Sunday, May 10, 2009

Terrorist government more abused on Aung San Suu kyi

ဒေါ်စု ကျန်းမာရေး မကောင်း၊ ဆရာဝန်လည်း အဖမ်းခံရ
Saturday, 09 May 2009 18:22 ဇာနည်ဝင်း
E-mail Print
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချွတ်ယွင်းနေပြီး သူ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း သည်လည်း ကြာသပတေးနေ့ ညက ဖမ်းဆီးခံရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

ယမန်နေ့က အမျိုးသမီး ဆရာဝန်တဦး ဖြစ်သူ ဒေါက်တာ ပြုံးမိုအိသည် ဒေါ်စုထံ သွားရောက်ပြီး ဆေးကုသပေးခွင့် ရခဲ့သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်က သွေးအား နည်းနေတယ်၊ ဆေးပုလင်းကြီး ချိတ်ရတယ်လို့ သိရတယ်၊ တနာရီလောက်ပဲ ခွင့်ပြုတယ်။ တနာရီနဲ့ မလုံလောက်ဘူး ဆိုတော့ လုံလောက်တဲ့ အချိန်အထိ တာဝန် ယူပြီးတော့ ဆရာဝန်က အားဆေး သွင်းပေးခဲ့တယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

ဒေါ်စုကို ဆေးကုသပေးခဲ့သည့် အမျိုးသမီး ဆရာဝန်က ဒေါ်စု၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်များကိုသာ ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ စစ်အစိုးရ စာနယ်ဇင်းများတွင် ဖော်ပြခဲ့သည့် ဒေါ်စု၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသား John William Yeattaw နှင့် ပတ်သက်၍ လည်းကောင်း၊ ထိုပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ရှိမရှိကိုလည်းကောင်း ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ဟု သိရသည်။

ထိုပုဂ္ဂိုလ် ဖမ်းဆီးခံရမှုသတင်း ထွက်ပေါ်သည့် နေ့မှာပင် ဒေါ်စု၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရသည့် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တလတကြိမ် ကျန်းမာရေး စစ်ဆေးရမည့်နေ့ ဖြစ်သော ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖြစ်သည်။

“အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားဖို့ အာဏာပိုင်တို့က သူ့ကို လာခေါ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ စောင့်နေရတယ်၊ စောင့်နေပြီး တအောင့်ကြာတော့ ဝင်ခွင့် မရဘူး၊ ပြန်တော့ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ် တဲ့။ ညကျတော့ အိမ်မှာ လာခေါ်သွားတယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရသေးဟု ဆိုသည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရပြီး နောက်တနေ့တွင် သတင်းတပ်ဖွဲ့က သူ၏ အိမ်သို့ သွားရောက်ပြီး အင်္ကျီအ၀တ်အစား နှင့် ဘာသာရေး စာအုပ်များ ယူဆောင်ခဲ့သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ဒေါက်တာ တင်မျိုးဝင်းသည် ယခု ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာဖွယ် မရှိဟု ဦးဟံသာမြင့်က သုံးသပ်သည်။

အထိန်းသိမ်း ခံလိုက်ရသော ဒေါက်တာ တင်မျိုးဝင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်းအား ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန် နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယခင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်တို့ထံ တိုင်ကြားခဲ့ဖူးကြောင်း ဦးဟံသာမြင့်က ပြောသည်။

ယခု ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသား ဆိုသူနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟုသာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသားသည် အမေရိကန်အစိုးရ၏ CIA ထောက်လှမ်းရေး အဖွဲ့က စေလွှတ်လိုက်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း ကြံ့ဖွံ့ ဟု ထင်ရှားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်တချို့က ရန်ကုန်မြို့တွင် သတင်း လွှင့်နေကြသည် ဟု သိရသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN