Thursday, August 20, 2009

ပါရမီမြောက်တဲ့ ဝဋ်ကြွေး

ကဗျာရှင် - ကိုကောင်းကင်ကို
အကြောင်းမသိဘူး ဆိုပြီး တချို့ က သနားချင်သနားမယ်။
ခေါင်းမရှိဘူး ဆိုပြီး တချို့ က ဟားချင်ဟားမယ်။
ကိုယ့် အိပ်မက်မြို့ လယ်ခေါင်မှာ
ကိုယ့်ရုပ်တုကိုယ်ပြန်ကိုးကွယ်ချင်နေတဲ့ကောင်ဟာ
ကိုယ့်ကိုယ်ကို သနားလွန်းလို့ 
ကိုယ့်ကိုယ်ကို မသနားတော့ဘူး။

ဘာကိုမှ မစတေးပဲနဲ့ 
ဘယ်သူတွေ သမိုင်းရေးဖူးလို့ လဲ။

အသိုင်းအဝိုင်းကတော့
လူအုပ်ကြီးအတိုင်းတွေး
ပုံမမှန်တဲ့ ပုံမှန်လမ်းအတိုင်းပြေးဖို့ 
အဝါကတ် ပြ သတိပေးနေပြီ။

ဒီလို…
ပေးဆပ်ခြင်းနဲ့  လမ်းဖောက်ခ
မီးခိုးကြွက်လျှောက် ဒုက္ခတွေကို
ဝဋ်ကြွေးတွေလို့ ပြောဦးမလား။

ဝဋ်ကြွေးဆိုတာ ဘုရားသခင်အလိုတော်လို
လွန်ဆန်လို့ မရဘူး ဆိုရင်တောင်မှ
ဒါတွေဟာ
အလဟဿ ဝဋ်ကြွေး သန်းပေါင်းများစွာ ထဲက
ဝဋ်ကောင် တစ်ထောင်မှာ တကောင်တောင်ဖွားခဲတဲ့
ပါရမီ မြောက်တဲ့ ဝဋ်ကြွေး။

ကောင်းကင်ကို

No comments:

 

Downtamun template | DOWNTAMUN