Tuesday, April 14, 2009

လယ်သမားများ အကြွေးမဆပ်နိုင်သဖြင့် လယ်မြေနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရ

ဖြိုးကြီး

လယ်သမားများ အကြွေးမဆပ်နိုင်သဖြင့် ငွေတိုးချေးသူများက လယ်မြေနှင့် အိမ်များ သိမ်းဆည်းသွားသည်ကို သက်ဆိုင်ရာသို့ စာတင်တိုင်းတန်းထားသော်လည်း တစုံတရာ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ရွာသားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကွန်ကလပ်ကျေးရွာမှ လယ်သမား ၆၂ ဦးထံမှ လယ်မြေများ၊ လူနေအိမ်၊ နွားများနှင့် လှည်းများကို ပြီးခဲ့သည့်လလယ်ခန့်မှစ၍ ဦသိန်းဇော်နှင့် အခြားငွေတိုးချေးသူများက ခြိမ်းခြောက်ကာ သိမ်းယူသွားခြင်းဖြစ်သည်ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

“ကျနော်တို့က သူတို့ဆီက ပိုက်ဆံကို ၇ ကျပ် - ၈ ကျပ်တိုးနဲ့ ချေးပြီးတော့ မြေဆီသြဇာအတွက် ယူသုံးရတယ်၊ စာချုပ်တွေပေါ်မှာ လက်မှတ်ထိုးယူကြတာပဲ၊ အရင်နှစ်တွေက ပြေလည်ပေမဲ့ ဒီနှစ်ကျတော့ မကျေတဲ့အခါကျတော့ စာချုပ်ကိုပြပြီး ပုဒ်မ (၄၀၆/၄၂၀) နဲ့ ရဲစခန်း၊ တရားရုံးတို့မှာ အမှုဖွင့်တဲ့အခါကျတော့ ကျနော်တို့လဲ ကြောက်လန့်ပြီးတော့ ရယကလူကြီးရှေ့မှာ ညှိပြီးတော့ ပေးလိုက်ရတာ” ဟု လယ်သမားတဦးက ပြောသည်။

ငွေတိုးချေးသူများ သိမ်းယူသွားသည့် ပစ္စည်းများမှာ လယ်ဧက ၂၁၁ ဧက၊ နွား ၂ ကောင်၊ လှည်း ၃ စီးနှင့် လယ်မြေမရှိသူများက ခြံမြေနှင့် အိမ် ၃ လုံးပါဝင်ကြောင် ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ သိမ်းဆည်းခံရခြင်းနှင့်ပတ်သက်၍ “ဒီနှစ်ကျတော့ နာဂစ်ဒဏ်ကြောင့်လဲ ပါတယ်၊ နောက် လယ်သမားတွေမှာက မြေဆီလဲ မရတော့တဲ့အခါကျတော့ စပါး၊ ပဲ မကောင်းဘူး၊ အထွက်နည်းတယ်၊ ဈေးကလဲမကောင်းတော့ အကြွေးမဆပ်နိုင်ဖြစ်ကြတာ၊ အခု ကျနော်တို့ အရမ်းကို ဒုက္ခရောက်နေတာပေါ့ဗျာ၊ လယ်သမားက လယ်မရှိတော့ စားရသောက်ရမဲ့ဘဝ ရောက်နေတာပေါ့” ဟု အဆိုပါလယ်သမားက ပြောသည်။

လယ်မြေအသိမ်းခံလိုက်ရသည့် လယ်သမားများအနေဖြင့် ရယကအဖွဲ့ဝင်များအကူအညီဖြင့် မြို့နယ်မြေစာရင်းဌာန၊ မြို့နယ်(မယက)နှင့် ခရိုင်အထိ စာရေးတင်ပြ တိုင်တန်းထားသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ မြို့နယ် (မယက)၊ (ခရက)၊ မြေစာရင်းတို့ကို (ရယက)တွေနဲ့တိုင်ပင်ပြီး စာတင်ထားတာ တပတ်လောက်ရှိပြီ၊ အခုထိတော့ ဘာမှ ဖြေရှင်းမပေးသေးဘူး၊ ငွေတိုးချေးတဲ့သူတွေက မြို့ပေါ်ကလူတွေလဲ ပါတယ်၊ ကျနော်တို့ရွာထဲကတော့ ကိုသိန်းဇော်ဆိုတဲ့သူပါတယ်၊ ကျန်တဲ့တွေ နာမည်တွေတော့ ကျနော်မသိဘူး” ဟု ဆက်လက်ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN