Monday, April 13, 2009

ဒီမိုကရေစီနဲ့ ဗမာပြည်

အနှစ် 20 ကျော် စစ်အာဏာရှင်တို့ရဲ့ လက်ခုပ်ထဲက ရေအဖြစ် ဗမာပြည်ကျရောက်ခဲ့ရတာဟာ အဓိက အကြောင်းရင်း 2 ချက်ကြောင့်ဖြစ်ပါတယ်။

ပထမအချက်က အဆုံးစွန်ကန့်သတ်ချုပ်ခြယ်မှု သံမဏိအုပ်ချုပ်ရေးကြောင့်ဖြစ်ပါတယ်။ စစ်အစိုးရကို အာခံဆန့်ကျင်သူ ပုန်ကန်တော်လှန်သူမှန်သမျှ အပြင်းအထန်နှိပ်ကွပ်သုတ်သင်ဖြိုခွင်းခံရမှာဖြစ်တယ်။ ဗမာပြည်ကျောင်းသား/သူ ရဟန်း ရှင်လူတွေ စုဝေးလှုပ်ရှားအုံကြွပြီး ဒီမိုကရေစီတောင်းဆိုခဲ့ကြတာ အကြိမ်ကြိမ်ပါ။ အကြမ်းဖက်ရက်စက်ယုတ်မာ သတ်ဖြတ်မှုတွေကြောင့် အသက်သွေးချွေးမြောက်များစွာစတေးခံရလို့ နောက်ဆုံးတော့ အားမတန် မာန်လျှော့နိဂုံးချုပ် ရတာချည်းဖြစ်ခဲ့တယ်။

ဒုတိယအချက်က စစ်အာဏာရှင်အစိုးရကို ပြုပြင်ပြောင်းလဲအောင် နိုင်ငံတကာရဲ့တိုက်တွန်းဖြောင်းဖြချော့မော့မှုနဲ့ ဖိအားပေးအကြပ်ကိုင် ပိတ်ဆို့မှုတွေဟာ ပြည်သူတွေလက်ထဲ ဒီမိုကရေစီ အပ်နှင်းဘို့ မစွမ်းဆောင်နိုင်သေးတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အာဇီယံနိုင်ငံတွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စထက် ဗမာပြည်နဲ့စီးပွား ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုကရတဲ့ အကျိုးအမြတ်ကို ပိုပြီး ဦးစားပေးစဉ်းစားကြလို့ဖြစ်ပါတယ်။ အဓိကအားဖြင့်ဗမာပြည် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံပါ။ နယ်စပ်တလျှောက် ကူးသန်းရောင်းဝယ်ရေးနဲ့ လုံခြုံရေး တည်ငြိမ်ရေးဟာ ဗမာပြည်နိုင်ငံရေး ပြဿနာ ဂယက်ရိုက်ခတ်မှုနဲ့ အစဉ်တစိုက် တိုက်ရိုက်ပတ်သက်ခဲ့ရပါတယ်။ သာဓကအားဖြင့်ဆင်းရဲ ကြပ်တည်းတဲ့ ပူပင်သောက ဘ၀ကနေ ရေကြည်ရာမြက်နုရာ ထိုင်းနယ်စပ်ကို ဗမာပြည်တိုင်းရင်းသားများခိုလှုံလာ ကြတဲ့ ကိစ္စပါ။ ထိုင်းနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးနဲ့ ပြဿနာကြီးမားစွာ ဖြစ်ပွားစေပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရအဆက် ဆက်ကတော့ ဗမာပြည်နိုင်ငံရေးကိစ္စ ကို ၀င်ရောက်စွက်ဖက်တာ မလုပ်ပါဘူး။ အာဇီယံကလဲအပြုသဘောဆောင် ဆက်ဆံမှု Constructive Engagement ပေါ်လစီနဲ့ဘဲ မျက်နှာလွှဲခဲပြစ်လုပ်နေပါတယ်။

ဗမာအာဏာရှင်အစိုးရက ဒီမိုကရေစီနဲ့တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေ၊ သဘာထားကွဲလွဲ သူတွေအပေါ် ဘယ်လောက်ဘဲ အကြင်နာကင်းမဲ့စွာ စစ်အင်အားသုံး အပြတ်ဖြိုခွင်းနှိပ်ကွပ်ခဲ့ပေမဲ့ အဖိနှိပ်ခံရဟန်း ရှင်သူကျောင်းသား ပြည်သူတွေ အဖို့ တုတ်တုတ်မှ မလှုပ်ရဲအောင် ငုံ့ခံမြဲငုံ့ခံနေမှာ မဟုတ်ပါဘူး။ မီးခဲပြာဖုံး အနေ အထားမှာအားမွေးရင်း အချိန်အခါ အခွင့်အလမ်းနဲ့ချက်ကောင်းကို အသိရှိရှိ သတိကြီးကြီးနဲ့ စောင့်ဆိုင်းနေပါတယ်။

ဖက်ဆစ် စစ်အာဏာရှင်တို့နှိပ်ကွပ်ချုပ်ခြယ်တိုင်း၊ ရက်စက်ယုတ်မာစွာ အကြမ်းဖက်တိုက်ခိုက်ဖြိုခွင်းတိုင်း၊လက်နက် အားကိုး ဓါးမိုးအုပ်ချုပ်တိုင်း၊ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတိုင်း၊ ပြည်သူတွေက အကြောက်တရား အောက်မှာ တကြောက်ကြောက် ကြောက်ဒူးတုံနေခဲ့မယ်ဆိုရင် ဒီမိုကရေစီရောင်နီဖြိုးဖြိုးကိုအစပြိုးခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံလဲ ပေါ်ပေါက်ခဲ့စရာ အကြောင်းမရှိပါဘူး။ 2007 စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလဲ ဖြစ်ထွန်းနိုင်စရာ အကြောင်း မပေါ်ခဲ့ပါဘူး။

လက်ရှိသမယအခါကာလ အနေအထားမှာ ဗမာပြည်အပေါ် စစ်အာဏာရှင်တွေဆက်လက်ပြီး အရိပ်မဲကြီးနဲ့ အမှောင် တိုက်သွင်းဘို့ ပြည်သူလူထုက ဒီ့ထက်ပို မျက်စိစုံမှိတ် အောင့်အီးသည်းခံလို့ မရတော့ပါဘူး။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေအပေါ် ဗမာဖက်ဆစ် နာဇီတွေရဲ့ ဒီ့ထက်လူမဆန်စွာ အကြမ်းဖက်နှိပ်ဖမ်းဆီးသတ်ဖြတ်တဲ့အနေအထားကို ကမ္ဘာ့ပြည်သူများစိတ်ဝင်စားအာရုံ စိုက်လာတာတင်မက စိတ်ဓါတ်ရေးရာအရလဲ ပိုပိုပြီး ထောက်ခံအားပေးလာခဲ့ပါတယ်။

အလှမ်းမဝေးတော့တဲ့ အနာဂတ် နောင်တစ်နေ့မှာ ပြည်သူလူထုတရပ်လုံးရဲ့ ကြီးမြတ်ထွန်းပြောင်တဲ့ အင်အားဟာ လက်နက် အားကိုးလက်တဆုပ်စာ စစ်အာဏာပိုင် လူတစုရဲ့မတရားကြီးစိုးအုပ်ချုပ်မှုကို မုချ တွန်းလှန်ဖယ်ရှားနိုင်မယ်ဆို တာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အကြိမ်ကြိမ်စံနမူနာပြသခဲ့ပြီးပါပြီ။

ပသို့ဆိုစေ၊ လက်နက်ဆိုလို့ အပ်တစ်ချောင်းမှ မရှိတဲ့ အမှန်တရားလိုလားသူ အပြစ်မဲ့ လူထုကို အချိန်မရွေးနှိပ်ကွပ် သတ်ဖြတ်နိုင်တဲ့ လူသတ်လက်နက် ပိုင်ဆိုင်သူ စစ်အာဏာရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်တယ်ဆိုတာ ကိုယ်ကျိုးစွန့်ရဲရင့် ပြတ်သားတဲ့ အားမာန်အပြည့် လှုပ်ရှားရုန်းကန်မှုကြီးဖြစ်ပါတယ်။

အဓိက ပြည်တွင်းလှုပ်ရှားမှုနဲ့အတူ စစ်အုပ်စုအပေါ် UN, US, EU, ASEAN, တရုပ်၊ ကုလား၊ ရုရှားစတဲ့ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ကမ္ဘာ့ပြည်သူများရဲ့ ဖိအားပေးမှုကလဲ အထူးအရေးပါအရာရောက်လှပါကြောင်း။

28/9/2007 မတိချွန်းအယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ဘာသာပြန်သည်

Rest of your post

No comments:

 

Downtamun template | DOWNTAMUN