ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း. ...။
ပျော်လိုက်ကြသည်ဖြစ်ခြင်း.. ..။
လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်...နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ
စိုက်ထူခဲ့ကြသည့်ည....။
အကယ်ဒမီည။
ထိုနေ့...ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။
ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။
အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။
မိမိသည် အော်ဟစ်ဆူပူသောင်းကျန်း မိသူမဟုတ်။
မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။
ရှိစေတော့...ကိုယ့်ကံနှင့်ကို ကမ္ဘာမြေကြီး ပေါ်ရှိ မြန်မာပြည်ကြီး ထဲသို့ရောက်လာခဲ့ပြီးကိုး။့
သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။
ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံရပ်ခြားမှမိမိတို့ မြန်မာပြည်အတွင်း တွင်ဘ၀ပြောင်းသွားသောသူများ...အားလုံး ..အားလုံး...ငြိမ်းချမ်း လှပအဆင်ပြေမှုရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှုဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေးအသင်းအဖွဲ့ပေါ်ပေါက်လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ်ပေးခဲ့သော အမိမြန်မာပြည်၏ ကျေးဇူးတရားများပင်ဖြစ်တော့သည်။
“သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” ...... မဟုတ်ပါလား။
သို့သော်
အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။
ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။
ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်းကိုယ်စား ကိုယ့်စားရိတ်နှင့်ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက...မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။
လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။
တော်လိုက်သည့် ......အနုပညာရှင်
ပြောင်မြောက်လိုက်သည့်.....်..... အနုပညာရှင်
ထူးချွန်လိုက်သည့် ........ အနုပညာရှင်
များပင်ဖြစ်တော့သည်။
အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။
ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း. ...။
ပျော်လိုက်ကြသည်ဖြစ်ခြင်း.. ..။
ယခင်နှင့်ယခု မတူတော့...။
ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။
ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက.............ပရဟိတ။
ယခင်နှင့်ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။
မောင်ကျော်သူ.....မင်းအီတလီဝန်ကြီးချုပ်ကိုသိလား? (မသိပါ)
.....မင်းပြင်သစ်သမ္မတကိုသိလား? (မသိပါ)
......မင်းချာလီချက်ပလင်ကိုသိလား? (သိတာပေါ့)
အေး.....အဲ့ဒါပဲကွ..အနုပညာသည်ဆိုတာ လူတိုင်းသိတယ်။ စစ်မှန်တဲ့အနုပညာသည်ဆိုတာ လူတိုင်းလေးစားတယ်။
ဒါကြောင့်....အနုပညာသည်လုပ်တဲ့....အကျိုးပြုလုပ်ငန်းဆိုတာ..."အောင်မြင်ရမယ်" တဲ့။
ဘဘဦးသုခစကားသည်............
မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည်။
ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်....အသက်မရှိသူတို့နှင့်သာ ပတ်သက်သွားတော့သည်။
မိမိသည်.....လူတိုင်းမသွားချင်သော သင်္ချိုင်းသုဿန်သို့ အမြဲသွားနေသည်။
မိမိသည်.....လူတွေမေ့ချင်ယောင်ဆောင်မှုကို သိလာသည်။
မိမိသည်.....လူတွေမသိသောအရာများကို မြင်လာသည်။
ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
ဤတွင်....ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်...။
“မောင်ကျော်သူ...မင်းနဲ့ဘဘက အကျိုးပေးတယ်...ကက်ကင်း” တဲ့
ဟုတ်ပေသားပဲ....
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)
ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။
ထိုအခါ...မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
“ ဟာ..ဘဘ...ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
“ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”...။
“ မှန်လိုက်လေ...... ဟုတ်လိုက်လေ....မောင်ကျော်သူရယ်တဲ့..” တဲ့
ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း”ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ရသည်မှာ ယနေ့တိုင်....။
မိမိပီတိဖြစ်လိုက်ရသည်............ဖြစ်ခြင်း။
မိမိရင်ခုန်လိုက်ရသည်..... .........ဖြစ်ခြင်း။
မိမိပျော်လိုက်ရသည်........ ........ဖြစ်ခြင်း။
သို့သော်...အားလုံး..အားလုံး..အလုံးစုံတို့သည်...အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
တရားသိသလိုလို..တရားရှိသလိုလိုနဲ့
ဝင်လေထွက်လေရပ်ပြီး
ငါ့နောက်မလိုက်ခဲ့နဲ့။
ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (----- ၊----- ၊--------)
Thursday, February 11, 2010
အနိစ္စရင်ခွင်တွင် ခိုလှုံခြင်း(သို့ ) ကက်ကင်း ကျော်သူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment