Tuesday, August 25, 2009

လူတယောက်မှာ သူဖြစ်ချင်တာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိတယ်၊ဒါဟာ ဒီမိုကရေစီ

စစ်အစိုးရ ဆရာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ
Monday, 24 August 2009 17:45 သန်းထိုက်ဦး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ကုသခွင့်ရရန် တောင်းဆိုထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

[ဒေါက်တာ တင်မျိုးဝင်း (ဓာတ်ပုံ - pbase.com)]

ဒေါက်တာ တင်မျိုးဝင်း (ဓာတ်ပုံ - pbase.com)
သြဂုတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စစ်ဆေးရန်အတွက် အစိုးရ အာဏာပိုင်များက စီစဉ်ပေးထားသော အမျိုးသမီး ဆရာဝန်တဦးကို လက်မခံလို သောကြောင့် ဒေါက်တာ တင်မျိုးဝင်းနှင့် ကုသခွင့်ရရန် တောင်းဆိုထားသည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အာဏာပိုင်တွေ စီစဉ်တဲ့ ဆရာဝန် တယောက် လာတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က သူအရင်တုန်းက ပြနေကျ ဆရာ တင်မျိုးဝင်းကိုပဲ ပြချင်တဲ့ အကြောင်း အာဏာပိုင်တွေကို ပြောတာ ဆိုတာ ရှိတယ်၊ ဒီနေ့အထိတော့ ဆရာ တင်မျိုးဝင်းသွားတာ မတွေ့ဘူး” ဟု ၎င်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံမှန် ကျန်းမာရေးအတွက် အာဏာပိုင်များက စီစဉ်ထားသော အမျိုးသမီး ဆရာဝန်မှာ မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရှိရသေးပေ။

သို့သော် ဒေါက်တာတင်မျိုးဝင်း နှင့် ကုသခွင့်ရရန် အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆောင်ရွက်နေကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။

ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအား လစဉ်စစ်ဆေး ကုသပေး သည့် မိသားစု ဆရာဝန် ဖြစ်သည်။

“အာဏာပိုင်တွေက ဘာအတွက်ကြောင့် ဘယ်လို လုပ်တာလဲတော့ မသိဘူး။ ကျနော်တို့ နားလည်တာက ကိုယ်ပြသရမယ့် ဆရာဝန်က ကိုယ့်စိတ်ကြိုက်တော့ ရွေးချယ်ခွင့်ရှိရမယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း သူ၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တဦးကြောင့် ရုံးတင် တရားစွဲခံခဲ့ရသည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံရကာ နေအိမ်သို့ ပြန်လည် ပို့ဆောင် ထိန်းသိမ်းလိုက်သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN