Saturday, May 23, 2009

တက္ကစီသမားက အသက်မပြည့်သည့် ကလေးငယ်ကို စစ်ကျွန်အဖြစ်ရောင်းချခဲ့

မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေးတဦးကို ဆိုင်ကယ်တက္ကစီသမားက ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး စစ်တပ်ထဲသို့ ရောင်းချခဲ့သည်။

ယခုလ (၁၇) ရက်နေ့က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပန်းခြံကုန်းလမ်းနေ ဦးရွှေကို၊ ဒေါ်စဘေးဒါးတို့၏သား အသက် (၁၄) နှစ်အရွယ်ရှိ မောင်ဝိုင်းဒေါ်လာကို ဆိုင်ကယ်တက္ကစီမောင်းသည့် ပျားလေး (ခ) မျိုးသန့်ဆိုသူက ပါးစပ်ပိတ်ကာ ခေါ်ဆောင်သွားပြီး တပ်ရင်း (၁၀၄) သို့ ပို့ဆောင်ကာ ငွေ ၂ သောင်းခွဲဖြင့် ရောင်းချသွားခြင်းဖြစ်သည်။

“ကလေးကပြောတာက သူ့ကို အတင်းပါးစပ်ပိတ်ပြီး ခေါ်သွားတယ်၊ တပ်ကိုရောက်တော့ ပျားလေးက မင်းဟာမင်းဝင်တာလို့ ပြောခိုင်းတယ်၊ ပြန်ထွက်လာရင် ဓားနဲ့ ထိုးသတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောပြီး ပိုက်ဆံ ၂ သောင်းခွဲကို ဗိုလ်မှူးဆီက လက်မှတ်ထိုးယူသွားတယ်” ဟု အဆိုပါကလေးကိစ္စကို လိုက်လံဆောင်ရွက်ပေးနေသူတဦးက ပြောသည်။

ယင်းကဲ့သို့ ကလေးပျောက်ဆုံးသွားသည့် အကြောင်းကို ဒိုင်းဝန်ကွင်းရဲစခန်းတွင် အမှုဖွင့်ထားခဲ့ပြီး ပြန်တွေ့သည့်အခါတွင် အကြောင်းကြားခဲ့သော်လည်း စစ်တပ်နှင့် ပတ်သက်နေသည့်အတွက် လုပ်ပေးနိုင်ခြင်းမရှိတော့ကြောင်း ပြောဆိုသည်ဟု ၎င်းက ဆက်ပြောသည်။

“ရပ်ကွက်လူကြီးကိုတိုင်တော့ လူကြီးက ပျားလေးအိမ်ကိုသွားတော့ မရှိဘူးဆိုပြီး ပြောလိုက်တယ်၊ နောက်တော့ ဒိုင်းဝန်းကွင်းရဲစခန်းမှာ အမှုဖွင့်တဲ့အခါမှာ တွေ့ရင်အကြောင်းကြားမယ်လို့ ရဲစခန်းက ပြောလိုက်ပါတယ်၊ တပ်ထဲမှာ တွေ့တယ်ဆိုတော့ ရပ်ကွက်လူကြီးတွေက တပ်ရဲ့လက်အောက်မှာဆိုရင် လုပ်ပေးလို့ မနိုင်ဘူးလို့ ပြောလိုက်ပါတယ်” ဟု ပြောသည်။

ကလေးမိသားစုဝင်များက (၁၈) ရက်နေ့ တနင်္လာနေ့တွင် တပ်ရင်း (၁၀၄) သို့ လိုက်သွားပြီး တာဝန်ရှိဗိုလ်မှူးနှင့်တွေ့ဆုံကာ ကလေးကို ပြန်ခေါ်လိုကြောင်း ပြောဆိုသော်လည်း ပြန်မရသည့်အပြင် မိသားစုဝင်များကိုပါ ထပ်မံခြိမ်းခြောက် ပြောဆိုခဲ့သည်။

“ဗိုလ်မှူးကို ကလေးက အသက်မပြည့်သေးဘူး ဦးနှောက်လဲ ညဏ်ရည်သိပ်မမှီဘူးလို့ ပြောတာကို အသက်မပြည့်တာလဲ မလိုဘူး စစ်တပ်မှာရတယ်လို့ ပြောလိုက်တယ်၊ စစ်တပ်ထဲရောက်ပြီးရင် ပြန်ထွက်လို့မရဘူး၊ တကယ်လို့ ကလေးကိုခေါ်သွားရင် မိသားစုတခုလုံး ထောင်ဝင်စာတွေ့ရမယ်လို့ ဗိုလ်မှူးက ပြောလိုက်တယ်” ဟု အဆိုပါ ကိစ္စအား လိုက်လံကူညီပေးနေသူက ဆက်ပြောသည်။

ကလေးကို ခြိမ်းခြောက်ခေါ်ဆောင်သွားသူ ပျားလေး (ခ) မျိုးသန့်ဆိုသူမှာ မော်လမြိုင်မြို့၊ ဘဲကုန်းရပ်ကွက်၊ ယုဇနလမ်းတွင် နေထိုင်သူဖြစ်ပြီး စစ်တပ်အာဏာပိုင်များနှင့်ပေါင်းကာ ကလေးငယ်များကို စစ်သားအဖြစ် အရောင်းအဝယ်ပြုလုပ်နေသူဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN