Saturday, July 18, 2009

န အ ဖ ရှက်ရမ်း ရမ်းနေ


လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ Friday, 17 July 2009 16:59 အေးချမ်းမြေ့
စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

[လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ]

လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ
အဖမ်းအဆီးခံထားရသူများမှာ ကက ကြည်းမှ ဗိုလ်ကြီးအဆင့် ရှိသူများဖြစ်ပြီး ၎င်း သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပေါက်ကြားခဲ့မှုတွင် ပါဝင်ပတ်သက်နေသော တခြား စစ်ဘက်ဆိုင်ရာ အရာရှိတချို့လည်း ထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သတင်းရရှိသည်။

ထို့ပြင် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တချို့ကိုလည်း မြန်မာ - မြောက်ကိုရီးယား ဆက်စပ်နေသည့် သတင်းများ၊ မြန်မာနိုင်ငံတွင်း ဥမင်လိုဏ်ခေါင်း ဖောက်နေသည့်သတင်းများ ပြည်ပမီဒီယာများတွင် ပါရှိခဲ့မှုနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားလိုက်သည်ဟု ၎င်းအသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာ လျှို့ဝှက် ခရီး သွားရောက် ခဲ့ပြီး ၎င်း ခရီးစဉ်နှင့် ပတ်သက်သည့် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

၎င်းသတင်းများ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်ဂျာဇီးယား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ခရီးစဉ်တွင် ၎င်းပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အနုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြကြောင်း ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ရေးသားသော “မြန်မာနှင့် မြောက် ကိုရီးယားစစ်ရေး လျှို့ဝှက်ချက်များ” အမည်ရှိ ဆောင်းပါးတွင် ပါရှိသည်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ တခြား အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြသည်ဟု ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီး မြန်မာနှင့် မြောက် ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည် ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်” ဟူ၍ အဆိုပါဆောင်းပါး၌ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် အချက်များကို ကိုးကား ရေးသားထားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ရခြင်းမှာ နိုင်ငံတော်ထိပ်တန်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ဖြစ်သော ကြောင့် ထိုသို့ ပေါက်ကြားရာတွင် ပါဝင်သည်ဟု ယူဆရသည့် စစ်ဘက်ဆိုင်ရာ အရာထမ်းများကို စစ်ခုံရုံး တင်ကာ အလွန် ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အဝန်းက သုံးသပ်သည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN