Monday, May 18, 2009

အင်းစိန် ထောင်ဝန်းကျင် လုံခြုံရေး တင်းကြပ်




Monday, 18 May 2009 12:43 ကြည်ဝေ
E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ၎င်း၏အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသားနှင့် ပတ်သက်ပြီး ယနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်သောကြောင့် အင်းစိန်ဈေးနှင့် အနီးတ၀ိုက်ကို လည်းကောင်း၊ အင်းစိန်ထောင် ရှေ့ပတ်ဝန်းကျင်မှ ဆိုင်ခန်းများအား လည်းကောင်း ယမန်နေ့ညပိုင်းမှ စတင်၍ အာဏာပိုင်များက ပိတ်ခိုင်းထားကြောင်း သိရှိရသည်။

[အင်းစိန်ဈေး အနီး လမ်းမကိုလည်း သံဆူးကြိုးများဖြင့် ပိတ်ဆို့ထား (ဓာတ်ပုံ - ဧရာဝတီ)]

အင်းစိန်ဈေး အနီး လမ်းမကိုလည်း သံဆူးကြိုးများဖြင့် ပိတ်ဆို့ထား (ဓာတ်ပုံ - ဧရာဝတီ)
ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန်ထောင်သို့ ပြောင်းရွေ့ထားသော နေ့ကတည်းကပင် မြို့ခံလူအများမှာ စိတ်ဝင်စားစွာဖြင့် အင်းစိန်ထောင်အနီးသို့ လာရောက်ကြည့်ရှု နေကြခြင်းကြောင့် ယခုကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်မှ ရယက အဖွဲ့ဝင်တဦးက ပြောဆိုသည်။

“ကျနော်တို့လည်း အဲဒီနေ့ကစပြီး ညတိုင်း လုံခြုံရေး တာဝန်ယူရတယ်၊ မနေ့ည ၁၇ ရက်နေ့ ညတုန်းကတော့ အထူးတာဝန်ပေါ့၊ အင်းစိန်ဈေးရှေ့ကနေ အင်းစိန် ပန်းခြံရှေ့အထိ ပိတ်လိုက်တာ အဲဒီထဲမှာ နေတဲ့သူတွေကိုလည်း အ၀င်အထွက် ခွင့်မပြုတော့ဘူး”ဟု သူက ပြောဆိုသည်။

အင်းစိန်ဈေးအား ပိတ်လိုက်သောကြောင့် ထိုဈေးမှ ဈေးသည်များမှာ ယနေ့နံနက်တွင် ဈေးအတွင်းသို့ ၀င်မရဘဲ ပြန်သွားကြရသည်ဟု ၎င်းက ဆိုသည်။

“ကျမတို့ကို ဈေးပိတ်မယ်လို့လည်း မပြောဘူး၊ ဒီနေ့ မနက် ဈေးလာတော့ ဈေးထိပ် ပေါက်တောဝက စပြီး လမ်းပိတ်ထားတယ်၊ ရဲတွေက သေနတ်တွေကိုင်ပြီး စောင့်နေတယ်၊ သွားမေးတော့လည်း ဒီလမ်းထဲကို ဘယ်သူမှ မ၀င်ရဘူးလို့ပဲ ပြောတယ်၊ ကျမတို့က အင်းစိန်ဈေးထဲကို သွားမလို့ပါလို့ ပြောတော့လည်း မ၀င်ရဘူးလို့ဘဲ ပြောတယ်”ဟု အင်းစိန်ဈေးမှ ဈေးသည်တဦးက ပြောပြသည်။

ထို့ပြင် အင်းစိန် ပေါက်တောဝမှ အင်းစိန်ပန်းခြံလမ်းအထိ မည်သူကိုမှ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်လိုက်ခြင်းကြောင့် ထိုလမ်းထဲတွင် နေထိုင်သူများမှာ အပြင်သို့ ထွက်ခွင့်မရသလို၊ အပြင်မှ ပြန်လာသူများမှာလည်း လမ်းပိတ်ချိန်မှ စပြီး အတွင်းသို့ ၀င်ခွင့်မရသောကြောင့် လမ်းအတွင်း နေထိုင်သူများမှာ အခက်အခဲ ဖြစ်လျက်ရှိကြောင်းလည်း သိရှိရသည်။

“မနေ့ညက အလုပ်ကအပြန် လမ်းထိပ်လည်း ရောက်ရော ခုလို သံဆူးတပ်ထားတဲ့ ဘာရီတွေနဲ့ ပိတ်ထားပြီး အစောင့်ရဲက ၀င်လို့မရဘူးလို့ ပြောတယ်၊ ကျနော်က အိမ်ကို ပြန်မလို့ ဘာလို့လဲ ပြောတော့လဲ ပေးမ၀င်ဘူး၊ အဲဒါနဲ့ကျနော် မရမ်းကုန်းထဲက သူငယ်ချင်းအိမ် သွားအိပ်ရတယ်” ဟု အဆိုပါ လမ်းအတွင်း နေထိုင်သူ တဦးက ပြောဆိုသည်။

၎င်းကဲ့သို့ပင် ညအိမ်ပြန်သူများမှာ လမ်းပိတ်ထားပြီး ၀င်ခွင့်မရသောကြောင့် အခြားအိပ်စရာ နေရာရှာ၍ အိပ်ခဲ့ရကြောင်း၊ ယနေ့မနက် အလုပ်သွားမည့် သူများမှာလည်း လမ်းအတွင်းမှ ထွက်ခွင့်မရသောကြောင့် မသွားရကြောင်း သူက ပြောပြသည်။

အဆိုပါ ပိတ်ထားသော အင်းစိန်ပေါက်တောဝနှင့် အင်းစိန်ပန်းခြံလမ်းသည် လိုင်းကားများ အများဆုံး အသုံးပြုနေသော လမ်းဖြစ်ပြီး အမှတ် ၄၈၊ ၄၈ အထူး၊ အမှတ် ၉၆၊ အမှတ် ၁၂၅၊ အမှတ် ၁၀၂၊ အမှတ် ၁၃၄၊ အမှတ် ၁၅၆ စသည့် လိုင်းကားများ အသုံးပြုနေသော လမ်းဖြစ်သည်။

ယခုအခါ ထိုလိုင်းကားများမှာ အင်းစိန်ပေါက်တောဝမှ ဘုရင့်နောင်လမ်းဘက်သို့ လှည့်သွားနေရ သောကြောင့် ဘုရင့်နောင်လမ်းမကြီးမှာ နံနက်ခင်းကတည်းကပင် ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှု ဖြစ်လျှက်ရှိသည်။

အင်းစိန်လမ်းမနှင့် ဘုရင့်နောင်လမ်းမကြီး ဆုံရာ လမ်းဆုံမှ လက်ဖက်ရည်ဆိုင် ၀န်ထမ်း တဦးကလည်း ၎င်းတို့ ဆိုင်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ၏ အခြေအနေကို ပြောပြသည်။

“တဆိုင်လုံး ရဲတွေချည်းပဲ အခြားလူ ၀င်လာရင်ကို သေချာကြည့်ပြီး ဟိုမေးဒီမေး မေးနေတော့ တော်ရုံလူက လက်ဖက်ရည်တောင် မသောက်တော့ဘဲ ပြန်ထွက်သွားရတယ်”ဟု ဆိုသည်။

[အင်းစိန်ထောင်အနီး လုံခြုံရေး ယူထားသော ရဲ ကားတစီး (ဓာတ်ပုံ - ဧရာဝတီ)]

အင်းစိန်ထောင်အနီး လုံခြုံရေး ယူထားသော ရဲ ကားတစီး (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ဆိုင်တွင် ယူနီဖောင်းဝတ်ရဲများ အရပ်ဝတ်နှင့် ရဲများအပြင် မီးသတ်များ၊ ရယကများပါ လက်ဖက်ရည် လာသောက်သူများအား စစ်ဆေး မေးမြန်းခြင်း၊ မှတ်ပုံတင် ပြခိုင်းခြင်းများ ပြုလုပ်လျှက် ရှိကြောင်း သိရှိရသည်။

အင်းစိန်ထောင် အနီးရှိ ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ကြီး ဘုန်းကြီးကျောင်းစသည့် အင်းစိန် ထောင်ရှေ့ရှိ ဘုန်းတော်ကြီး ကျောင်းဝင်းများ အတွင်း စစ်တပ်က တပ်စွဲထားလျက် ရှိပြီး အင်းစိန်ထောင် ဘေးပတ် ပတ်လည်တွင်လည်း လုံထိန်းအပြည့် တင်ထားသော ရဲကားများအား လုံခြုံရေးဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲသော မေလ ၁၄ ရက်နေ့ ကတည်းကပင် ချထားကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာ နေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆိုလိုက်ပြီး ယနေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN