Wednesday, July 15, 2009

ဆိုင်ကယ်မစီးရ၊ ထောင်ဒဏ် ၃ လ

အစိုးရဝန်ထမ်းများ ဆိုင်ကယ်မစီးရ၊ ထောင်ဒဏ် ၃ လ Wednesday, 15 July 2009 16:33 ဟိန်းဇော်
ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြုထားသည့် နေရာမှန်သမျှတွင် အစိုးရဝန်ထမ်းများ ဆိုင်ကယ် စီးနင်းခွင့်ကို အထူးစီမံချက်ဖြင့် တားမြစ်လိုက်ပြီး တားမြစ်ချက် မလိုက်နာသူ ဝန်ထမ်းများအား ထောင်ဒဏ် ၃ လနှင့် ဆိုင်ကယ်သိမ်း အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်စီးကမ်း ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဒီ ဇူလိုင်လကစပြီး ဆိုင်ကယ်စီးနင်းခွင့်ကို တင်းတင်းကျပ်ကျပ် လုပ်ဖို့ အထက်က အမိန့် ပေးတာ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဘယ်သူမှ မစီးရတော့ဘူး”ဟု ၎င်းက ဆိုသည်။

မင်္ဂလာဒုံ မြို့နယ်အတွင်း စစ်တပ်မှ တာဝန်ရှိသူ တဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးတို့ ဆိုင်ကယ်ချင်း တိုက်မိရာမှ ယခုကဲ့သို့ အစိုးရဝန်ထမ်းများ ဆိုင်ကယ်စီးခွင့် ပိတ်ပင်တားမြစ်ခြင်း ဖြစ်သည်ဟု အတည်ပြုချက် မရယူနိုင်သော သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို ၂၀၀၁ ခုနှစ်နောက်ပိုင်း ပိတ်ပင်တားမြစ် ခဲ့သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သတ်သူ တချို့ကိုမူ အာဏာပိုင်အဖွဲ့ အစည်းမှ ထုတ်ပေးထားသော ကတ်ပြားများဖြင့် ဆက်လက် စီးနင်းခွင့် ပြုခဲ့သည်။

ယခုအခါ ရန်ကုန်မြို့အတွင်း တွင်သာမက အရပ်သားများ လွပ်လပ်စွာ စီးနင်းခွင့်ရထားသည့် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ဧရိယာပြင်ပရှိ မြို့နယ် ၁၄ မြို့နယ်တွင်ပါ မည်သည့် ဌာနဆိုင်ရာ ဝန်ထမ်းမှ ဆိုင်ကယ်စီးနင်းခွင့် မပြုတော့ပေ။

ယခုကဲ့သို့ အစိုးရဝန်ထမ်းများကို ဆိုင်ကယ် စီးနင်းခွင့် မပြုသောကြောင့် ဝန်ထမ်းအများစုမှာ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။

ဇူလိုင် ၁၁ ရက်နေ့မှ စတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ဆိုင်ကယ်စီးခွင့် ပိတ်ပင်သည်ဟု တရားဝင် ကြေညာ ထားကြောင်း၊ ဆိုင်ကယ်စီးခွင့်ကို ဇူလိုင် ၁၈ ရက်နေ့အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၎င်းရက် နောက်ပိုင်း အစိုးရဝန်ထမ်းများ ဆိုင်ကယ်စီးသည်ကို တွေ့ရှိပါက ဆိုင်ကယ်သိမ်းကာ ထောင်ချမည်ဟု စာကပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အကြီးတန်းအရာရှိ တဦးကပြောသည်။

“ဆိုင်ကယ်ကျတော့ အရေးကြီးတဲ့ ကိစ္စဖြစ်ရင် ချက်ချင်းသွားလို့ ရတယ်။ အခုကျနော်တို့ကို ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တော့ စက်ဘီးနဲ့သွားရင်သွား။ မသွားရင် စခန်းကကားနဲ့ သွားမှ ဖြစ်တော့မယ်။ စခန်းကားနဲ့ ကျတော့ အဆင်မပြေဘူး” ဟု ဒဂုံမြို့နယ်မှ ဒုရဲအုပ် တဦးက ပြောသည်။

အစိုးရဝန်ထမ်းများကို ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်သည့် အတွက် ဝန်ထမ်းအများစုမှာ အခက်အခဲများစွာ ရှိလာနိုင်သောကြောင့် ၎င်း ဝန်ထမ်းများ သွားလာရေး လွယ်ကူစေရန် အစီအစဉ် တခု ပြုလုပ်ပေးသင့်သည်ဟု သန်လျင်မြို့နယ်မှ ရဲဝန်ထမ်းတဦးက ဆိုသည်။

ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က ၂၀၀၈ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန် စည်ပင်သာယာနယ်နိမိတ် ဧရိယာပြင်ပရှိမြို့နယ် ၁၄ မြို့နယ်တွင် တရားဝင် ဆိုင်ကယ် လိုင်စင်များ လျှောက်ထားခွင့် ပြုခဲ့သည်။

ရန်ကုန်တိုင်းအတွင်း တရားဝင် ဆိုင်ကယ် လိုင်စင်ထုတ်ပေးထားသော မြို့နယ်များမှာ သန်လျင်၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်းကူး၊ ဥက္ကံ၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များဖြစ်သည်။

ယခင်က ၎င်းမြို့နယ်များအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို စီးနေကြရာမှ စစ်အစိုးရက တရားဝင်လိုင်စင် ပြုလုပ်ကာ စီးနင်းစေခြင်းဖြစ်သည်။ ထိုသို့ မှတ်ပုံတင် လိုင်စင်ပြုလုပ်ရာတွင် အခွန်အဖြစ် မော်တော်ဆိုင်ကယ် အမျိုးအစား အလိုက် အစိုးရကို တစီးလျှင် ကျပ် ၇၅၀၀၀ မှ ကျပ် ၄၈၇၉၀၀ အထိ ပေးဆောင်ကြရသည့်အပြင် ကညန ကို ကျပ် ၇၉၀၀ ပေးဆောင်ကြရသည်။

ရန်ကုန်တိုင်းအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ် ၄၂၃၂၂ စီးရှိပြီး ဌာနဆိုင်ရာက ပိုင်ဆိုင်သည့် ဆိုင်ကယ်မှာ ၈၈၆ စီးရှိကြောင်း ကညန က တရားဝင်ကြေညာထားသည်။

ယခုအခါ အဆိုပါဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးထားသည့် မြို့နယ်များတွင် အရပ်သားများသာ ဆိုင်ကယ် စီးနင်းခွင့် ရရှိတော့မည်ဖြစ်သည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN