Saturday, August 1, 2009

ချိုးဖောက်နေတာကြာပေါ့

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) ကို ချိုးဖောက်နေသည်ဟု (HRDP)ပြော
Friday, 31 July 2009 17:31 ဗထူး
ဒေါ်အောင်ဆန်းစုကြည်အား ယခုလို တရားစွဲဆိုနေခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂမှ ပြဌာန်းထားသည့် လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) အား ချိုးဖောက်နေသည်ဟု (HRDP) ခေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ယနေ့ပြောဆိုလိုက်သည်။

လူတိုင်းအသက်ရှင်နိုင်ခွင့်နှင့် လုံခြုံခွင့်ရှိသည်ဆိုသည့် အပိုဒ် (၃) ပါ အချက်အလက်ကို တိကျစွာ စစ်အစိုးရအနေဖြင့် ဖောက်ဖျက်နေသည်ဟု (HRDP) မှ တာဝန်ခံတဦးဖြစ်သူ ကိုမောင်မောင်လေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဂျွန်ယက်တောက သူယုံကြည်တဲ့ ဘာသာအရ ဝင်တာဆိုရင် သူ့နေရာမှာ တခြား အကြမ်းဖက် သတ်မဲ့သူ ဝင်လာမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ဒီအချိန်မှာ သေနေလောက်ပြီ၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံမှုနဲ့ အသက်ရှင်ပိုင်ခွင့် လုံးဝမရှိဘူးဆိုတာကို သက်သေပြနေတာပါ၊ အဲလို ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းတောင် အသက်ရှင်ပိုင်ခွင့် လုံခြုံစိတ်ချမှုမရှိဘူးဆိုရင် တတိုင်းပြည်လုံး ပြည်သူတွေအတွက် လုံခြုံစိတ်ချပိုင်ခွင့် မရှိတော့ဘူးဆိုတာကို ပြောချင်ပါတယ်” ဟု ပြောသည်။

ယနေ့တွင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင်း လုံခြုံရေးများ တင်းကြပ်စွာ ချထားပြီး လုံထိန်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များကို တွေ့နေရကြောင်းကို ၎င်းက ဆက်လက်ပြောသည်။

“ဒီနေ့အခြေအနေကတော့ (၈) နာရီလောက် ကျနော် ရောက်သွားတဲ့အချိန်မှာ အားလုံးပိတ်ထားတယ်၊ ခါတိုင်းလိုမရတော့ အပြင်မှာ ဟိုတစု ဒီတစုနဲ့ ဖြစ်နေကြတယ်၊ ပိုထူးခြားတာက ဒိုင်နာကားတိုင်း ကားတိုင်းပေါ်မှာ အမျိုးသမီးတွေပါတယ်၊ (၁၀) နာရီခွဲမှာ ရုံးချိန်းကို (၁၁) ရက်နေ့ကို ပြောင်းလဲလိုက်တယ်၊ အကြောင်းပြချက်ကတော့ ဥပဒေဆိုင်ရာ အချက်အလက်များ ပြန်လည်သုံးသပ်ရန် လိုနေသည့်အတွက် အခုလို ချိန်းလိုက်တာလို့ ပြောတယ်” ဟု ကိုမောင်မောင်လေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ကာ တရားရုံးတင် စစ်ဆေးနေခြင်းသည် ဥပဒေနှင့် လုံးဝ မညီညွတ်မှုမရှိဘဲ အကွက်ဆင်ဖမ်းဆီးခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

“စတင်ဖမ်းဆီးချုပ်နှောင်စဉ်ကတည်းက ဥပဒေနဲ့ မညီညွတ်ဘူး၊ ရိုက်တဲ့သူနဲ့ အရိုက်ခံရသူ၊ အိမ်ထဲကို သူခိုးဝင်တဲ့အခါ သူခိုးနဲ့ အိမ်ရှင်၊ ဘယ်ဥပဒေနဲ့ကြည့်မလဲ၊ အဲဒါကို ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဒါဟာ အင်မတန် ရင်နာစရာကောင်းတဲ့ ကိစ္စပါ၊ အဲဒီတော့ ဒီပဲယင်းကိစ္စကတည်းက ဥပဒေနဲ့မညီဘဲ လုပ်တဲ့ကိစ္စလို့ မြင်တယ်၊ အကြမ်းဖက်တဲ့ သူတွေကို ဥပဒေအရ ဘာကြောင့် ရုံးပေါ်ကို မတင်လဲ” ဟု ဆက်လက်ပြောဆိုလိုက်သည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN