Friday, February 12, 2010

စစ်တပ်ဆိုတာ ဒါဟဲ့  သတင်းမထွက်နိုင်တဲ့  တောထဲမှာဆို သာဆိုးသေးတယ် ။

စစ်သားများဝိုင်းရိုက်၍ စားပွဲထိုး ၂ ဦး ဒဏ်ရာပြင်းထန်
ကျော်ခ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၂၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ အမြောက်တပ်မှ စစ်သားများက အုပ်စုလိုက် ရိုက်နှက်၍ ဒဏ်ရာရှိသူ ကျောက်ပန်းတောင်းမြို့မှ စားပွဲထိုးဝန်ထမ်း ၂ ဦးမှာ အရေးပေါ် လူနာအဖြစ် ကုသမှုခံယူနေရသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့အထွက်၌ ပုပ္ပါးတောင်ကလပ်သို့ သွားသည့် လမ်းမကြီးဘေး ဖွင့်ထားသည့် “ဆည်းဆာ” စားသောက်ဆိုင်တွင် ယခုလ ၇ ရက်နေ့ ညဦးပိုင်းက အမြောက်တပ် ၇၀၇ မှ တပ်မှူး အဆင့်ရှိသူ ၂ ဦးနှင့် စားပွဲထိုးများ ပိုက်ဆံမရှင်းသည့်ကိစ္စဖြင့် အချင်းများပြီးနောက် စစ်သားများက လူစုပြီး တကျော့ပြန်လာကာ ဆိုင်တံခါးပိတ် ရိုက်နှက်ခဲ့သည်။

ဒဏ်ရာ အပြင်းအထန်ရသွားသော မောင်ဝင်းထိန်နှင့် မောင်ဝင်းညွန့်တို့အား မြို့နယ် ဆေးရုံတွင် အရေးပေါ် လူနာအဖြစ် ကုသထားရသည်။

“လာတုန်းက အရပ်ဝတ်နဲ့ လာစားတာ။ စားပွဲထိုးတွေက ဝိုင်းထိုးလို့ ပြန်သွားပြီး ည ၁၀ နာရီခွဲလောက်မှာ စစ်ကားကြီးတစီး အပြည့် အယောက် ၃၀ ကျော် ၄၀ နီးပါး လောက်ရှိတယ်။ အကုန်လုံး စစ်ဝတ်စုံနဲ့ပဲ။ စားနေတဲ့ ဧည့်သည်တွေကို ပြန်ခိုင်းပြီးတော့ စားပွဲထိုးလေးတွေကို ထွက်ပေါက်ပိတ်ပြီး ရိုက်တာ” ဟု မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

အခင်း ဖြစ်ပွားမှုတွင် အမြောက်တပ် ၇၀၇ မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် ရဲတပ်ဖွဲ့ရုံးက အတည်ပြု ဖြေကြားခဲ့သော်လည်း နာမည်နှင့် ရာထူးများအား ဖြေကြားရန် ငြင်းဆိုခဲ့သည်။ စခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးသလို စစ်တပ် ပါဝင်ပတ်သက် နေသောကြောင့် ရဲက အမှုကို ကိုင်တွယ်ရန် လက်တွန့်နေသည်။

တပ်မ ၇၀၇ မှ တာဝန်ကျ တပ်သားတဦးကလည်း “အဲဒီနေ့က ကျနော် ဂျူတီကျနေလို့ ရန်ဖြစ်တဲ့ကိစ္စ ကျနော် အတိအကျ မသိရသေးပါဘူး။ တပ်က အရာရှိတွေတော့ သွားကြတာတော့ ရှိတာပေါ့လေ” ဟု မဇ္ဈိမကို ပြန်လည် ဖြေကြားခဲ့သည်။

ကျောက်ပန်းတောင်း မြို့နယ်ဆေးရုံ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းတဦးက “ကောင်လေးတွေက ယောက်ကျားလေး ခွဲစိတ်ဆောင်ထဲမှာပါ” ဟု ပြောသော်လည်း အသေးစိတ်ပြောရန် ငြင်းဆိုသည်။

လူနာများကို တွေ့မြင်ခဲ့သူ တဦးကမူ “ အရမ်း ထိထားတာပေါ့။ မျက်နှာနဲ့ ခေါင်းနဲ့ ညိုမဲစွဲပြီး ဖူးရောင်နေတယ်။ လက်မောင်းတွေလဲ ကျေနေတယ်။ အောက်ပိုင်းတွေတော့ ဘာဖြစ်လဲ မသိဘူး” ဟု မဇ္ဈိမကို ပြောသည်။

“အရင်တုန်းက ဒီလိုမျိုး ဝင်ရိုက်တာ တခါမှ မရှိဘူးသေးဘူးဗျ။ အခုဟာက အရပ်သားမဟုတ်ဘဲ စစ်ဝတ်စစ်စားနဲ့ ပေါ်တင်ဝင်ရိုက်တာကိုး။ ဒီသတင်းက တမြို့လုံး ဟော့နေပြီ။ ရဲကလည်း တပ်နဲ့ ဖြစ်တာဆိုတော့ မဝင်ရဲဘူး ဖြစ်နေတဲ့သဘောတော့ ရှိတယ်” ဟု သူကဆက်ပြောသည်။

“ဆည်းဆာ” စားသောက်ဆိုင်ပိုင်ရှင်သည် ဒေသအာဏာပိုင်များနှင့် ရင်းနှီးသူတဦးဖြစ်ပြီး ဆိုင်တွင် စင်တင်တေးဂီတနှင့် အမျိုးသမီးငယ်များလည်း ထားရှိကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, February 11, 2010

အနိစ္စရင်ခွင်တွင် ခိုလှုံခြင်း(သို့ ) ကက်ကင်း ကျော်သူ

ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း. ...။
ပျော်လိုက်ကြသည်ဖြစ်ခြင်း.. ..။
လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်...နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ
စိုက်ထူခဲ့ကြသည့်ည....။
အကယ်ဒမီည။
ထိုနေ့...ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။

ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။

မိမိသည် အော်ဟစ်ဆူပူသောင်းကျန်း မိသူမဟုတ်။
မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။

ရှိစေတော့...ကိုယ့်ကံနှင့်ကို ကမ္ဘာမြေကြီး ပေါ်ရှိ မြန်မာပြည်ကြီး ထဲသို့ရောက်လာခဲ့ပြီးကိုး။့
သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။

ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံရပ်ခြားမှမိမိတို့ မြန်မာပြည်အတွင်း တွင်ဘ၀ပြောင်းသွားသောသူများ...အားလုံး ..အားလုံး...ငြိမ်းချမ်း လှပအဆင်ပြေမှုရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှုဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေးအသင်းအဖွဲ့ပေါ်ပေါက်လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ်ပေးခဲ့သော အမိမြန်မာပြည်၏ ကျေးဇူးတရားများပင်ဖြစ်တော့သည်။

“သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” ...... မဟုတ်ပါလား။
သို့သော်
အများအကျိုး ရွက်သယ်ပိုးက

ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း

မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။

ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။

ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်းကိုယ်စား ကိုယ့်စားရိတ်နှင့်ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက...မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။

လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။

တော်လိုက်သည့် ......အနုပညာရှင်

ပြောင်မြောက်လိုက်သည့်.....်..... အနုပညာရှင်

ထူးချွန်လိုက်သည့် ........ အနုပညာရှင်

များပင်ဖြစ်တော့သည်။

အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။

ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။

ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း. ...။

ပျော်လိုက်ကြသည်ဖြစ်ခြင်း.. ..။

ယခင်နှင့်ယခု မတူတော့...။
ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။
ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက.............ပရဟိတ။
ယခင်နှင့်ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။

မောင်ကျော်သူ.....မင်းအီတလီဝန်ကြီးချုပ်ကိုသိလား? (မသိပါ)
.....မင်းပြင်သစ်သမ္မတကိုသိလား? (မသိပါ)
......မင်းချာလီချက်ပလင်ကိုသိလား? (သိတာပေါ့)

အေး.....အဲ့ဒါပဲကွ..အနုပညာသည်ဆိုတာ လူတိုင်းသိတယ်။ စစ်မှန်တဲ့အနုပညာသည်ဆိုတာ လူတိုင်းလေးစားတယ်။
ဒါကြောင့်....အနုပညာသည်လုပ်တဲ့....အကျိုးပြုလုပ်ငန်းဆိုတာ..."အောင်မြင်ရမယ်" တဲ့။

ဘဘဦးသုခစကားသည်............
မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည်။
ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်....အသက်မရှိသူတို့နှင့်သာ ပတ်သက်သွားတော့သည်။
မိမိသည်.....လူတိုင်းမသွားချင်သော သင်္ချိုင်းသုဿန်သို့ အမြဲသွားနေသည်။
မိမိသည်.....လူတွေမေ့ချင်ယောင်ဆောင်မှုကို သိလာသည်။
မိမိသည်.....လူတွေမသိသောအရာများကို မြင်လာသည်။

ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
ဤတွင်....ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်...။

“မောင်ကျော်သူ...မင်းနဲ့ဘဘက အကျိုးပေးတယ်...ကက်ကင်း” တဲ့
ဟုတ်ပေသားပဲ....
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)

ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။

ထိုအခါ...မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
“ ဟာ..ဘဘ...ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
“ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”...။
“ မှန်လိုက်လေ...... ဟုတ်လိုက်လေ....မောင်ကျော်သူရယ်တဲ့..” တဲ့
ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း”ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ရသည်မှာ ယနေ့တိုင်....။
မိမိပီတိဖြစ်လိုက်ရသည်............ဖြစ်ခြင်း။

မိမိရင်ခုန်လိုက်ရသည်..... .........ဖြစ်ခြင်း။

မိမိပျော်လိုက်ရသည်........ ........ဖြစ်ခြင်း။

သို့သော်...အားလုံး..အားလုံး..အလုံးစုံတို့သည်...အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

တရားသိသလိုလို..တရားရှိသလိုလိုနဲ့
ဝင်လေထွက်လေရပ်ပြီး
ငါ့နောက်မလိုက်ခဲ့နဲ့။

ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (----- ၊----- ၊--------)

ဆက်ဖတ်မယ်ဆိုရင်....

သတ်ကွင်း

ရန်သူ . . . ။

အပေါ်က ရန်သူကို အောက်သို့ရောက်လာအောင် ဖျားယောင်း၊ အောက်က ရန်သူကို အပေါ်သို့ရောက် လာအောင် မြူဆွယ်၊ အရပ် (၈) မျက်နှာက ရန်သူများကို တည်ကြက်လုပ်ပြီး ကျုံးသွင်း၊ စသဖြင့် . . . ဖျားယောင်းခြင်း၊ မြူဆွယ်ခြင်း၊ ကျုံးသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ချောင်ပိတ်ခြင်း၊ ထောင်ခြောက်ဆင်၍ ရန်သူကို အမိအရဖမ်းဆီးသတ်ဖြတ်ခြင်းတို့ လုပ်ရန် အချိန်ရောက်ပြီဖြစ်သည်။

ရန်သူတို့သည် ကျွန်တော်၏ ပစ်မှတ်အတွင်းသို့ ရောက်နေပြီဖြစ်သည်။ ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များ၏ အင်အားတစ်ရပ်ထဲနှင့် ထိုရန်သူတို့ကို နှိမ်နှင်း၍မရ။ အများအား၊ ပြည်သူ့အားနှင့် တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ သစ္စာသွေးသောက်ပြီး ရဲရဲတောက် နှိမ်နင်းမှရမည့် ရန်သူပင်ဖြစ်သည်။
ဤရန်သူသည် . . . မာယာများသည်။
ဤရန်သူသည် . . . ပရိယာယ်ကြွယ်ဝသည်။
ဤရန်သူသည် . . . ကလိမ်ကကျစ်ကျသည်။
ဤရန်သူသည် . . . အတ္တကြီးသည်၊ ရက်စက်သည်။
မိုးလုံးပြည့်မုသာဝါဒသုံးသည်၊ သွေးထိုးတတ်သည်၊ သပ်ရှိုတတ်သည်၊ အကောက်ကြံတတ်သည်။
လူမျိုးတုံးအောင် လုပ်မည့်ရန်သူ၊ အမျိုးဖျက်မည့်ရန်သူ၊ သာသနာဖျက်မည့်ရန်သူ၊ တစ်ကိုယ်ကောင်းဆန်သည့်ရန်သူ . . . မည်သို့သော ရန်သူဖြစ်စေကာမူ . . . ကျွန်တော်တို့စည်းလုံးမည်၊ စိတ်ဓာတ်ခိုင်မာမည်။ လက်တွဲမဖြုတ်၊ ကြံ့ခိုင်မှုရှိမည်ဆိုပါက ချေမှုန်းနိုင်မည်ဖြစ်သည်။

သတ်ဖြတ်ခြင်း၊ နှိမ်နင်းခြင်း၊ ဖမ်းဆီးခြင်း၊ ကျုံးသွင်းခြင်းစသည့် စကားလုံးများကို သုံးခြင်းမှာ ကျွန်တော်နိုင်ငံရေးလုပ်နေခြင်းမဟုတ်၊ နိုင်ငံရေးလှုံဆော်စာလည်း မဟုတ်၊ အရေးအခင်းဖြစ်အောင် လုပ်မည့်သူမဟုတ်၊ ဆူပူနှောက်ယှက်မည့်သူမဟုတ်။
ကျွန်တော် . . . နိုင်ငံရေးသမား မဟုတ်။
ကျွန်တော် . . . လူမှုရေးသမား။
ကျွန်တော် . . . နိုင်ငံရေးကို မသိ။
ကျွန်တော် . . . လူမှုရေးသမားသာ သိသည်။
သို့သော် . . . နိုင်ငံရေး ကောင်းလျှင် လူမှုရေးသမားများသက်သာမည်၊ နိုင်ငံရေးညံ့လျှင် လူမှုရေး သမားများ ပင်ပန်းမည် ဖြစ်သည်။

နိုင်ငံရေးဆိုသည်မှာ လှည့်စားတတ်သည်။
လူမှုရေးဆိုသည်မှာ ရိုးစင်းသည်။ ဖြူစင်သည်။
ဖြောင့်မတ်သည်။ ငြိမ်းချမ်းသည်။

သို့သော် . . . ဖြူစင်ဖြောင့်မတ်၊ ရိုးသား၊ တည်ကြည်၊ ငြိမ်းချမ်းသော လူမှုရေးလုပ်ငန်းကို အမဲဆိုး၊ (အနက်ရောင်ဆိုး) မည့် ဒိဋ္ဌိအယူဝါဒသမား၏ ဖျက်ဆီးမှု၊ တိုက်ခိုက်မှု၊ နှောက်ယှက်မှုများရှိနေသည်။ သူတို့ . . . သူတို့သာလျှင် ငြိမ်းချမ်းမှုကို ဖျက်ဆီးမည့် ဘုံရန်သူဖြစ်တော့သည်။

ကျွန်တော်ပြောခဲ့ဖူးပါသည်။ ကျွန်တော်ရေးခဲ့ဖူးပါသည်။ ကျွန်တော်ရိုးသားစွာ အဖြူထည် လူမှုရေး၊ လုပ်ငန်းစဉ်များကို တင်ပြခဲ့ဘူးပါသည်။ ကုသိုလ်ယူရမည့် ကိစ္စရပ်များ၊ ကိုယ်ချင်းစာစိတ်များပွားများရေး၊ ဗြဟ္မစိုရ်တရား (၄) ပါးလက်ကိုင်ထားရေး၊ သီလလုံရေး၊ အယူသည်းမှုပပျောက်ရေး၊ မိစ္ဆာဒိဋ္ဌိအယူရှိသူများအကြောင်း . . . များစွာ၊ များစွာ ပြောခဲ့ဖူးပါသည်။

(ဥပမာအားဖြင့် . . . တဏှာ့ကျွန်မခံပြီ၊ အခမဲ့ ကိုယ်ထည်၊ ရိက္ခာ၊ ခုတ်မယ် . . .ထစ်မယ် . . .ပါးပါးလှီးမယ်၊ နယ်ကျွန်ထွက်ပေါက်၊ သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်၊ လှူမယ် တန်းးမယ် သာသနာပြုမယ်၊ မသေဆေးစားကြသူများ . . . စသဖြင့် နောက်ဆုံး . . . (အမွေ၊ ကတ်ကင်း၊ နှင့် ရှင်းတမ်း) တို့ဖြစ်ကြသည်။

မြန်မာပြည်တွင်းရှိ ပြည်သူပြည်သားများနှင့် ပြည်ပရောက် မြန်မာလူမျိုးတော်တော်များများသည် မိစ္ဆာဒိဋ္ဌိ အယူဝါဒသမား၏ အယူစွဲ၊ အမှားစွဲ၊ အယူသည်းမှုများကို သိရှိပြီးဖြစ်ကြသည်။

ထို့ကြောင့် ကျွန်တော်တို့၏ ရန်သူကို မြင်နေရပြီဖြစ်သည်။ ထိုရန်သူတို့၏ ပရိယာယ်ကြွယ်မှု၊ သပ်ရှိုမှု၊ ဖြားယောင်း သွေးဆောင်မှု၊ လက်တွင်းသို့ မရောက်အောင် ကျွန်တော်တို့ အထူး သတိထားရမည်။ စိတ်ဓာတ် တို့ကို ကြံ့ကြံ့ခိုင်ကာ ရဲရဲရင့်ရင့်တွန်းလှန် တိုက်ဖျက်ရတော့မည်။ ရန်သူအား အမြစ်ပါမကျန် တိုက်ခိုက်ရတော့မည်။

ပစ်မှတ်ကို သိလျှင် ထိအောင်ပစ်ဖို့က မိမိတို့ တာဝန်ပင်ဖြစ်တော့မည်။ မိမိတို့၏ ကိုယ်တွင်းကိုယ်ပ မှာရှိတဲ့ ကိလေသာဟူသော မိစ္ဆာဒိဋ္ဌိအယူဝါဒ ရန်သူတို့ကို ပြည်တွင်းပြည်ပမှာရှိသည့် မြန်မာပြည်သူ ပြည်သားများက စည်းလုံးညီညွတ် လက်တွဲမဖြုတ် စိတ်ဓာတ်ခိုင်ခိုင်၊ တွန်းလှန်တိုက်ခိုက်ရန် အချိန် ရောက်ပြီ ဖြစ်ပါသည်။ ဒါမှ . . . “ကမ္ဘာမှာ မြန်မာဟေ့” ဟု ရင်ကော့၍ မော်ကြွားနိုင်မည် ဖြစ်သည်။

ကျွန်တော် လူမှုရေး လုပ်ကိုင်ပါသည်။ အများကတော့ ကျွန်တော်သည် ကုသိုလ်တွေ အများကြီးရနေပြီဟု ထင်ကြပါသည်။ သို့သော် . . . ကျွန်တော်သည် ကုသိုလ်တစ်ပဲ . . . ငရဲ တစ်ပိဿာ ရနေပြီ ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ကျွန်တော် လုပ်နေသည့် လုပ်ငန်းဆောင်ချက်များသည် အများအကျိုးအတွက် ထမ်းရွက်လုပ်ဆောင်သည်ဟု ဆိုသော်လည်း ဤကောင်းမှုလုပ်ငန်းကြီးတွင် နှောင့်ယှက်သူ၊ ဟန့်တားသူ၊ တားမြစ်သူ၊ ဖျက်ဆီးသူမှန်သမျှကို လေလှိုင်းမှ တစ်ဆင့်သော်လည်းကောင်း၊ စာပေထက်မှသော် လည်းကောင်း၊ FACEBOOK မှသော်လည်းကောင်း၊ ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပြန်လည်ဖြေရှင်း တုန့်ပြန်မှုများကို လုပ်ခဲ့ရသည်ဖြစ်၍ အကုသိုလ်များပင် ရခဲ့သည်။ အပယ်သို့ လားတော့မည်လား . . . မသိ။

သို့သော် ကျွန်တော် တို့၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ ပြည်သူ လူထုအား ပြောကြား ထားသော စကားစု အရ . . .

“သုဂတိသွားရာ တံခါးပေါက်သည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ ယမမင်း၏ ခွေးရည် ပုရပိုက်၌ ငါ၏ အပြစ်တွေ မည်မျှပင် ရေးမှတ်ထားသည် ဖြစ်စေ ငါကားဂရုမပြု” ဟူသော စာပိုဒ်သည် ကျွန်တော့် အတွက် မဟာ အားဆေး တစ်ခွက်ပင် ဖြစ်တော့သည်။

ထို့ကြောင့် ကျွန်တော်တို့၏ ဘုံရန်သူ ဖြစ်သော အယူမှား၊ အစွဲမှား၊ ဒိဋ္ဌိဝါဒများအား သိရှိပြီးသည်နှင့် အညီ ကျွန်တော်တို့၏ သတ်ကွင်းထဲသို့ ဝင်ရောက်နေသော ရန်သူတို့ကို ဇွဲရှိရှိ၊ သစ္စာရှိရှိ ဥမကွဲ၊ သိုက်မပျက်၊ စည်းလုံးညီညွတ်စွာ တိုက်ခိုက်တွန်းလှန် ဟန့်တားကြမည်ဆိုပါက ငြိမ်းချမ်းသာယာ စိုပြည်လှပသော လူ့ဘုံတစ်ရပ် ပျော်ရွှင်ဖွယ်၊ နေချင်ဖွယ် ကမ္ဘာကြီး တစ်ခု တည်ဆောက် နိုင်တော့မည် ဖြစ်ပါကြောင်း . . . ။

ကျော်သူ

ဆက်ဖတ်မယ်ဆိုရင်....

မင်္ဂလာပါ ဦးကျော်သူ

သူငယ်ချင်းရေ...
အသက်နံပါတ်ကြီးတိုင်း..ရင့်ကျက်တာမဟုတ်ဘူး.
ရ၀ကျော် သေခါနီးပေမဲ့ မိုက်နေတဲ့ လူတွေရှိတယ်။

သူငယ်ချင်းရေ...
ပညာတွေတတ်တိုင်း…လူပီသတာ မဟုတ်ဘူး..
အာဏာရှင်အကြိုက် ခွေးလိုအူနေသူတွေ ရှိတယ်..

သူငယ်ချင်းရေ...
စိန်တွေ ၀တ်နိုင်တိုင်း..လူချီးမွမ်းတာမဟုတ်ဘူး..
လူပေါင်းသန်းချီ..အဖေကိုဆဲနေတာ နားထောင်ရဲတဲ့သမီးတွေရှိတယ်…

သူငယ်ချင်းရေ...
ရုပ်ရှင်အကယ်ဒမီ..ရတိုင်း ပြည်သူချစ်သောအနူပညာသည်မမည်ဘူး
သရုပ်မပီ..ပေမမှီ…အဖားကောင်း ရသူတွေလည်းရှိတယ်။

လူရဲ့ဘ၀..တိုတောင်းကာလမှာ..
ဝင်လာချိန်..နတ္တိ..ထွက်သွားချိန် နတ္တိ..
ကျန်ခဲ့သမိုင်းသာ..မှတ်ကျောက်ဖြစ်၏။
အတ္တ မောဟ ဒေါသမရှိသော..
သင်၏ သမိုင်းသည် ဖြူစင်အတိ..
ဝမ်းမြောက် သာဓုခေါ်ပါ၏။
သင်သည်..တုနှိုင်းမဲ့ မေတ္တာရှင်.

အနူပညာသည်…သင် သရုပ်ဆောင်မှမဟုတ်…
အနုပညာသည် သင် ဒါရိုက်တာလုပ်မှမဟုတ်
အနုပညာသည် သင် ကဗျာရေးမှမဟုတ်
အနုပညာသည် သင် ပန်းချီဆွဲ မှမဟုတ်
သုဿာန်မြေကို တူးသောလက်
အလောင်းစင်ကို ပြင်သောလက်…
ပူဆွေးသူကို ယုယစွာ ပွေ့ ဖက်
နာကြင်သူ သို့ ဆေးအလှူလက်
အသုဘကို ရှုသောမျက်လုံး.
စာနာတတ်သော နှလုံး
ကြင်နာပါ သော အပြုံး..
ဤအရာသည်…အနုပညာမြောက်ပါ၏။
သင်သည် ပြည်သူချစ်သော အနူပညာရှင်…

ပြောချင်သူ ပြောပစေ..ကျော်သူ စဏ္ဍာလ..
ကဲ့ရဲ့ချင်သူ ကဲ့ရဲ့ပစေ..ကျော်သူ လူမိုက်.
မခေါ်မပြောနေပစေ ..မှန်ရာကို ဦးစိုက်..
နှလုံးသားစေရာသာလိုက် သူငယ်ချင်း..
လူကောင်းသတင်း..လူလူချင်းဘဲ သိတယ်။
လူမိုက်ကဲ့ရဲ့..မှုစရာ မဟုတ်ဘူး။

အသက် (၅၁)..သင်ဘ၀ လူဖြစ်ကျိုးနပ်ခဲ့ပြီ…
သာဓု သာဓု သာဓု ကိုကျော်သူ..
သင်ပြုသော ကုသိုလ်ရေ တစ်စက်…
အာဏာရှင်ပေါ် ဖြန့် ကျက်တယ်..
အကျဉ်းချချင်ချ..အသက်သတ်သော် မရ.
ရှင်းသန့် သော သင်၏ မည်နာမ…
စံတုနှိုင်းမရ. ရှင်သန့် အသက်ဝင်..
သင်သည် ပြည်သူ့ ချစ်သော စေတနာရှင်…

သင်သေသော်ညား..
သင်၏ သင်္ချိုင်း..ပန်းပွင့်များဝေလေမည်။
သင်၏ ကုသိုလ်…နတ်လူသာဓုခေါ်တော့သည်။
သင်၏ သားသမီး စိန်မစီလည်း တင့်တယ်သည်။
သင်၏ ဇနီး..သင့်အတွက် ပီတိလွှမ်းတော့သည်။
ဖြစ်လေရာ ဘုံဘ၀..ကံသာလျှင် သင့်၏နောက်လိုက်ဖြစ်တော့သည်။

သင်သည် မသေ..
သင်၏ စေတနာသည် မသေ…
သင်၏ မေတ္တာသည် မသေ..
သင်၏ အနုပညာသည် မသေ…
နှလုံးခုန်ခဲ့သော အသက် ၅၁…
သင်သည်..လူစင်စစ်ဖြစ်ခဲ့သည်..
ကောင်းသော မွေးနေ့ ပါ သူငယ်ချင်း
ယုံကြည်ရာလမ်းသာ ဆက်သာနင်း..
သုတိ မင်္ဂလာအဖြာဖြာ..ပြည်စုံဝေဖြာ
မင်းရဲ့ မွေးနေ့ မှာ

မသဒ္ဓါ (၂။၁၁။၂၀၁၀)
စေတနာရှင်..အနုပညာရှင် ကိုကျော်သူ၏ ၅၁ နှစ်မြောက်မွေးနေ့ သို့ ..
ဂုဏ်ယူပါတယ် သူငယ်ချင်း..မင်း၏ တုနှိုင်းမရ ဂရုဏာ..စေတနာ နှင့် မေတ္တာ

ဆက်ဖတ်မယ်ဆိုရင်....

အဖေပြောခဲ့ တဲ့  လွတ်လပ်တဲ့ တိုင်းပြည်နှင့် ဖာနိုင်ငံ

ဗိုလ်ချုပ်က သူ့ မွေးနေ့ သူသတိရမှာမဟုတ်ပါဘူး။ တိုင်ပြည်မှာသူလုပ်ချင်တာတွေနဲ့ အလုပ်ရှုပ်နေရင်း လုပ်ကြံခံခဲ့ ရတဲ့ဗိုလ်ချုပ်ကို ဗမာပြည်တွင်သာမက အာရှတခွင်မှာ တန်ခိုးအရှိန်ကြီးခဲ့ တဲ့  ဗိုလ်ချုပ်ရဲ့ သမိုင်းကို မှေးမှိန်အောင် ပယ်ဖျောက်ဖို့ ကြိုးစားနေကြတဲ့ လက်ရှိ စစ်အကြမ်းဖက် ခွေးအုပ်စုတို့ အား အော့နှလုံးနာမိပါတယ်။ အဖ အောင်ဆန်း ရယူခဲ့ တဲ့ တိုင်းပြည် ယ္ခုလက်ရှိမှာ စစ်ခွေး တွေရဲ့ ကိုယ့် အမျိုး ကောင်းစားရေး ကိုယ့် အာဏာလက်လွတ်မဆုံးရှုံးရေး ကလွဲ ရင် ပြည်သူ့ အကျိုးအတွက်ဘာမှကို ပြန်မကြည့်ဘဲ ရက်ရက်စက်စက် အုပ်ချုပ်ခံနေရတာ ထက် အင်္ဂလိတ်လက်အောက်မှာကျွန်အဖြစ် နေရတာက သာ၍ကောင်းသေးတယ်လို့  စိတ်ထဲ တွေးဖြစ်မိပါတယ် ဘာကြောင့်လည်းဆိုတော့ လောလောဆယ်မှာ စစ်ခွေးတွေလက်အောက်မှာ ကျွန်ခံရင်း မ၀ရေစာစားနေရတာထက် အင်္ဂလိတ်ခေတ်တုန်းက ကျွန်ဘ၀ရောက်ခဲ့ ပေမယ့်  ယ္ခုလက်ရှိ ဘ၀ထက်တော့သာသေးတယ်လို့ ။

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN