Saturday, April 11, 2009

ကဲ .. မင်းတို့ ဘာပြောနိုင်သေးလဲ ပြင်ပမီဒီယာသမားတို့ 

ဖတ်ဖြစ်အောင်ဖတ်ပါဗျာ အရေးအသားကောင်းလို့ တင်ထားဖြစ်ပါတယ်။

“မီဒီယာကို မီဒီယာနှင့် တုံပြန်မည်”


နိုင်ငံတော် ပြန်ကြားရေး ဝန်ကြီး ဗိုလ်ရှော်ဆန်း(ငယ်နာမည် ဂျပု ဂွတို)

အထက်ပါ ညွန်ကြားချက်နှင့် အညီ တိုးတတ်ခေတ်မီ နေသော မြန်မာနိုင်ငံတော်ကြီးအား ပြည်တွင်းပြည်ပ အဖျက်သမားများ၏ လိမ်လည် သတင်းမှားပေးကာ သိက္ခာချနေမှုများ တုန့်ပြန်နိုင်ရန် .. ကျွန်တော် မောင်သာဂိ တစ်ယောက် ကင်မရာလေး ကိုင်ကာ သတင်းသမား ပီပီ အပြေးအလွှားဖြင့် မှော်ဘီ ဘက်သို့ ဦးတည် ထွက်ခွာလာပါသည်။

နိုင်ငံတော် (အမှန်တော့ နိုင်ငံတော် ဆိုတာ ဘာကို ရည်ညွန်းမှန်း ကျွန်တော် မောင်သာဂိ တစ်ယောက် သိသည် မဟုတ်ပါ။) ၏ စစ်မှန်သော စေတနာများဖြင့် တံတားတွ ဖောက်လမ်းတွေ ဆောက်လုပ်ထားတာကြောင့် ဗိုက်ထဲ ကျောက်ခဲ ထည့်ထားလျင်

ကြေညက်သွားစေနိုင်သော ကျောက်ခဲကြေလမ်းမကို ဖြတ်ကျော်ကာ မှော်ဘီ ဘက်သို့ တခေါက် ရောက်ခဲ့ပါသည်။

ကျွန်တော် မောင်သာဂိ သိသလောက် ကမ္ဘာ့နိုင်ငံများတွင် ယဉ်အန္တာရယ် ကင်းဝေးစေရန် အချို့သော လမ်းမများတွင် အရှိန်ထိန်းစေသော ကုန်းအမြင့်လေးများကို လမ်းမတွင် ထားလျက် ကားများအား ဖြေညှင်းစွာ မောင်းစေချင်းဖြင့် ထိန်းချုပ်ကြကြောင်း ကြားဖူးခဲ့သည်။

အဆိုပါ ကုန်း အမြင့်လေးများ ပြုလုပ်ခြင်းမှာ ကတ္တာများ အပိုကုန်သဖြင့် နိုင်ငံတော် ဝင်ငွေများ အလကားဖြုန်းတီးရာ ကြသည် .. မဟုတ်ပါလား။ ထို့ကြောင့် အမြော်အမြင်ကြီးမားတော်မူသော တပ်မတော် ဗိုလ်ချုပ်ကြီးများ၏ လမ်းညွန်ချက်များနှင့် အညီ ကုန်းအမြင့်လေးများ မလုပ်ဘဲ .. လမ်းမတွင် ချိုင့်ခွက်ကြီးကြီးများ ပြုလုပ်ခြင်းဖြင့် ကားများကို ဖြေးညှင်းစွာ မောင်းနှင်စေကာ အရှိန်ဖြင့် မောင်းနှင်ချင်းဖြင့် ဖြစ်ပေါ်လာနိုင် ယဉ်အန္တာရယ်များကို ထိန်းချုပ်နိုင်ခဲ့လေသည်။ (အော် ..... နိုင်ငံတော် အကြီးအကဲများ၏ ရွှေဥာဏ်တော် ပေါက်ရောက်ပါပေစွဟု .. တွေးလျက် ကြည်ညိုစိတ်များ တဖွားဖွားပေါ်နေပေတော့သည်။ )

ယခုလည်း ... ကမ္ဘာ့ အဆင့်မီလား .. ကမ္ဘာ့အဆင့် လွန်လား မသိ .. နည်းပညာရပ်များကို သင်ကြားပေးသော မှော်ဘီ ရပ်ရှိ နည်းပညာ တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တတ်ရောက်ကာ သတင်း ဓါတ်ပုံများ ဝေဝေဆာဆာဖြင့် သတင်းများတွင့် ထည့်လိုက်ရလျှင်ကား ပြည်ပမှ မီဒီယာ သမားများ ပါးစပ်များ ပိတ်လျက် “ဟာ...ဟင်” ဖြစ်သွားစေရန် ကျွန်တော် အပြေးအလွှား သွားရောက်နေသည် မဟုတ်ပါလား။

မှော်ဘီ နည်းပညာ တက္ကသိုလ် ကျောင်းဝင်းထဲ ဝင်လိုက်လျှင်ပဲ ပူလောင်သော နွေရာသီတွင်ပင် ကျောင်းသား၊ ကျောင်းသူများ အေးမြမြဖြင့် ပညာသင်ကြားနိုင်ရန် သစ်ရိပ်ဝါးရိပ် ကောင်းကောင်းဖြင့် စီစဉ်ပေးထားသည်များက ... အလေ့ကျပေါက် သစ်ပင်များကို ဟိုတပင် ဒီတပင် နေရာတကာတွင် တွေ့မြင်နိုင်သည်။

အရိပ်ကောင်းကောင်းပေးနိုင်သော ခြေမျက်စိဖုံး မြက်ပင်များနှင့် ခြုံပုတ်များကလည်း တချို့မှာ နွေသရုပ်ကို ပီပြင်စွာ ဖေါ်လျက် ရွှေဝါရောင် သမ်းလျက် ခြောက်တချို့၊ စိမ်း တဝက်ဖြင့် ဝေဝေစာစာ အလှ ဆင်လျက်ရှိကြသည်မှာ .. ပုဂံခေတ်က မြကန်၏ သာယာပုံကို ရေးသော စာဆိုပင် အမွမ်းတင် ရေးနိုင်စွမ်းငှာ တတ်နိုင်မည် မထင်။ (ရေကန်လည်း မရှိ၊ လွင်တီးခေါင်ကို ဘယ်လိုလုပ် မြကန် စာဆိုက အမွမ်းတင်နိုင်ပါ့အံ့နည်း။)




ခြေတလှမ်း လှမ်းလိုက်တိုင်း တထောင်းထောင်း ထ နေသော ဖုံမှုံ့ များနှင့် ရီဝေဝေ မြင်ကွင်းက တစုံတခုခုကို သတိရနေသလိုပါပဲ။ ကဗျာ ဆန်ဆန်ပြောရလျှင်ဖြင့် ဖုံခိုး ဖုံငွေ့ ကြားမှာ လွမ်းမောဖွယ်ရာ အတိပေါ့။ (နှားခေါင်းကိုတော့ ကျန်းမာရေး အရ ပိတ်ထားရသည်က လွဲလျှင်။)

ကဲ .. ဆက်လေ့လာကြည့်ကြဦးစို့ရဲ့။ ....

မြန်မာပြည်ရဲ့ အနာဂါတ် သားကောင်းရတနာ ပညာတတ်ပုဂ္ဂိုလ်များကို နောက်ဆုံး မွေးထုတ်ဂုဏ်ပြုတဲ့ အခမ်းအနားမှာ အခုလို သတင်းရယူဖို့ လာခဲ့ရတာကြောင့်လည်း ကိုယ့်ဘာသာ ဂုဏ်ယူလို့ ဆုံးပါဘူး။

ပြောနေကြာတယ် ဘွဲ့နှင်းသဘင် ကျင်းပရာ ခမ်းမဆောင်ကြီးကို လှမ်းကြည့်လိုက်ရအောင်။ အား .. ပါး .. ပါး .. ကြီးကျယ်ခမ်းနား တင့်တယ် လှပ လှသော ခန်းမဆောင်ကြီးကို အဝေးက လှမ်းမြင်လိုက်ရလျှင်ပဲ ....။ .......


...... စာဖတ် ပရိတ်သတ်တို့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြန်လည် ဖေါ်ပြရလျှင်ကား ရှည်လျှားကျယ်ဝန်းတဲ့ ခန်းမ ဆောင်ကြီးမှာ .. လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားသော မျက်နှာကျတ်များက ခပ်မြင့်မြင့် .. ရှေ့ဆုံး အစွန်မှ တစ်ယောက်ယောက်က အော်လိုက်လျှင် နောက်ဆုံးမှ ထိုင်နေသော လူက ထိုအော်သံကို ကြားရဖို့ ခဏမျှ စောင့်ရသော ခန်းမကျယ် မျိုး၊

.... အခန်းနံရံများတွင် ကနုတ်ပန်းခက်များ၊ ကမ္ဘာကျော် ပန်းချီကားများ ချိတ်ဆွဲထားလျက် ခြေနင်း ကြမ်းပြင်ကား မဟော်ဂနီရောင် ပေါ်လစ် သုတ်ထားသော ပျဉ်းကတိုးသားဖြင့် ခင်းထားပြီး .

.... ခန်းမ၏ တံခါးဝတွင် လူရပ်လိုက်လျှင် အလိုအလျှောက် ပွင့်သွားစေသော တံခါးများ တပ်ဆင်ထားသော ခန်းမမျိုးအားမျက်စိနှင့် မြင်ကြည့်လျက်

.. ထိုခန်းမနှင့် ပြောင်းပြန် အချိုးကျမှုကို တွေးကြည့်ကြပါကုန်။



အင်ဂျင်နီယာ ပညာရပ်များ၊ နည်းပညာများကို သင်ကြားပို့ချပေးနေသော ကျောင်းဖြစ်သည်နှင့် အားလျှော်စွာ နိုင်ငံတော်က ပေးသော လျှပ်စစ်မီးကို အားမကိုး၊ ကိုယ်ပိုင် ကျောင်းသားများ တီထွင်ထားခြင်း မဟုတ်သော မီးစက်စုတ် တလုံးဖြင့် အခမ်းအနားအတွက် လျှပ်စစ်ပေးနေသည်မှလည်း နည်းပညာ တက္ကသိုလ် ပီသ ပါပေစွ။



ဘွဲ့ရယူပြီး ထွက်လာသော ပညာတတ် အကျော်အမော်များ ခေတ္တ ခဏ နားနေနိုင်ရန်နှင့် မိသားစုများ ခန်းမအပြင်ဘက်တွင် အနားယူသော နေရာကို .. သဘာဝ အဲယာကွန်း ရရှိနိုင်အောင် ဖုံ ထူထူ လွင်တီးခေါင်တွင် ပြုလုပ်ပေးထားနိုင်သည်မှာလည်း တိုးတတ်ခေတ်မီနေသော မြန်မာနိုင်ငံမှ လွဲလျှင် အခြားနိုင်ငံများတွင် ပြုလုပ်နိုင်မည် မဟုတ်ဟု ကျွန်တော် မောင်သာဂိ အားရဝမ်းသာစွာ မှတ်ချက် ပေးမိပါသည်။



ကဲ .. ဒီလိုနဲ့ ကျောင်းသား ကျောင်းသူများ အမှတ်တရ ဓါတ်ပုံ ရိုက်ယူစရာ နေရာများကို လိုက်လံ ရှာဖွေ ကြည့်လိုက်သောအခါ .. သာဂိ တို့ ငယ်ငယ်က ရွာဦးကျောင်းနား နွားတင်းကုပ်သာသာ မြင်ကွင်းကို နောက်ခံထားလျှက် ကျောင်းသား ကျောင်းသူများ အမှတ်တရ ရိုက်ယူနိုင်ကြပါအံ့။ မြန်မာနည်း မြန်မာ့ဟန် ဒီမိုကရေစီ နိုင်ငံတော် နှင့် လိုက်ဖက် ညီပေစွ။



ဒီလိုမျိုး အစစ အရာရာ ပြည့်စုံ ကောင်းမွန်နေသော မြန်မာနိုင်ငံတော်ကြီး၏ ပညာတတ်လူငယ်များကို နိုင်ငံတော်က စေတနာ ရှေ့ထားပြီး ခမ်းခမ်းနားနား မွေးထုတ်ပေးနေသည်ကို မကောင်းပြောတတ်သော ပြည်ပ မီဒီယာများနှင့် အဖျက်သမားများအား မောင်သာဂိ တစ်ယောက်က

“ ... ကဲ .. မင်းတို့ ဘာပြောနိုင်သေးလဲ .. ” လို့သာ မေးခွန်း ထုတ်ချင်နေမိပါတော့တယ်။

ချစ်ခင်လေးစားစွာ မေတ္တာရှေ့ထားလျှက် ....
ကိုရင် သာဂိ

Rest of your post

1 comment:

ဖြိုးဝေ-mmp said...

ကိုရင် သာဂိ ရေးသားချက်တွေ တကယ်ကောင်းတာပဲ ကိုဒေါင်းရေ
ဘာတဲ့ အော် ..... နိုင်ငံတော် အကြီးအကဲများ၏ ရွှေဥာဏ်တော် ပေါက်ရောက်ပါပေစွဟု .. တွေးလျက် ကြည်ညိုစိတ်များ တဖွားဖွားပေါ်နေပေတော့သည် တဲ့း)

 

Downtamun template | DOWNTAMUN