Monday, October 12, 2009

အရှက်တရားမဲ့ အလိမ်အုပ်စုများအကြောင်း

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲများ လုပ်ပေးမည်ဟုဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်
Saturday, 10 October 2009 12:09 ဖြိုးကြီး

စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြား ချွေးသိပ်ပြောဆိုခြင်းသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများ ညီလာခံ ဒုတိယနေ့တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေအသစ်အရ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများကို ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာကျင့်သုံးရန်လိုကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးမြင့်စိုး (ဓါတ်ပုံ - ရိုးမ ၃)

ဦးမြင့်စိုး (ဓါတ်ပုံ - ရိုးမ ၃)
“စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ ဘာပဲလုပ်လုပ် သူတို့အတွက် တက်လို့ ဆုတ်လို့ရမဲ့ အနေအထားကို ရအောင်ယူထားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း ဘယ်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောတာလည်း မရှိဘူး။ သူတို့ ပေါ်လစီအတိုင်းပဲ လုပ်ချင်တာလုပ်တာ” ဟု ပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင် ပြဌာန်းပေးရမည့် ဥပဒေများ အလေးနက်ထား လုပ်ဆောင်ပေးခြင်းမရှိဘဲ လုပ်ချင်သလို လုပ်နေခြင်းသည် အာဏာရှင်များ၏ ထုံးစံတခုပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“နမူနာအနေနဲ့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲပြီးတော့လည်း လွှတ်တော်အသစ် ဖွဲ့မလား၊ ၄၇ ဖွဲ့စည်းပုံအတိုင်း သွားမလာဆိုပြီး လွှတ်တော်ခေါ်ပြီး ပြောဆိုတာတွေ၊ ဘာတခုမှ တိတိကျကျ ပြဌာန်းလုပ်ဆောင်ပေးခဲ့တာမရှိဘူး။ လုပ်တာနဲ့ ပြောတာ ကိုက်ညီတာ ဘာမှမရှိဘူး” ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုကို ဂရုစိုက်ခြင်းမရှိဘဲ လုပ်ချင်တာ လုပ်နေသည်ကို ၂၀၀၈ ခုနှစ်အတွင်းက နာဂစ်မုန်တိုင်းကြောင့် အသက်ပေါင်း သိန်းချီသေဆုံးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု ပြောသည်။

“ထိုင်ဝမ်မှာဆိုရင် လူ ထောင်ဂဏန်းလောက် သေတာနဲ့ အစိုးရတဖွဲ့လုံး ပြုတ်သွားတယ်။ ကျနော်တို့ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း သိန်းချီသေသွားတဲ့ အချိန်မှာတောင် စစ်အာဏာရှင်တွေက သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရအောင်လုပ်သွားတယ်ဆိုတာ တော်တော်ကို စက်ဆုတ်ရွံရှာဖွယ် ကောင်းတယ်” ဟု ဆက်လက်ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN