Saturday, October 3, 2009

တရားမ၀င်အစိုးရလက်အောက်တွင် ဤသို့ ဤသို့ 

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ
Friday, 02 October 2009 18:39 ကိုထွေး
E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ်လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းအယူခံကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကြားနာခဲ့ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

“အယူခံကို ပယ်တယ်၊ ဗဟို တရားရုံးမှာ ပြင်ဆင်မှုသွင်းမယ်၊ ပြင်ဆင်မှုသွင်းဖို့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးနေတယ်၊ အမြန်ဆုံး ကျနော်တို့ လုပ်နေပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း“ ရက်ပေါင်း ၆၀ အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တင်ရမယ်၊ ဟိုတုန်းကတော့ လွတ်လွတ် လပ်လပ် တရားစီရင်နိုင်တယ်၊ အခု တရားရုံးကတော့ မလွတ်လပ်ဘူးလို့ မြင်နိုင်ထင်နိုင်တယ်၊ ရှေ့နေတွေမှာ မျှော်လင့်ချက် ရှိတယ်” ဟုဆိုသည်။

အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက်ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့ တွင် လက်ခံခဲ့ပြီး လျှောက်လဲချက် ကြားနာရန် အောက်တိုဘာလ ၂ရက်နေ့တွင် ရုံးချိန်းပေးထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ရက်နေ့တွင် တိုင်းတရားရုံးက နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ချမှတ်ခဲ့သည့် အပေါ် ယခုကဲ့သို့ အယူခံဝင်ခြင်း ဖြစ်သည်။

အဆိုပါ အယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုခဲ့ပေ။

ယနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက ထပ်မံခွင့်ပြုလိုက်သည်ဟု ကြားသိရကြောင်း သို့သော်လည်း အတည်မပြု နိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က ဒေါက်တာတင်မျိုးဝင်း သွားရောက် စစ်ဆေးစဉ်ကမူ ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ် သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဝ အကြောင်း တစေ့တစောင်း

ဘီဘီစီ မေးမြန်းသည့် အတိုင်းမဟုတ်မှန်ဟု ၀ အရာရှိများဆို
ဗုဒ္ဓဟူးနေ့၊ 30 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်
E-mail Print
တရုတ်နယ်စပ် အခြေစိုက် ၀ နှင့် မိုင်းလား တပ်ဖွဲ့တို့မှ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်ကို သဘောတူလိုက်ပြီဟူ၍ မြောက်ပိုင်းအပစ်ရပ် SSA အသိုင်းအ၀ိုင်းနှင့် မေးမြန်းစဉ်သိရှိခဲ့ရသည်ဆိုသော သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ပန်ဆန်းဌာနချုပ်ရှိ ၀ အရာရှိတဦးက ပြောဆိုပါသည်။

“ဘီဘီစီမေးတဲ့အတိုင်းမဟုတ်ပါဘူးဗျာ။ နောက်လာမယ့်အစိုးရသစ်နဲ့ပြောဆိုဆွေးနွေးပြီးမှသာအသွင်ပြောင်းရင်ပြောင်း မယ်။ အခုတော့ မဖြစ်နိုင်သေးဘူး” - ဟု ပြောပါသည်။

ယခုလနောက်ဆုံးပတ်က မြောက်ပိုင်း အပစ်ရပ် SSA ခေါင်းဆောင်အချို့ လားရှိုး ရမခ စစ်တိုင်းရုံးသို့ ရောက်ရှိနေချိန် ၀ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့ တို့ စစ်အစိုးရ၏ ဆန္ဒအတိုင်း သဘောတူလိုက်ပြီဖြစ်ကြောင်းသတင်းထွက်ပေါ်လာခဲ့ ခြင်း ဖြစ်ပါသည်။

“စစ်အစိုးရက ကျနော်တို့ကို တွေ့ဆုံဆွေးနွေးတာတွေ ခေါ်ယူစည်းရုံးတာတွေမလုပ်တာကြာပြီ၊ မိုင်းလားတို့၊ ကချင် တို့ သျှမ်းတပ်တို့နဲ့ဘဲတွေ့တာ၊ ကျနော်တို့နဲ့ဆွေးနွေးဖို့ သူတို့စာရင်းထဲက တမင်သက်သက် ထုတ်ပစ်တာပါ၊ သူတို့ ဆန္ဒအတိုင်း လိုက်လျောဖို့လဲ မဖြစ်နိုင်သေးပါဘူး” - ဟု ထိုအရာရှိက ပြောပါသည်။

ယခုလ ၂၇-၂၈/၉/၀၉ တရုတ်အစိုးရကိုယ်စားလှယ် နှင့် နအဖ ကိုယ်စားလှယ်တို့ ၀ ဌာနချုပ် ပန်ဆန်း၌တွေ့ဆုံဆွေး နွေး ဖို့ အစီအစဉ်ရှိသဖြင့် တရုတ်အာဏာပိုင်များကပန်ဆန်းဌာနချုပ်အရာရှိများအားကြို တင်စီစဉ်ထားပေး ရန်အ ကြောင်း ကြားကြောင်း၊ သို့သော် စစ်အစိုးရဖက်က ပန်ဆန်း၌ တွေ့ဆုံရန် လက်မခံ သောကြောင့်တရုတ်ကိုယ်စား လှယ်အား ပန်ဆန်းမှ တန့်ယန်းသို့ လာကြိုသွားခဲ့ကြောင်း - ပြောပါသည်။

“အခု ဒေသတွင်း နအဖ နဲ့ တရုတ် တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်ဘက်က ၉ ယောက်လာတယ်။ တန့်ယန်းက နအဖ စစ်ဗျူဟာမှူးလာကြိုသွားတယ်။ အရင်တုန်းက တရုတ်တွေ စစ်အစိုးရအာဏာပိုင်တွေနဲ့ ပန်ဆန်းမှာဘဲတွေ့တာ၊ ကျနော်တို့ ဘက်က နေရာထိုင်ခင်း နဲ့ အစည်းဝေးနေရာအတွက် ပြင်ဆင်ပေးတာကလွဲလို့ ဘာမှသွားမပတ်သက်ဘူး။ အခု ကျနော်တို့ အားလုံးပြင်ဆင် ထားပေမယ့် နအဖက ကျနော်တို့ ဌာနချုပ်မှာ မတွေ့လိုဘူး။ အဲဒီအရင်ကနဲ့ ထူးခြားမှုလို့ဆိုရမှာပေါ့” - ဟု ထိုအရာရှိက သျှမ်းသံတော်ဆင့် သို့ ဆက်ပြော၏။

ဖုန်ကြားရှင်း ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ကဲ့သို့ ၀ ခေါင်းဆောင်များလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား ခေါင်းခါငြင်းဆန်ထားသောကြောင့် ကိုးကန့်နည်းတူ ၀ တပ်ဖွဲ့အား စစ်အစိုးရ ထိုးစစ်ဆင်တိုက်ခိုက်လာ မည်ကို စိုးရိမ်နေသည်မှာ ကိုးကန့်အရေးအခင်းပြီးနောက်ပိုင်း ယနေ့အထိ ပြည်သူများ ရတက်မအေး ဖြစ်နေရကြောင်း သိရပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲမည်


ဖြိုးဝေ-mmp | ယနေ့ သီတင်းကျွတ်လပြည့် (၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍ စစ်အာဏာရှင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။

သံဃာတော်အဖွဲ့အစည်းများ၏ သြဂုတ်လတွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်များအရ မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန် ဖြစ်သည်။ ၄င်း ၂ ချက်အား သီတင်းကျွတ်လဆန်း ၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည် ၁၂ နာရီအချိန်အထိ စစ်အာဏာရှင်များအနေနဲ့ ၀န်ချတောင်းပန်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ကြေငြာချက်ပါအတိုင်း ပြည်တွင်း/ပြည်ပ အသီးသီးမှ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သံဃာလှုပ်ရှားမှုအတွက် ပြည်တွင်းသို့ ၀င်ရောက်လာမည့်သူများကို အထူးသတိထားရန်နှင့် လှုပ်ရှားသူအတုများက ၄င်းတို့နှင့် ဆက်သွယ်ရန် ထောင်ခြောက်ဆင်ကာ သံဃာ ၁၅၀ ခန့်ကို စုဆောင်းထားပြီး စောင့်နေကြကြောင်း အရှင်ဦးထာဝရမှ သတိပေးမိန့်တော်မူသည်။

တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို အချိန်အခါကြည့်၍ လမ်းပေါ်ထွက်ကာ သပိတ်မှောက်ဆန္ဒပြ သွားမည်ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ တတိယအကြိမ် အဆုံးသတ်တိုက်ပွဲတွင် မိဘပြည်သူများဘက်မှ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ သံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင် အားပေးကူညီမှုများ လိုအပ်ပါကြောင်း ဆရာတော်မှ တိုက်တွန်းမိန့်ကြားသွားသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် အပြစ်မဲ့သော သံဃာတော်များနှင့် မိဘပြည်သူများ အသက်ဆုံးရှုံးခဲ့ခြင်း၊ အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရခြင်းများအပေါ် မဟာန ဆရာတော်ဘုရားကြီးများမှ တာဝန်ယူဖြေရှင်းပေးမှုများ မပြုလုပ်ခဲ့သဖြင့် အောင်မြင်မှုများ လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း၊ ယခု တတိယအကြိမ် အဆုံးသတ်တိုက်ပွဲတွင် မဟာန ဆရာတော် ဘုရားကြီးများမှ ဝင်ရောက်ကူညီဆောင်ရွက်ပေးပါရန် ရိုသေစွာဖြင့် လျှောက်ထားအပ်ကြောင်း သိရသည်။

နိုင်ငံရေး အဖွဲ့အစည်းများမှလည်း သံဃာတော်များနှင့်အတူ တစ်သားတည်း ပူပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာချက်များအရ သိရပါသည်။ သံဃာတော်များ၊ မိဘပြည်သူများ နှင့် နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ တညီအညွှတ်တည်းပေါင်းစည်းကာ စစ်အာဏာရှင်များအပေါ် တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို ဆင်နွဲပါက အောင်မြင်မှုရရှိမည်မှာ သေချာပါသည်။

http://www.phyowai-myanmar.co.cc/

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, September 24, 2009

အမေတခြား သားတခြား



အမေ တခြား သားတခြားနဲ့ 

ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ

ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 

မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…

ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ

မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့

သားအသက်တနှစ်ကြီးလာတိုင်း

အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။




အမေရေ…

ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား

အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ

လောကဓံတရားက အသာစီးနဲ့ 

အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…

စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့

ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 

ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 

မထင်မိခဲ့ဘူးအမေ။

အမေရယ်..

သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။

အနာဂတ်ကို တွေးမပူပဲ တနေ့ တခါ နေပါတဲ့။

ဒါပေမယ့် အမေရယ်

အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို

အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့

စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ

မုသားတွေနဲ့ သီးသန့် ကာထားတဲ့

အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော

အဆိုးတွေ ရေချိန်မြင့်

အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ

လက်ဗလာ ကြယ်တွေ

မျက်နှာငယ်နေရတဲ့ ညထဲမှာ

သားဘဝလေး ကျကွဲသွားလို့ 

ခွန်အားသစ်တို့ ပို့ ပေးပါ။

ကောင်းကင်ကို

Thanks Ko kaungkin Ko

ဆက်ဖတ်မယ်ဆိုရင်....

Friday, September 11, 2009

တိုင်းပြည် ဘဏ္ဍာကို နေ့မနားညမနား ခိုးနေတဲ့ သူခိုးတွေ

ဓာတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း ငါးထောင်နီးပါး မြန်မာဗိုလ်ချုပ်များ ခိုးဖွက်ထား
ဖိုးဇော် (အာဇာနည်မှ ကူးယူ သိမ်းဆည်းပါသည်)
ကြာသပတေးနေ့၊ စက်တင်ဘာလ 10 ရက် 2009 ခုနှစ် 18 နာရီ 49 မိနစ်
ချင်းမိုင်။ ။ စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၀၁ သန်းကို စာရင်းဖျောက်ပြီး စင်္ကာပူရှိ ဘဏ်နှစ်ခုတွင် လျှို့ဝှက်သိမ်းဆည်းထားသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် Earth Rights International အဖွဲ့က ထုတ်ပြန်သော စာမျက်နှာ ၁၁၀ ပါ Total Impact: The Human Rights, Environmental, and Financial Impacts of Total and Chevron’s Yadana Gas Project in Military-Ruled Burma (Myanmar) အစီရင်ခံစာက မြန်မာစစ်အစိုးရသည် ဓာတ်ငွေ့ရောင်းချရငွေများကို စာရင်းလျော့ပြပြီး စင်္ကာပူနိုင်ငံ Overseas Chinese Banking Corporation (OCBC)

ဘဏ်နှင့် DBS Group တို့တွင် အပ်နှံထားသည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံ (ကျပ်ငွေ သန်းပေါင်း ၄.၅၆ သန်းခန့်) ရရှိပြီးဖြစ်သော်လည်း စစ်အစိုးရက နိုင်ငံတော်ဘဏ္ဍာ ဝင်ငွေစာရင်းပြသရာတွင် ဒေါ်လာ ၂၉ သန်းသာ ပြထားသည် အစီရင်ခံစာတွင် ပါရှိသည်။

“ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေက ခိုင်လုံတိကျမှု မရှိဘဲနဲ့ ကျနော်တို့ သတင်းတွေ တင်ရဲမှာ မဟုတ်ပါဘူး” ဟု ERI မှ ပြာရေးဆိုခွင့်ရှိသူ ဦးနိုင်ထူးက မဇ္စျိမကို ပြောသည်။

"ဒီဂက်စ် (သဘာဝဓာတ်ငွေ့) က ရတဲ့ငွေတွေကို မြန်မာပြည်ရဲ့ ဝင်ငွေထဲမှာ မဖော်ပြခဲ့ဘူး။ အဲဒါကို သူတို့ရဲ့ နှစ်စဉ်အစီရင်ခံစာထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီဟာကို ပြန်ပြီးစစ်ဆေးလိုက်တဲ့ အခါကျတော့ ဒီပိုက်ဆံတွေက စကာင်္ပူက ဘဏ်နှစ်ခုထဲ ရောက်နေတယ်။”

ERI အနေဖြင့် ၂ နှစ်ကြာ သုတေသနလုပ်ထားခဲ့ပြီး အစီရင်ခံစာကို ရေးသားထားခြင်းဖြစ်ကာ "ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တခု” ကို ကိုးကားပြီး ဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ Total ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံ Chevron တို့က ဦးဆောင်ကာ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတို့ ပါဝင်သည်။

ပြဿနာများဖြင့် ရှုပ်ထွေးအငြင်းပွားစရာဖြစ်နေခဲ့သည့် ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးလည်း ဖြစ်ခဲ့သည်။

ပိုက်လိုင်းဖောက်လုပ်ရာ လမ်းတလျှောက်ဒေသခံများကို စစ်တပ်က အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ လယ်မြေခြံမြေများ သိမ်းဆည်းခြင်းနှင့် ရွှေ့ပြောင်းခြင်းများ ရှိနေခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့် လှုံ့ဆော်သူများက ပြောသည်။

မြန်မာ့စစ်တပ်က ပိုက်လိုင်းလုံခြုံရေး ယူထားပေးပြီး အာဏာပိုင်များက လုပ်အားပေးဆင့်ခေါ်ခြင်းများ ဆက်လက် ရှိနေသေးသည်ဟု လှုံ့ဆော်သူများက ပြောသည်။ ပြီးခဲ့သည့်လက Total က လုပ်အားပေး စေခိုင်းမှုများ မရှိတော့ဟု ငြင်းဆိုထားသည်။

တနင်္သာရီတိုင်း မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ကီလိုမီတာ ၄၁၂ ကီလို ရှည်လျားသော ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်အတွင်းသို့ သွယ်တန်းရောင်းချထားသည်။

အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေကို အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၆ ကျပ်နှင့် ညီသည်ဆိုသော အမှန်တကယ် အလုပ်မဖြစ်တော့သော တရားဝင် နိုင်ငံခြားငွေလဲနှုန်းကို အသုံးပြုကာ နိုင်ငံတော်ဝင်ငွေတွင် ပြသထားသည်ဟု ဆိုသည်။ ယခုလက်ရှိ ပြင်ပငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၀၀၀ ကျပ် ခန့်ဖြစ်သည်။

၆ ကျပ်နှုန်းဖြင့် တွက်ချက်ကာ စာရင်းသွင်းလိုက်သဖြင့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာငွေစာရင်းတွင် သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေသည် ၁ ရာခိုင်နှုန်းအောက် ရောက်သွားတော့သည်။ ပြင်ပပေါက်ဈေးနှင့်သာတွက်လျှင် ၅၇ ရာခိုင်နှုန်းပင် ရှိသည်ဟု ပါရှိသည်။

စစ်အစိုးရက သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှရသော ဝင်ငွေကို ၄.၈၃ ဘီလီယံဒေါ်လာဟု ပြသရမည့်အစား ဒေါ်လာ ၂၉ သန်းဟုသာ စာရင်းသွင်းထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

"ဝင်ငွေများ၏ အကျိုးဆက်မှာ Total နှင့် Chevron တို့မှ နအဖစစ်အစိုးကို ခေါင်းမာလာစေရန် အားပေးအားမြှောက် ပြုလုပ်ရာတွင် အဓိက ပါဝင်သည်သာမက နအဖ စစ်အစိုးရအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းတို့၏ ဖိအားပေးမှုများကို ထိရောက်မှု မရှိလာသည့်အပေါ် အဓိက အကြောင်းရင်းတခု ဖြစ်သည်” ဟု ERI ကြေညာချက်တွင် ပါရှိသည်။

“အခုသူတို့မှာက ဒီပိုက်ဆံတွေ လက်ထဲမှာရှိနေတော့ သူတို့ ဘာလုပ်လုပ်၊ လုပ်လို့ရတယ်လေ။ အဲဒီတော့ ဒီပိုက်ဆံတွေကို စင်္ကာပူအစိုးရတို့၊ သက်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းတွေက အဲဒီပိုက်ဆံတွေကို ရပ်တန့်ထားနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတခု ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်ထူးက ပြောသည်။

ဆက်ဖတ်မယ်ဆိုရင်....

Thursday, September 10, 2009

သူခိုး အုပ်ချုပ်တဲ့ တိုင်းပြည် ဆိုတော့ ဘာမဆို အာမခံချက်မရှိ

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသော အမေရိကန်နိုင်ငံသားအတွက် သံရုံးက စုံစမ်း မုံပီး
ကြာသပတေးနေ့၊ စက်တင်ဘာလ 10 ရက် 2009 ခုနှစ် 09 နာရီ 50 မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခြင်း ခံလိုက်ရသော အမေရိကန်နိုင်ငံသားဖြစ်သူ ကိုကျော်ဇောလွင်အတွက် ရန်ကုန်ရှိ အမေရိကန်သံရုံးက မြန်မာအစိုးရနှင့် ပြောဆိုဆွေးနွေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားပြီး အမေရိကန်နိုင်ငံသားဖြစ်နေသူ ကိုကျော်ဇောလွင် (ခ) ကိုညီညီအောင်သည် စက်တင်ဘာလ ၃ ရက်နေ့က ဘန်ကောက်မှ ထိုင်းလေကြောင်း တီဂျီဖြင့် ဆိုက်ရောက်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အဖမ်းခံလိုက်ရသည်။

သံရုံးအရာထမ်းတဦးက မဇ္ဈိမသို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် မြန်မာအာဏာပိုင်များနှင့် ပြောဆိုလျက်ရှိသည်ဟု ဆိုသည်။ သို့သော် သံခင်းတမန်ခင်း ထုံးစံအရဟုဆိုကာ အသေးစိတ်ကို ပြောကြားရန် ငြင်းဆန်သွားသည်။

”ကျော်ဇောလွင် အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေကို ကျနော်တို့ သိပါတယ်။ စုံစမ်းမှုတွေလည်း လုပ်နေပါတယ်” ဟု အရာရှိက ပြောလိုက်ပြီး၊ ” ကျနော်တို့ရဲ့ ဦးစားပေးက အမေရိကန်နိုင်ငံသားတွေကို အကူအညီပေးဖို့ဆိုတော့ ကျနော်တို့ ဒီက အစိုးရနဲ့ ပြောနေပါတယ်” ဆိုသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း ကိုကျော်ဇောလွင်သည် တက်ကြွလှုပ်ရှားသူ ကျောင်းသားတဦးဖြစ်ခဲ့ပြီး စစ်တပ်က ဆန္ဒပြသူများကို နှိမ်နင်းဖြိုခွင်းသောအခါ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချကာ ဝါရှင်တန်ဒီစီတွင် နေထိုင်ခဲ့သည်။

သူ၏သူငယ်ချင်းများက ရန်ကုန်ရှိ အမေရိကန်သံရုံး ကောင်စစ်ဝန်ထံသို့ ပေးပို့သော မေတ္တာရပ်ခံထားသည့် စာတစောင်တွင် ကိုကျော်ဇောလွင်အနေဖြင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ အလည်အပတ်ဗီဇာ ခွင့်ပြုချက်ရရှိပြီးသားဖြစ်သည်ဟု ပါရှိသည်။

ကိုကျော်ဇောလွင် မည်သည့်နေရာရှိနေသည်ကို မသိရှိရသေးကြောင်း သံရုံးအရာရှိက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ပြည်ပမှ စီးဆင်းလာမည့် အင်တာနက်နိုင်ငံရေး အား ပိတ်ပင်

ဝန်ကြီးဌာနများတွင် အင်တာနက်သုံးစွဲမှု ကန့်သတ်
Thursday, 10 September 2009 16:23 အောင်သက်ဝိုင်း

ပြည်ပသတင်း ဌာနများသို့ အစိုးရနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ စီးဆင်းနေမှုအား တားဆီး ထိန်းချုပ်ရန် ၀န်ကြီးဌာနများတွင် အင်တာနက် အသုံးပြုခြင်းကို စတင် ကန့်သတ် ပိတ်ပင်နေကြောင်း သတင်းရရှိသည်။


[ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာ ရုံးတရုံးတွင် ကွန်ပျူတာ သုံးနေသော ၀န်ထမ်းများ]

ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာ ရုံးတရုံးတွင် ကွန်ပျူတာ သုံးနေသော ၀န်ထမ်းများ
ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂၀၀၈ ခုနှစ် မြောက်ကိုရီးယား ခရီးစဉ် မှတ်တမ်း၊ နေပြည်တော်တွင် လိုဏ်ဂူကြီးများ တည်ဆောက်နေမှု စသည့် အစိုးရ၏ လျှို့ဝှက် စီမံကိန်းများ၊ သတင်းများ ပြည်ပ သတင်းဌာနများသို့ ပေါက်ကြားနေသဖြင့် ထိုသို့ ကန့်သတ်ပိတ်ပင်ခြင်း ဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်းများထံမှ သိရသည်။

အင်တာနက် မဖြစ်မနေ အသုံးပြုရမည် ဆိုပါက ညွှန်ကြားရေးမှူးအဆင့် အရာရှိများကိုသာ တာဝန်ခံပြီး သုံးစွဲခွင့် ပေးသည်ဟု စုံစမ်းသိရှိရသည်။

“ရုံးက ကွန်ပျူတာတွေမှာ အင်တာနက် ချိတ်ထားတာကို ညွှန်ချုပ် အမိန့်နဲ့ ကန့်သတ်လိုက်တယ်။ ၀န်ထမ်းတွေ အရင်ကလို အင်တာနက် သုံးလို့ မရတော့ဘူး” ဟု နေပြည်တော်ရှိ ၀န်ကြီးဌာန တခုမှ
အရာရှိငယ် တဦးက ပြောသည်။

ပိတ်ပင်ရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေးနှင့် အခွန်၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး၊ နိုင်ငံခြားရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ အမှတ် (၁) စက်မှု စသည့် ၀န်ကြီးဌာနများ ပါဝင်သည်ဟု နေပြည်တော် ၀န်ထမ်းများထံမှ သိရှိရသည်။

နေပြည်တော်ရှိ ၀န်ကြီးဌာန ရုံးများတွင်သာမက ပြည်နယ်တိုင်း အသီးသီးရှိ ၀န်ကြီးဌာန ရုံးခွဲများတွင်လည်း ထိုသို့ ပိတ်ပင်ထားသည်ဟု သိရသည်။

“ဒီနှစ်ထဲမှာ အစိုးရ ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားက လာရောက်တဲ့ အရေးကြီး သံတမန်တွေ၊ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးကြတဲ့ အသေးစိတ် သတင်း အချက်အလက် ဖိုင်တွေ ပြည်ပမီဒီယာတွေကို
အီးမေးလ်တွေက တဆင့် ပေါက်ကြားတာတွေ အရမ်းများလာလို့ အဲဒီလို အင်တာနက် သုံးခွင့်ပိတ်တာလို့ ပြောတယ်” ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ထမ်း တဦးက ရှင်းပြသည်။

သုံးစွဲခွင့် ပြုထားသော ၀န်ကြီးဌာနများတွင်မူ နိုင်ငံတကာ၌ တွင်ကျယ်နေသည့် ဂျီမေးလ် ကဲ့သို့သော အခမဲ့ အီးမေးလ်များ သုံးစွဲခြင်းကို ပိတ်ပင်ထားပြီး အစိုးရ ထံတွင် မှတ်ပုံတင်ထားသည့် အီးမေးလ်များကိုသာ သုံးစွဲရန် ညွှန်ကြားထားသည်ဟု သိရသည်။ ပိတ်ပင်မှုထဲတွင် ဂျီတော့ပ် အသုံးပြုခြင်းလည်း ပါဝင်သည်။

ကန့်သတ် ပိတ်ပင်မှုများ၏ ရလဒ်ကြောင့် ဌာနဆိုင်ရာ လုပ်ငန်းများ နှောင့်နှေး၊ ခက်ခဲလာကြောင်း နေပြည်တော်ရှိ ၀န်ထမ်းများက ဆိုသည်။

နိုင်ငံတကာတွင် အုပ်ချုပ်ရေး ယန္တရား ပိုမို မြန်ဆန် လွယ်ကူရေး အတွက် အင်တာနက် အသုံးပြုမှု တိုးမြှင့် လုပ်ဆောင်နေချိန်တွင် မြန်မာ စစ်အစိုးရက ယခုကဲ့သို့ ကန့်သတ်နေခြင်းမှာ ခေတ်နောက်ပြန်ဆွဲခြင်းပင် ဖြစ်ကြောင်း ရန်ကုန်မြို့မှ အိုင်တီပညာရှင် လူငယ်တဦးက သုံးသပ်သည်။

“အစိုးရအနေနဲ့ e-government စနစ်ကို အကောင်အထည်ဖော်မယ်လို့ မကြာခဏ ဆိုသလို ကြွေးကြော်နေတယ်။ ဒီလို e-government စနစ်ကို အကောင်အထည် ဖော်မယ် ဆိုရင် အင်တာနက် သုံးစွဲခွင့်ကို ကန့်သတ် ပိတ်ပင်တာတွေ မလုပ်သင့်ဘူး” ဟု ထို အိုင်တီပညာရှင်လူငယ်က ပြောသည်။

အာဏာပိုင်တို့သည် ၀န်ကြီးဌာနများအတွင်း အင်တာနက်သုံးစွဲခွင့် ကန့်သတ်ထားရုံ သာမက ပြည်သူများ သုံးစွဲနေသည့် အင်တာနက်လိုင်းများ နှေးကွေးစေရန် စီစဉ်ခြင်း၊ ဂျီမေးလ် နှင့် အများသုံး အင်တာနက် စာမျက်နှာများသို့ ၀င်ရောက်မှု မပြုနိုင်စေရန် ပိတ်ဆို့ထားခြင်းများကို ပြုလုပ်နေသည်။

နိုင်ငံရေး မတည်မငြိမ် ဖြစ်လာချိန်တွင် အင်တာနက် မြန်နှုန်း ကျဆင်းသွားခြင်း သို့မဟုတ် အင်တာနက် အချိတ်အဆက် လုံးဝ ပြတ်တောက်သွားခြင်းများနှင့်လည်း ကြုံနေရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၂ နှစ်ခန့်မှစ၍ အင်တာနက် အသုံးပြုမှု စတင်ခဲ့သည်။ ဈေးနှုန်း ကြီးမြင့်သောကြောင့် အများပြည်သူ အလွယ်တကူ သုံးစွဲ၍ မရနိုင်ပေ။ ၂၀၀၀ ပြည့်နှစ်တွင် မှတ်ပုံတင်ပြီး အီးမေးလ် သုံးစွဲသူ ၅၈ ဦးသာ ရှိကြောင်း အစိုးရက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ နောက်ပိုင်းတွင် အင်တာနက်ကဖေးများ ပေါ်ပေါက်လာပြီး အင်တာနက် အသုံးပြုမှု ပိုမို ကျယ်ပြန့်လာသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, September 8, 2009

လိုင်စင်ရ သူခိုးကြီးများ

အသိတရားမရှိတဲ့
လူသားတွေလက်ညိုးထိုးပြပါဆိုရင်
ခင်များတို့ အုပ်စုက အရင်ဘဲ။

အမှန်ပြောသူဆိုထောင်ဒဏ်
အမှားပြောတတ်တဲ့ သူတွေကိုမှ လက်ခံတဲ့ အဖြစ်
စနစ်ဟောင်းကြီးတခုလုံးကိုက
အရင်အတိုင်းလည်ပါတ်ခဲ့ တာ စိတ်မပါလည်းဆရာခေါ်ရ
ဘာဆရာရယ်တော့မသိ
အဖားကောင်းမှ အစားကောင်းစားရမယ်ဆိုရင်
ကျွန်တော်ဆိုတဲ့ ကောင် အရင်သေမှာ။

လူမှာကတိ မင်းမှာသစ္စာဆိုတဲ့စကား
ဗမာပြည်မှာတကယ်မှားတယ်။

ပါးစပ်ကဘုရားဘုရား
လက်က ခါးကြားက ဗြောက်တိုသာ တရားမှတ်တဲ့
လူ့ မိစ္ဆာ ငနွားတွေ....
မှားပြီးရင်မှား ငရဲတခါးတွေ ကြိုးစားဖွင့်နေကြလေရဲ့ ။

လင်သေမုဆိုးမ အိမ်တလုံးလို
တရုတ် ရုရှား ကုလားတွေက
အခွင့်ကောင်းတံခါးရှာရင်း
ဝင်ဖြဲဖို့ ကြိုးစားကြသူတွေကို မှ ဘုရားမှတ်
ခွေးလောက်အသိစိတ်ဓါတ် မရှိသူတွေ
ပြည်သူ့ ဘဏ္ဌာတွေ သူခိုးဈေးနဲ့ ရောင်းစားနေကြတယ်။

လာပြန်ပြီ အရှက်မရှိတဲ့ လက်မဲမဲတွေနဲ့ 
စစ်မှန်တဲ့  ၂၀၁၀ ရွေးကောက်ပွဲပါတဲ့ 
နောက်တခေါက်....
မသမာ ကောက်ကျစ်ခဲ့ သူတွေက
ဦးဆောင်ကျင်းပမယ့် 
မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ။

ဆုပ်လည်းစူး စားလည်းရူး
ကိုယ့်သေတွင်းကိုယ်တူးရမယ့်စနစ်
ခေတ်တခုနဲ့ ကျန်ရစ်မယ့်
သမိုင်းစာမျက်နှာတခုမှာ
စစ်အာဏာရှင်တွေ ထိပ်ကပါတဲ့ အထဲ
ခင်ဗျားတို့ စာရင်းဟာလည်း ကန့် ကွက်မဲ မရှိ
နေရယူထားပါတယ်။

ဒေါင်းTM

ဆက်ဖတ်မယ်ဆိုရင်....

ပြည်သူ့ ငွေသုံးပြီး ငမိုက်စကားပြောနေတဲ့ နအဖ

UWSA ကို တိုက်လျှင် လက်နက်ကြီး/ စစ်လေယာဉ်သုံးမည်ဟု နေပြည်တော်အရာရှိပြော
တနင်္လာနေ့၊ 07 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

ဝ နှင့် မိုင်းလားအဖွဲ့တို့အား တိုက်ခိုက်ပါက လက်နက်ကြီးများနှင့် တိုက်လေယာဉ်များ အသုံးပြုမည်ဟု မိုင်းယန်းမြို့ရောက် နေပြည်တော်အဆင့်မြင့်အရာရှိက ရပ်ရွာလူထုခေါင်းဆောင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ကျိုင်းတုံကုန်သည် သတင်းရပ်ကွက်ပြောပါသည်။

စစ်အစိုးရ၏ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကျော်ကျော်က မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းနှင့်အတူ လိုက်ပါ၍ မိုင်းယန်းမြို့ ဌာနပေါင်းစုံဝန်ထမ်းများ၊ ဒေသခံရပ်ကွက်ဥက္ကဌများအား ဆင့်ခေါ်အစည်းအဝေးတရပ်ကျင်းပ ခဲ့ပါသည်။

“နေပြည်တော်က လာတဲ့ အရာရှိ ဗိုလ်မှူးကြီးကျော်ကျော် ဆိုတာက ပြီးခဲ့တဲ့ ၅-၆ နှစ်က မိုင်းယန်း ခလရ ၂၆၉ တပ်ရင်းမှူး ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် စည်းရုံးရေးအတွက် သူ့ကို လွတ်လာတာနေမှာပေါ့” - ဟု အမည် မဖေါ်လိုသည့် မိုင်းယန်းမြို့ ခံတဦးက ပြောပါသည်။

အစည်းအဝေးတွင် ဗိုလ်မှူးကြီးကျော်ကျော်က အစိုးရစစ်တပ်နှင့် မိုင်းလား တပ်ဖွဲ့၊ ၀ တပ်ဖွဲ့တို့ စစ်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံများ ၀န်ထမ်းများ အားလုံး မိမိနေရပ်ပြန်လာပြီး ပုံမှန်အတိုင်းနေထိုင် သွားရန် မှာကြားခဲ့ကြောင်း ပြောဆိုသည့်အပြင် -

“ကောဠာဟာဠ သတင်းတွေကြောင့် တိမ်းရှောင်နေတဲ့ဝန်ထမ်းတွေ အမြန်ဆုံးပြန်လာပါ၊ အချိန်မှီအလုပ် လာမလုပ်ရင်ရာထူး ကနေ ဖြုတ်ချခံရမယ်။ ကြီးလေးတဲ့ပြစ်ဒဏ်ပေးခံရမယ်၊ အခုအခြေအနေမှာ တပ်မတော်အဖို့ ၀ နဲ့ မိုင်းလားကို တိုက်ဖို့ အကြောင်းမရှိဘူး၊ တိုက်မယ်ဆိုရင် တပ်ရင်း ဆယ်နဲ့ချီ တွေ့ရမှာပေါ့၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေတွေ့ရမှာ ပေါ့၊ အရင်ကလို လူအင်အားများများစားစား သုံးတော့မှာမဟုတ်ဘူး၊ အခု ဒီဒေသမှာ ထူးခြားတဲ့ပြင်ဆင်မှုတွေမတွေ့ရတာ ကိုက လုံးဝ တိုက်ပွဲဖြစ်မှာမဟုတ်ဘူး ကျနော်အာမခံတယ်” ဟု ပြောကြားခဲ့သေးကြောင်း အမည်မဖေါ် လိုသည့်ဝန်ထမ်း တဦးကဆိုပါသည်။

ပြီးခဲ့သည့်လက စစ်အစိုးရက အင်အားသုံး၍ ကိုးကန့်ဒေသအားဝင်ရောက်သိမ်းပိုက်လိုက်ခြင်းကြောင့် တရုပ်နယ်စပ် ဒေသခံ လူထုက မိမိလုံခြုံ ရေးအတွက် အခြားဒေသသို့တိမ်းရှောင်ခဲ့ကြသည်။

“စီးပွားရေးသမားတွေ၊ တရုပ်နိုင်ငံသားတွေ ကိုးကန့်အရေးအခင်းကတည်းက မိုင်းလားဒေသ၊ ၀ ဒေသအတွင်း မနေရဲ တော့ဘူး။ အရင်က ပန်ဆန်း-တန့်ယန်း ကားခ ၆ သောင်း လောက်ကနေ အခု ၁ သိန်း ၂ သောင်းဖြစ်သွားပြီ၊ ပြီးခဲ့တဲ့အ ပတ် က တစ်သိန်းခွဲအထိတက်တယ်။ တရုပ်ပြည်သားတွေလဲ ပြန်ကုန်ပြီ၊ မိုင်းလား နဲ့ ပန်ဆန်းမှာ ကာစီနိုရုံလဲ မရှိတော့ ဘူး၊ ည ၈ နာရီဆို စားသောက်ဆိုင်တွေပိတ်ကုန်ပြီ”- အမည် မဖေါ်လိုသည့် ပန်ဆန်းကုန်သည်တဦးက ပြောပြသည်။

မိုင်းယန်း၌ နေပြည်တော်အရာရှိက စစ်မဖြစ်နိုင်ကြောင်း ဒေသခံလူထုအား ရှင်းလင်းပြောကြားသကဲ့သို့ ပန်ဆန်းဝမြို့တော်၌ လည်း စစ်ဖြစ်ခဲ့ပါက အနည်းဆုံး ၃ လမှ အများဆုံး ၅-၆ လအချိန်ယူမှသာ ဌာနချုပ်သို့ ပျံ့နှံ့လာနိုင် မည် ဖြစ်ကြောင်း နံရံကပ်စာစောင်များကပ်၍ ဒေသခံလူထုအား နေရင်းပြန်လာရန် ခေါ်သောကြောင့် တချို့တ၀က် ပြန်လာနေပြီဟုအဆိုပါ ကုန်သည်က ပြောပြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

န-အ-ဖ ခေတ်မှ ဘုန်းကြီးဘဝ

ပြီးခဲ့ တဲ့ ဗူုဒ္ဓဟူးနေ့ ကစပြီးသောကြာနေ့ ထိရန်ကုန်တောင်ပိုင်းခရီုင်မြို
့နယ်တွေက ဗ.က.သတွေကဘုန်းကြီးကျောင်းတိုက်တွေမှာသံဃာတွေကံဆောင်မယ်
့စာတွေဖြန့် ခဲ့ တာကိုထောက်လှမ်းရေးကသတင်းရလို
့အခုသန်လျင်ကဘုန်းကြီးကျောင်းတိုက်တွေမှာညဘက်မှာ ရ.ယ.က
တွေလုံခြုံရေးစောင့် ခိုင်းထားတာတွေကို တွေ့၇ှိ၇ပါတယ် ။
ရ.ယ.ကရယ်ရဲရယ်ပေါင်းပြီးညမိုးချုပ်တာနဲ့ ဘုန်းကြီးကျောင်းတွေရဲ
့ဝင်ပေါက်တွေထွက်ပေါက်တွေမှာခုံတွေချပြီးသံဃာတွေရဲ့ အ၀င်အထွက်နဲ
့လူပုဂ္ဂိုလ်တွေအ၀င်အထွက်ကိုစစ်ဆေးနေပါတယ်။
အထူးသဖြင့် 2007သံဃာကံဆောင်ပွဲတုန်းကလမ်းသန်လျင်မြို
့ထဲမှာလမ်းလျှောက်မေတ္တာပို့ တဲ့ အထဲမှာပါတဲ
့ကျောင်းတိုက်တွေကိုပိုပြီးစောင့်ကြပ်နေပါတယ်။
သန်လျင်မှာကကျောင်းတိုက်ပေါင်းသုံးဆယ်ကျော်ရှိတယ်
သန်လျင်မြို့ အပိုင်ကအကျယ်ကြီးပါ။
ကျောင်းတိုက်ပေါင်းသုံးဆယ်ဆိုတာမြို့ ပေါ်ကျောင်းတိုက်အေ၇အတွက်ပါ။
မနေ့ ကသန်လျင်ရဲစခန်းကအမိန့် နဲ့ ရ.ယ.ကတွေကကျောင်းတိုက်တွေမှာသန့် ရှင်
့ရေးလိုက်လုပ်ကြတယ်။
ကျောင်းတိုက်ဝန်းကျင်ကသစ်ပင်တွေခြုံပုတ်တွေမြက်တွေကိုလိုက်ရှင်းနေကြတယ်။၇ည်၇ွယ်ချက်က
တော့ ကုသိုလ်လိုချင်လို့မဟုတ်ပါဘူး သူတို့စောင့်ကြည့်ရတာ
ရှင်းလင်းအောင်ဖြစ်တယ်လို့ သိရပါတယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, September 6, 2009

၂၀၁၀ မြန်မာ့နိုင်ငံရေး ဘောလုံးသမိုင်း ( ဟာသ )

ခမိ ခဆဲ ဘလော့ခ်မှ ကူးယူတင်ပြပါသည်။ နားဆင်ကြည့်ကြပါလို့ 



Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN