေမှု၊ accountability ရှိမှု၊ လူ့အခွင့်အရေးနဲ့ rule of law ကို လေးစားမှု၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့ အစိုးရရဲ့ အုပ်ချုပ်နိုင်မှုစွမ်းရည်၊ အစိုးရပေါ်လစီတွေနဲ့ ပတ်သက်ပြီး လူထုကို သတင်းအချက်အ လက်ပေးမှု၊ လူထုက ဝေဖန်ပြောဆိုနိုင်မှု စတဲ့ အချက်အလက်အများကြီးအပေါ်မှာ မူတည်တာဖြစ်ပါတယ်။
နောက်တမျိုးကတော့ authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ်ပါ။ ဒီလိုစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ အစိုးရရဲ့ အာဏာဟာ minimal constraint ပဲ ရှိပါတယ်။ အစိုးရဟာ တရားမျှတမှုမရှိတဲ့ ရွေး ကောက်ပွဲနဲ့ ရွေးကောက်ခံရတဲ့ အစိုးရဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကကျတော့ ပြည်သူလူထုက လုံခြုံရေးအဖွဲ့ဝင်တွေက မတရားစော်ကားအနိုင်ကျင့်ရင် ကာကွယ်ပေးနိုင်မယ့် ဥပဒေ မဟုတ်ပါဘူး။ လုံခြုံရေးအဖွဲ့ အ စည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။
ဒီလိုစနစ်ကျင့်သုံးတဲ့နိုင်ငံတွေရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်မှာ အကန့်အသတ်တွေရှိပါတယ်။လူအများ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြော ကြားခွင့်၊ စုဝေးဟောပြောခွင့် မရှိပါဘူး။ ဥပဒေကို အစိုးရက သူတို့စိတ်တိုင်းကျ ပြင်ဆင်ရေးဆွဲပြီး၊ ဥပဒေ၀န်ထမ်းတွေကို အစိုးရဒေါက် တိုင်တွေအဖြစ် အသုံးချလေ့ရှိပါတယ်။
နောက်တမျိုးကတော့ totalitarianism ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင်လဲ စစ်တပ်၊ ရဲစတဲ့ လုံခြုံရေး အဖွဲ့ အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အဆုံးစွန်အထိကို မြင့်မားပါတယ်။ အစိုးရအာဏာဟာ unconstrained authority ဖြစ်သွားပါပြီ။ တရား မျှတမှုတွေ ဆိတ်သုဉ်းနေပါတယ်။ လူထုကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ထားပါတယ်။ အစိုးရဟာ လူ့အဖွဲ့အစည်းကို ထင်ရာစိုင်း အုပ်ချုပ်ပါတယ်။ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ဟာ အစိုးရဆီကပဲ သက်ဆင်းပါတယ်။ ဥပမာ- အာဖဂန်နစ်စတန်မှာ တာလီဘန် အုပ် ချုပ်စဉ်က ပုံသဏ္ဍာန်မျိုးပါ။ နောက်ဆုံးတမျိုးကတော့ crazy states ဆိုတဲ့ အမျိုးအစားပါ။ ဒီစနစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာတော့ လက်နက် ကိုင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ အရမ်းမြင့်မားပါတယ်။ နိုင်ငံတော်မှာ central authority မရှိတော့ပါဘူး။ သက်ဆိုင်ရာ ဒေသအလိုက် စစ်ဘုရင်တွေ၊ စစ်သွေးကြွတွေက အုပ်ချုပ်ကြပါတယ်။ state behaviour ဟာ ပုံမှန်မဟုတ်တောပါဘူး။ ဥပမာ- ယူဂန်ဒါ နိုင်ငံမှာ Idi Amin အုပ်ချုပ်စဉ်ကာလက အခြေအနေမျိုးပါ။
နိုင်ငံရေးပညာရှင်တွေက မြန်မာနိုင်ငံကို authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ခေါ် ဆိုကြပါတယ်။ အခုလတ်တလောအခြေအနေမှာ (၂၀၁၀) ရွေးကောက်ပွဲ မြန်မာနိုင်ငံမှာ ကျင်းပမှာနဲ့ ပတ်သက်ပြီး အချို့က မြန်မာနိုင်ငံ မှာပဲ ဒီမိုကရေစီရတော့ မယောင်ယောင် ပြောဆိုနေကြပါတယ်။ အထက်မှာ ကျွန်မဆိုခဲ့သလိုပဲ ဒီမိုကရေစီစနစ်ကျင့်သုံး၊ မသုံးဆိုတာ ဟာ ရွေးကောက်ပွဲတခုတည်းနဲ့ တိုင်းတာလို့ ရတာမဟုတ်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လုံ ခြုံရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို secondary role မှာ မထားပဲ central role မှာ ထားပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ အရေးကြီးဆုံးကဏ္ဍတွေဖြစ်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးကဏ္ဍတွေအပေါ်မှာ လူထုရဲ့အာဏာသက်ဆင်းနိုင်မှု မရှိပါဘူး။ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်ပြီးလဲ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ တန်းတူညီမျှခွင့်အတွက် အာမခံချက်မရှိပါဘူး။
တကယ်တော့ နိုင်ငံတော်အာဏာဆိုတာ သုံးပုံတပုံ၊ လေးပုံတပုံ ချိုးဖဲ့စားရတဲ့ ဘီစကွတ်မုန့် မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်တခုလိုပဲ အာရုံ ကြောအဖွဲ့အစည်းတွေ၊ သွေးလည်ပတ်မှုတွေ၊ ခြေလက်အဂါင်္တွေ၊ အတွင်းကလီစာတွေနဲ့ တည်ဆောက်ထားတာမျိုးပါ။ စစ်အုပ်စုလက်ရှိ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဆိုတာက လူကို ခေါင်းဖြတ်ပြီး၊ ကျန်တဲ့ကိုယ်ပိုင်းကိုမှ ပြည်သူ့အာဏာသက်ဆင်းစေတဲ့ ပုံသဏ္ဍာန်မျိုးပါ။ ကမ္ဘာ ပေါ်မှာ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးကို ကျင့်သုံးတဲ့နိုင်ငံမျိုးရှိတယ်လို့လဲ မကြားဖူးပါ။ ခေါင်းမရှိတဲ့ကိုယ်ကြီးကို အသက်သွင်းဖို့ဆိုတာ အလွန်ပင် ခဲယဉ်းပါလိမ့်မယ်။
ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးနဲ့ နိုင်ငံတော်မှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတော်အကြမ်းဖက်မှုတွေကို တားဆီးနိုင်ခြင်း ရှိမရှိဆိုတာကိုလဲ အလေးထားပြီး ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ state terrorism အမျိုးအစားများကို ဆက်လက် လေ့လာကြည့်ကြပါစို့။
မြန်မာနိုင်ငံနှင့်နိုင်ငံတော်အကြမ်းဖက်မှု
နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်အမျိုးအစားများကို အသုံးပြုပြီး လေ့လာကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတော်အကြမ်းဖက်မှု ပုံသဏ္ဍာန်သုံးမျိုးလုံး ဖြစ်ပွားနေတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ ပထမအမျိုးအစားဖြစ်တဲ့ Vigilante state terrorism ကိုတော့ စစ်အုပ်စုဟာ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို အသုံးချပြီး ကျူးလွန်နေပါတယ်။ ဒီပဲယင်းသတ်ဖြတ်မှုအရေးအခင်း၊ စက်တင်ဘာတော်လှန်ရေး ကနဦးစ အခြေအနေများမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်တဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်များကို နိုင်ငံတော်က ကြိုးကိုင်ပြီး နိုင်ငံရေးအကြမ်းဖက်မှုတွေ ကျူးလွန်စေခဲ့ပါတယ်။
နောက်ထပ်ပုံသဏ္ဍာန်တမျိုးဖြစ်တဲ့ official state terrorism ကိုလဲ နအဖစစ်အုပ်စုမှ ကျူးလွန်ခဲ့ကြောင်း ရှစ်လေးလုံးလူထုတိုက်ပွဲ၊ ၉၆ ခုနှစ် ကျောင်းသားများ ဆန္ဒပြအရေးဆိုမှု၊ စက်တင်ဘာ တော်လှန်ရေးပုံရိပ်များက သက်သေခံထားပြီ ဖြစ်ပါတယ်။ ဒါတွေတင်မက တိုင်း ရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေက မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့မှုတွေဟာလဲ မြင်သာထင်ရှားတဲ့ overt official state terrorism တွေဖြစ်သလို၊ စစ်ကြောရေးစခန်းတွေထဲက နှိပ်စက်ညှဉ်းပမ်း ရိုက်နှက်မှုတွေ၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်မှုတွေ၊ ခြိမ်းချောက် မှုတွေဟာလဲ convert state terrorism ကျူးလွန်မှုများကို ညွှန်ပြနေတာ ဖြစ်ပါတယ်။
(overt official state terrorism committed by SPDC soldiers)
အဆိုးဆုံးကတော့ genocidal state terrorism လို့ခေါ်တဲ့ လူမျိုးသုဉ်း နိုင်ငံတော်အကြမ်းဖက်မှု တွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေခြင်းပဲ ဖြစ်ပါတယ်။ Genocidal acts ဆိုတာက အချို့က physical extermination လို့ပဲ ထင်နေကြပေမယ့် ဒီအထဲမှာ လူမျိုးစုတွေရဲ့ ကိုးကွယ် ယုံကြည်မှု၊ စာပေနဲ့ အခြားအစဉ်အလာဓလေ့တွေ အပေါ်မှာ အတင်းအကြပ်တားမြစ်မှု၊ ခြိမ်းချောက်အနိုင်ကျင့်မှု၊ ကိုယ်ရောစိတ်ပါ ထိ ခိုက်နာကျင်စေမှုတွေလဲ ပါဝင်တာ ဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာနယ်မြေတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ၊ မုဒိမ်းပြုကျင့်မှုကို စစ်ဆင်ရေးလက်နက်တခုအဖြစ် အသုံးချမှုတွေ၊ ကျေးရွာများ ပြောင်းရွှေ့နေရာချမှုတွေ၊ ပေါ်တာဆွဲမှုတွေ၊ စာပေ နဲ့ ယဉ်ကျေးမှုအပေါ် ချုပ်ချယ်ကန့်သတ်မှုတွေဟာ genocidal state terrorism ကျူးလွန်မှုတွေပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရရင် မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အုပ်စုဟာ နိုင်ငံတော်အကြမ်းဖက်မှုကို ကျူးလွန်နေတဲ့ အကြမ်းဖက်သမားများ ဖြစ်တာကြောင့် ပြည်သူလူထုတရပ်လုံးအနေနဲ့ စုပေါင်းတော်လှန်ဖို့ လိုအပ်လှပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
“ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး- ဒို့အရေး ” “ ဒီမိုကရေစနစ်ထွန်းကားရေး- ဒို့အရေး ” “ နိုင်ငံတော်အကြမ်းဖက်သမားများ- အလိုမရှိ ”
ခင်မမမျိုး (၂၊ ၄၊ ၂၀၀၉)
Rest of your post
Tuesday, April 14, 2009
နိုင်ငံတော်အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ
နိဂုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment