Tuesday, June 2, 2009

အမည်မသိ ကင်းထောက်လေယဉ်တစီးမှ ဘူးသီးတောင် တပ်နယ်ကို ဓါတ်ပုံရိုက်ယူသွား

6/1/2009
မြန်မာ- ဘင်္ဂလာဒေခ်ျ့ အနီးတည်ရှိသော ဘူးသီးတောင်မြို့ တပ်နယ်မှ စစ်တပ် တပ်ရင်းများကို အမည်မသိ လေယဉ် တစီးက လွန်ခဲ့သော အပတ်က လျှပ်တပြက် ၀င်ရောက်လာပြီး ဓါတ်ပုံရိုက်ယူသွားခဲ့သည်ဟု အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦး ပြောသည်။

“အဲသလို ၀င်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ အထက်က သတိပေးထားပြီး အခြေအနေကို စောင့်ကြည့်ဖို့ ဘူးသီးတောင် တပ်နယ်ကို အမိန့်ချထားတယ်လို့ သိရပါတယ်။”

ဝင်ရောက်ပျံသန်းလာသော လေယဉ်မှာ အဖြူရောင်ဖြစ်ပြီး တောင်ဘက်မှ နေပြီး မြောက်ဘက် စူးစူးသို့ ပျံသန်းသွားသည်ဟု သူက ဆက်ပြောသည်။

“တပ်ထဲမှာ ရှိနေတဲ့ ရဲဘော်တွေ အကုန်လုံး တောင်ဘက်ကနေ ၀င်ရောက်လာပြီး မြောက်ဘက်ကို ဖြတ်ပျံသွားတာကို မြင်လိုက်တယ်လို့ ပြောပါတယ်။ ကင်းထောက်လေယဉ်၊ အမေရိကန် လေတပ်က ဆိုပြီး အထက်အာဏာပိုင်တွေက ပြောတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မကြားရသေးပါဘူး။”

ဘူးသီးတောင်မြို့မှာ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အကြီးမားဆုံး စစ်တပ် အခြေစိုက်ရာ တပ်နယ် တခုဖြစ်ပြီး ယခုအခါ စစ်တပ် တပ်ရင်း ၁၅ ခုကို တိုးချဲ့ ချထားသည်။ ၎င်းအပြင် ဘူးသီးတောင်တွင် စကခ ၁၅၊ ဗျူဟာ ၂ နှင့် အမြှောက်တပ်ရင်း တခုကိုလည်း အခြေစိုက်ထားသည်။

မြန်မာ စစ်အစိုးရမှ အနောက်ဘက် နယ်စပ်တွင် စစ်ရေး အင်အားကို ဖြည့်တင်းနေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အမည်မသိ လေယဉ် တစီးမှ ၀င်ရောက်လာပြီး ဘူးသီးတောင် တပ်နယ်မှ အဆောက်အဦးများကို ဓါတ်ပုံရိုက်ယူသွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ သတင်းကို နေပြည်တော် ကကကြည်းမှ သိရှိသွားပြီး လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိ တချို့ကို အဆိုပါ လေယဉ်ဝင်ရောက်မူကို စစ်ဆေးရန် စေလွှတ်ထားသည်ဟု ခိုင်လုံသော သတင်းအရ သိရသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN