Wednesday, July 15, 2009

ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့

မောင်ရစ် ဇူလိုင် ၁၅၊ ၂၀၀၉


Than Shwe casts his vote, 10 May
ရွေးကောက်ပွဲဟာ ကျိန်စာပဲဗျ။ ဒီအကောင်က ကျနော်တို့အတွက် ကံကောင်းခြင်းလက်ဆောင် မဟုတ်ဘူးထင်တယ်။ အီရန်မှာ ရွေးကောက်ပွဲလုပ်မိတာ သေလိုက်ကြတာ သောက်သောက်လဲပဲ။ အမေရိကန်တို့ အနောက်အုပ်စုတို့က ရွေးကောက်ပွဲစနစ်နဲ့ အောင်မြင်နေတော့ ပြောအားရှိတာပေါ့ဗျာ။ ဘွတ်ခ်ျဆိုတဲ့ သမ္မတဟောင်း ဆင်းသွားလိုက်၊ အိုဘားမားဆိုတဲ့ သမ္မတအသစ် တက်လာလိုက်နဲ့။ သူတို့အနောက်အုပ်စုတွေက ရွေးကောက်ပွဲများ လုပ်နေလိုက်တာ ဆပ်ကပ်ပြနေသလား မှတ်ရတယ်။ ကျနော်တို့ အရှေ့ဖက်ကနဲ့ တခြားဆီပဲ ထင်တယ်။

ကြည့်ပါလေ … အီရန်က ရွေးကောက်ပွဲမှာ အာဏာရနဲ့ အတိုက်အခံတို့ခင်မျာ ရွေးကောက်ပွဲလည်း လုပ်ရသေး၊ ပြီးတော့လည်း အရှုံး အနိုင် မကျေနပ်ကြလို့ အငြင်းဆက်ပွားကြရသေး။ ထွက်ဆန္ဒပြကြတဲ့ လူငယ်တွေ ကျောင်းသားတွေမှာ အသက်နဲ့ ရင်းပြီး သေကြရ။ အင်တာနက်ပေါ်ကတဆင့် ကမ္ဘာကြီး မြင်ကြရတော့ အာဏာရတွေက ဒါ အမေရိကန်နဲ့ ဗြိတိန်ဒိဋ္ဌိတွေ သွေးထိုးလို့ ဖြစ်ရတာတဲ့။ အတိုက်အခံတွေကတော့ ဒါဟာ ပြည်သူတွေတောင်းဆိုတဲ့ လွတ်လပ်မှုတဲ့။ ကဲ … သေနတ်နဲ့လည်း ပစ်လိုက်ပြီ … ဒိုင်း .. ဟော ဟိုမှာ ပြည်သူတဦး ပစ်လဲသွားပြီ။ သွေးအိုင်ထဲမှာ။ ပြောစမ်းပါဦး … ရွေးကောက်ပွဲတွေဟာ အာဏာရှင်တွေ လက်ထဲမှာ ကျိန်စာလား …၊ လက်ဆောင်လား …

ကဲ ဒီတော့ ၂၀၀၈ မှာတုံးက နာဂစ်မုန်တိုင်းကြီး ခြေနဲ့ ဖျက်တဲ့ကြားက စစ်အုပ်စုက သူတို့အခြေခံဥပဒေဆိုတာကြီးကို ပြည်သူ့သွေးနဲ့ အဓမ္မရေးခဲ့တယ်။ ပြီးတော့ ထောင်ဒဏ်တွေကို ချမှတ်လိုက်တာ အနှစ် ၅၀၊ အနှစ် ၆၀ ဆိုတော့၊ ရွေးကောက်ပွဲဆိုတာများ အနှစ် ၂၀ ကို တကြိမ် မြန်မာပြည်မှာ လုပ်ဖြစ်မယ် ဆိုရင် - သူတို့တွေ ရွေးကောက်ပွဲ ၃ ကြိမ်လောက် လက်လွှတ်သွားမယ့် ပုံရှိတယ်။

အဲသည်တော့ အနှစ် ၂၀ ကို တကြိမ်လောက် လုပ်ဖြစ်ချင် လုပ်ဖြစ်မယ့် မြန်မာပြည်ရွေးကောက်ပွဲကြီးတွေအတွက် ကျနော်တို့ ဘာတွေများ အပင်ပန်းခံ စဉ်းစားချင်ပါလိမ့်နော်လို့ စိတ်ပေါက်နေမိပါတယ်။

တိုင်းပြည်ရဲ့ခေါင်းဆောင်၊ အတိုက်အခံပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ပြီးတော့ နိုင်ငံတကာက မြန်မာပြည်ရဲ့ ခေါင်းဆောင်လို့ အထင်အရှား အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အကြပ်အတည်း၊ တရားစီရင်မှု အကြပ်အတည်းတွေထဲ လုပ်ကြံထားတဲ့ အချိန်မှာ၊ ၁၉၉၀ ရွေူးကောက်ပွဲလက်ကျန် အင်န်အယ်ဒီပါတီကြီးကို သမိုင်းရဲ့ ဖြစ်တည်မှု အကြပ်အတည်းထဲမှာ ညှပ်ပူးညှပ်ပိတ်ထားတဲ့အချိန်၊ အတိုက်အခံအင်အားစုတွေကို ထောင်တွေထဲမှာ၊ နယ်စပ်ဒေသမှာ၊ အိုးပစ် အိမ်ပစ် အထွေထွေအကြပ်အတည်းအောက်မှာ ဖိနှိပ်ထားတဲ့အချိန်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ကျင်းပကြမယ်ဆိုတော့ ဘယ်လိုနည်းနဲ့များ ဖောက်ထွက်တွေးရင် ကောင်းမှာလိမ့်မလဲလို့ မြန်မာပညာရှိကြီးများ၊ အီလစ်ကြီးများ၊ ပြောရေးဆိုခွင့် ရှိသူများ၊ ရေဒီယိုနဲ့ စာနယ်ဇင်းဌာနအသီးသီးက ဆရာသမားကြီးများကဲ့သို့ အတွေးခေါင်ကြည့်မိပါတယ်။

နယ်စပ်ဒေသက အပစ်ရပ်အဖွဲ့များကို စစ်အစိုးရက သူများတွေနဲ့ မတူပဲ တော်တော်ကို ဂရုတစိုက်နဲ့ ညှိနှိုင်းနေတာကို ကျနော်တို့ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြရတာကို အထူးဂရုပြုမိပါတယ်ခင်ဗျ။ လက်နက်ချပြီးမှ ရွေးကောက်ပွဲ ၀င်ကြပါ ဆိုတာမျိုး၊ နောက်တမျိုးက လက်နက်မချချင်ရင်လည်း နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ ပြင်ဆင်ကြပါ ဆိုတာမျိုး။ နောက်တမျိုးကတော့ အပစ်မရပ်တဲ့ အခြားအပြိုင်အဖွဲ့တွေနဲ့ အိုးမဲသုတ်ပြီး ခွပ်ခိုင်းတာမျိုး စသည်ဖြင့် တော်တော် ဖွယ်ဖွယ်ရာရာ စီစဉ်ပေးနေတာကို တွေ့နေရပါတယ်။

စစ်အုပ်စုနဲ့ အဆက်အဆံမပျက်သ၍ စစ်အုပ်စုဟာ လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို တွင်တွင်ကြီး လုပ်နေတာကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစဉ်ဆိုသည်မှာ မြို့ပေါ်က လက်နက်မဲ့ အကြမ်းမဖက်ရေး လမ်းစဉ်စွဲကိုင်သူ အတိုက်အခံနိုင်ငံရေးအင်အားစုများနဲ့ ပြဒါးတလမ်း သံတလမ်းများ ဖြစ်နေလေတော့သလားလို့တောင် အတွေးပေါက်မိပါသေးဗျာ။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အစိုးရက နယ်စပ်ဒေသက လက်နက်ကိုင်တွေကို အလွန်ပါဝင်စေချင်တာကြောင့် အခုလို အချိန်ယူ စီစဉ်နေတဲ့ အချက်ပေါ်မှာ အခြေခံပြီးတော့ မောင်ရစ်လည်း ဖောက်ထွက်တွေးစရာ အကြံဉာဏ်ကောင်းလေးများ လင်းလက်မိတာကို တင်ပြလိုက်ချင်ပါတယ်။

အခုလို ဈေးအကြိမ်ကြိမ် ဆစ်နေရတဲ့ အကြပ်အတည်း အခြေအနေကြီးမှာ၊ နိုင်ငံတကာက စိတ်ပျက်လက်ပျက်ကြီးနဲ့ စစ်အုပ်စုလုပ်သမျှကို လက်မှိုင်ချနေချိန်ကြီးမှာ၊ ပြီးတော့ အာဏာရှင်တွေလုပ်တဲ့ ရွေးကောက်ပွဲဟူသမျှ နောက်ဆက်တွဲ သွေးမြေကျမှုတွေ၊ အရေးအခင်းတွေ အဆင်သင့်စောင့်ကြိုလျက် ရှိနေမည်ဆိုတာ မြေကြီးလက်ခတ် မလွဲတဲ့ အလားအလာကြီးတွေ အောက်မှာ - ကျနော်တို့ရဲ့ လာလတံ့သော ၂၀၁၀ ရွေးကောက်ပွဲကြီးကို စရိတ်ကျဉ်းကျဉ်း၊ အကုန်အကျ အကျအဆုံး နည်းနည်းနဲ့ စတိအဖြစ် ကျင်းပလိုက်ကြပါစို့လား ခင်ဗျား။

ကမ္ဘာတ၀ှမ်း စီးပွားပျက်ကပ်ကြီး ဆိုက်လို့ လူတွေ၊ လုပ်ငန်းတွေ၊ နိုင်ငံတွေ အထိအခိုက် အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေကြရတော့ မကုန်သင့်တာ မကုန်ရအောင်၊ မလိုအပ်ဘဲနဲ့ လူတွေ၊ အိုးအိမ် စည်းစိမ်တွေ၊ အနာဂတ်တွေ၊ ဘ၀တွေ လေလွင့်ဆုံးရှုံးပျက်စီးမှုတွေ မဖြစ်ကြရလေအောင် မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအစီအမံအသစ်တခုနဲ့ အကျဉ်းချုံးလိုက်ကြရင် မကောင်းပေဘူးလား ခင်ဗျား။

လက်နက်ကိုင်များကလည်း အလုပ်ရှုပ်ခံပြီး လက်နက်ချမယ်တို့၊ ပြည်သူ့စစ် ဖွဲ့မယ်တို့၊ အိမ်ကြက်ချင်း အိုးမဲသုတ်ကြစို့တို့ လုပ်မနေပါနဲ့။ အာဏာရှင်ရဲ့ ရွေးကောက်ပွဲမှာလည်း အပိုအလုပ်တွေ အပိုဆာဒါးတွေ၊ သကာသနတွေနဲ့ ကိုယ်စားလှယ် မှတ်ပုံတင်တာတို့၊ မဲဆွယ်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့၊ မဲရေတွက်တာတို့တွေလည်း လုပ်မနေပါနဲ့။ ရွေးကောက်ပွဲကို ကိုယ်စားလှယ် ရွေးပေးလိုက်ပါ။ ပြီးတော့ အဲသည်ကိုယ်စားလှယ်ကိုပဲ ပြည်သူ့လွှတ်တော်မှာ ပြိုင်ဖက်မရှိ အရွေးခံနိုင်ဖို့ သူတို့ကို တခါတည်း ပြောလိုက်ပါ။ မဆလခေတ်ကလည်း ပြည်သူ့လွှတ်တော်မှာ နယ်မြေတိုင်းမှာ ကြိုတင်ရွေးချယ်ထားသူများသာ ပြိုင်ဖက်မရှိ အရွေးခံခဲ့ရတာဟာ အလွန် အကုန်အကျ သက်သာပြီး အချိန်ကုန်သက်သာ၊ မဲပေးမည့် ပြည်သူတွေလည်း အလုပ်ရှုပ်အလွန် သက်သာခဲ့တာကို သင်ခန်းစာ ယူသင့်လှပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကြီးကို ယှဉ်ပြိုင်ကြရန် ခါးတောင်းမြောင်အောင် ကျိုက်နေကြကုန်သော ပြည်သူ့လွှတ်တော် အလောင်းအလျာတို့သည်လည်း လွန်ခဲ့တဲ့လအနည်းငယ်က သွေးမြေ ကျခဲ့ရတဲ့ အီရန်ရွေးကောက်ပွဲကို သင်ခန်းစာယူပြီးတော့ မဲဆွယ်ပွဲ၊ မဲပေးပွဲ၊ မဲရေတွက်ပွဲ အသီးသီးမှာ အပြစ်မဲ့တဲ့ ပြည်သူလူထုကြီးကို ဓားစာခံဖြစ်အောင် ဆွဲမထည့်ကြပါနဲ့တော့ ခင်ဗျား။ စစ်အစိုးရ လျာထားပြီးဖြစ်တဲ့ မဲဆန္ဒနယ်တွေထဲမှာ သူတို့ကိုယ်စားလှယ်တွေနဲ့ အတင်း ၀င်ပြိုင်နေမယ့်အစား သူတို့ အဆင်ပြေသလို စီစဉ်ပေးမယ့် နယ်မြေတွေကို သူတို့ဆီကပဲ တောင်းပြီးတော့ ပြိုင်ဖက်မရှိ ၀င်နေရာယူလိုက်ကြပါ။

ပြည်သူလူထုကြီးကလည်း အချိန်ကုန်၊ လူပမ်း၊ ငွေကုန်ကြေးကျခံပြီး၊ အသက်တွေ၊ ဘ၀တွေ စွန့်ပြီးတော့ သည် ၂၀၁၀ ရွေးကောက်ပွဲကြီးအတွက် ခေါင်းစားမနေပါနဲ့တော့ လို့လည်း တခါတည်း ပြောလိုက်ချင်ပါတယ်။ အသည်းကြားက မဲလည်း မဟုတ်၊ သေနတ်ပြောင်းဝက မဲတပြားဖြစ်နေတာမို့ သူတို့ထိုက်နဲ့ သူတို့ကံသာ ပစ်ထားလိုက်ပါ။ ဖြစ်နိုင်လို့ရှိရင် မဲရုံတွေ၊ မဲဆွယ်ပွဲတွေ၊ ကိုယ်စားလှယ်လောင်းတွေ ရပ်ကွက်ထဲ လာခြေရှုပ်နေတာကို မလိုအပ်ပါကြောင်း၊ ရုပ်မြင်သံကြား စတူဒီယိုများ၊ ရုပ်ရှင် ဗီဒီယိုရိုက်ကူးရာ ဆက်တင်များ၊ ရေဒီယိုအသံလွှင့်ခန်းများတွင်သာ ဇာတ်ညွှန်းများ၊ စပယ်ရှယ် အက်ဖက်များ၊ စတန့်ခန်းများ၊ အထိုးအကြိတ်၊ အသတ်အပုတ်၊ ဇတ်လမ်းများ ဆင်ပြီး ရွေးကောက်ပွဲကြီးကို ကျင်းပချင်ယောင်ဆောင်၍သာ ပြင်ဆင်ထားပြီးသော ရလဒ်များကို ကြေညာလိုက်စေချင်ကြောင်း၊ စေတနာလေး နည်းနည်းရှိကြရင်ဖြင့် ရုံးပိတ်ရက်လေး နည်းနည်းပါးပါး ကြေညာပေးကြရင်ဖြင့် ပြည်သူလူထုကြီးလည်း နည်းနည်း အနားရမှာပေါ့လေ။ မီးလေး ရေလေးလည်း နည်းနည်း မှန်အောင် လွှတ်ပေးဖို့ ပြောလို့ရမယ် ထင်ရင် ပြောကြည့်ကြပါခင်ဗျား။

၂၁ ရာစုအ၀င်မှာ အနောက်အုပ်စုက သူတို့တိုင်းသူပြည်သားတွေ ငြိမ်းချမ်းဖို့ ဆိုပြီး အကြမ်းဖက်သမားတွေကို စစ်တပ်တွေ လွှတ်ပြီး ဖြေရှင်းခဲ့ပါတယ်။ အကြမ်းဖက်သမားတွေကလည်း သူတို့ရဲ့ လောကနိဗ္ဗာန်တည်ဆောက်ဖို့ ဗုံးတွေ သေနတ်တွေနဲ့ အနောက်အုပ်စုကို တိုက်ခိုက်ခဲ့တယ်။

ရွေးကောက်ပွဲသည်သာ ငြိမ်းချမ်းစွာ အဖြေရှာခြင်းဖြစ်တယ်လို့ ဒီမိုကရေစီဆိုတဲ့ တိုင်းပြည်က တွင်တွင် ဟောပြောလို့ သူတို့တိုင်းပြည်က ရွေးကောက်ပွဲတွေ စံပြုပြီး ကမ္ဘာတခြမ်းက ကံဆိုးသူတွေကို နားချတယ်။ အဲဒါကို အကောင်းမှတ်ပြီး အာဏာရှင်လက်အောက်က ကံဆိုးသူ လူထုဟာ လက်နက်ဆိုလို့ အပ်တိုတချောင်းမှ မကိုင်ဘဲ အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲ အတုအယောင်တွေအောက်ကနေ လွတ်လပ်မှု တရားမျှတမှုနဲ့ ဒီမိုကရေစီကို တောင်းဆိုကြတော့ လမ်းပေါ်မှာ သွေးတွေက ချောင်းစီးလို့ …။ အာဏာရှင်တွေကလည်း ရွေးကောက်ပွဲကို မေးခွန်းထုတ်တဲ့ ပြည်သူကို အကြမ်းဖက်သမားတွေဆိုပြီး ပစ်သတ်လို့ ကောင်းနေဆဲပဲပေါ့။

ကဲ … ခင်ဗျားတို့ကို မေးလိုက်ပါဦးမယ်။

အာဏာရှင်လက်အောက်က ရွေးကောက်ပွဲဆိုတာ အဖိနှိပ်ခံ၊ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေအတွက် ကျိန်စာ လား လက်ဆောင်လား။

ကဲ … နေခဲ့တော့ ရွေးကောက်ပွဲထဲမှာ … မင်းပျော်မယ် ထင်ရင်။ ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ရှိတာအကုန်ရောင်း

မြန်မာမှ ဘင်္ဂလာဒေခ်ျ့သို့ ဂတ်စ်ရောင်းမည် (သို့သော် ဘယ်နေ့ မသိ)ရောင်းပြီးလျင်လည်းငွေဘယ်သို့ ရောက်မည်မသိ 7/15/2009
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စွမ်းအင်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ငါးဦးပါ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့သည် မြန်မာနိုင်ငံသို့ ဂတ်စ်ဝယ်ယူရေး ကိစ္စဆွေးနွေးရန် ဇူလှိုင်လ ၆ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်ခဲ့သည်။

ထိုကဲ့သို့ သွားရောက်ခဲ့ခြင်းမှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်းက ဘင်္ဂလာဒေခ်ျ့သို့ လာရောက်လည်ပတ်ခဲ့သော မြန်မာ စွမ်းအင်ဝန်ကြီး လွန်းသီးက မြန်မာ နိုင်ငံမှ ဂတ်စ်ကို ဘင်္ဂလာသို့ ရောင်းချပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့် အတွက် ဖြစ်သည်ဟု စွမ်းအင် ၀န်ကြီးဌာနမှ တာဝန်ရှိသူ တဦးက လွန်ခဲ့သော တနင်္ဂနွေနေ့က ထုတ်ဖေါ်ပြောကြားသည်။

နေပြည်တော်တွင် မြန်မာဘက်မှ ထိပ်တန်း အရာရှိကြီးများနှင့် ဘင်္ဂလာကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးစဉ် မြန်မာဘက်က ဘင်္ဂလာသို့ ဂတ်စ်ချရောင်းချပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါ ရောင်းချမူကို ရရှိရန် နောက်ထပ် ငါးနှစ်မှ ခြောက်နှစ်ထိ အချိန် စောင့်ဆိုင်းရန် လိုအပ်သည်ဟု မြန်မာဘက်က ပြောကြားခဲ့သည်။

ယခုအခါ ဂတ်စ် လုပ်ကွက်များ ရှာဖွေတွေ့ရှိထားပြီး အနည်းဆုံးအဆိုပါ ဂတ်စ်ကို ထုတ်လုပ်ရန် အချိန် (၅) နှစ်ခန့်ကြာမြှင့် နိုင်မည် ဖြစ်ပြီး ရောင်းချရန် အသင့် အနေထားသို့ ရောက်လျင် ဘင်္ဂလာဒေခ်ျ့သို့ ရောင်းချပေးမည် ဖြစ်သည်ဟု မြန်မာဘက် ပြောကြားခဲ့ကြောင်း အဆိုပါ အရာရှိက ထပ်မံ ပြောဆိုသည်။

အိန္ဒိယ ရေနံကုမ္ပဏီ Essar မှ ရခိုင်ကမ်းရိုးတန်း လုပ်ကွက် အယ်လ်နှင့် အေ-တူးတွင် ဂတ်စ်များ ရှာဖွေတွေ့ရှိထားပြီး အဆိုပါ လုပ်ကွက်မှာ ဘင်္ဂလာဒေခ်ျ့နှင့် နီးကပ်စွာ တည်ရှိသည်။

အဆိုပါ အရာရှိမှ လုပ်ကွက် အယ်လ်မှာ စစ်တွေဧရိယာတွင် တည်ရှိပြီး အေတူး လုပ်ကွက်မှာ မောင်တောမြို့နယ်တွင် တည်ရှိပြီး အဆိုပါ လုပ်ကွက်များမှ ဂတ်စ်ကို ဘင်္ဂလာဒေခ်ျ့သို့ ရောင်းချရန် မြန်မာက်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

၎င်းပြင် တွေ့ဆုံဆွေးနွေးပွဲတွင်မှ မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ လျှပ်စစ် ၀ယ်ယူရန် ကိစ္စကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဘုရားသုံးဆူမှနအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ဇူလိုင် ၁၅၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၅)။ ။ ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့ခေတ္တအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ အရာရှိ တစ်ဦးအပါအဝင် စုစုပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦးတို့ လူပွဲစားများအကူအညီဖြင့် ထိုင်းနိုင်ငံတစ်နေရာသို့ လိုက်လံ ပို့ပေးခဲ့ကြောင်းနှင့် အလုပ်အကိုင်များလုပ်ကိုင်နိုင်ရန် နေရာချပေးထားပြီဖြစ်ကြောင်း ဘုရားသုံးဆူမှ အမည် မဖေါ်လိုသောလူပွဲစားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အဆိုပါတပ်ဖွဲ့ဝင်များမှာ ဗိုလ်ကိုကိုလွင်၊ ဒုအရာခံဗိုလ် ဌေးလွင်နှင့် အခြားအဆင့်ရဲဘော် ၁၀ ဦးဖြစ်သည်ဟု ဆိုပါသည်။ လုံခြုံရေးအရ ၄င်းတို့ရောက်ရှိသောနေရာများကို မပြောကြားရန် မေတ္တာရပ်ခံခဲ့ပါသည်။

အဆိုပါလူပွဲစားဆိုသူက “ကျနော့်ကို တိတ်တဆိတ်လာဆက်သွယ်နေတာ ကြာပါပြီ၊ ကျနော်လည်း မယုံရဲဘူး၊ ဒါပေမဲ့ ကျနော်သတ်မှတ်တဲ့ ထိုင်းမြေနေရာထဲရောက်အောင်လာခဲ့လို့ ချိန်းထားပြီး သူတို့ရောက်လာတော့ ကျနော်တို့လူတွေ တစ်ဆင့်ပြီးတစ်ဆင့် လုံလုံခြုံခြုံနဲ့ အလုပ်နေရာအထိ ရောက်အောင်ပို့ပေးလိုက်တာပဲ၊ ကျနော်တို့ကတော့ အမြတ်မရလိုက်ပါဘူး၊ သူတို့ဘဝကိုသနားလို့ ပို့ပေးတာပါ” ဟု ဆိုပါသည်။

အဆိုပါစစ်သည်များ တပ်မှထွက်ပြေးခဲ့သည်မှာ လွန်ခဲ့သည့် ၅ ရက်ခန့်ရှိပြီဟု သိရသည်။ အားလုံးကို ၂ သုတ်
ခွဲ၍ ပို့ပေးခဲ့ရသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီမှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးအဆိုအရ ဤဖြစ်စဉ်ကို မိမိတို့လည်းစုံစမ်းသိရှိ ထားကြောင်း၊ မိမိတို့နှင့်မသက်ဆိုင်၍ မည်သို့မျှမပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ယခုတပ်မှထွက်ပြေးသွားသော ဗိုလ်ကိုကိုလွင်ဆိုသူမှာ ခလရ ၃၂ တပ်ရင်မှူး ဒုဗမကခင်ဇော်၏ ကိုယ်ရေး အရာရှိဖြစ်သည်ဟု သိရသည်။ ဗိုလ်ကိုကိုလွင်သည် မကြာမီရက်ပိုင်းက ဘုရားသုံးဆူမြို့ပေါ်၌ မော်တော်
ဆိုင်ကယ် တိမ်းမှောက်ခဲ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့ရာ ၄င်းတပ်ရင်းမှူးနှင့် စကားများခဲ့ကြသည်။ ယခုတပ်ပြေးများမှာ ဘုရားသုံးဆူမြို့၊ ဘုရင်နောင်ကုန်းပေါ်ရှိ တပ်ရင်းရုံးမှ စစ်သည်များဖြစ်ကြသည်ဟု ဆိုပါသည်။

အဆိုပါ ခလရ ၃၂ သည် လွန်ခဲ့သည့်မတ်လကုန်ပိုင်းတွင် ယခင်ခလရ ၂၄ နှင့် ဘုရားသုံးဆူမြို့ကို လုံခြုံရေး
ပေးရန် လွန်ခဲ့သည့်မတ်လကုန်ပိုင်းတွင် တပ်အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ မကြာမီတွင် ခမရ ၃၅၆ နှင်တပ်အပြောင်းအလဲ ပြုလုပ်တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။ ဘုရားသုံးဆူမြို့တွင် အခြား မြို့ကြီးများကဲ့သို့ ပုံသေတပ်များ သတ်မှတ်ထားရှိခြင်းမရှိပါ။

စစ်အစိုးရသည် နယ်စပ်တွင်အစားချောင်သဖြင့် ဘုရားသုံးဆူမြို့တွင် ၃ လတစ်ကြိမ် တစ်တပ်ပြီးတစ်တပ် တပ်အပြောင်းအလဲ ပြုလုပ်စေကာ ၄င်းတို့၏တပ်ရင်းမှူးများကို မြို့အကြီးအကဲအဖြစ်အုပ်ချုပ်စေသည်။ မယကအဖွဲ့အစည်းမှာ တပ်ရင်းမှူး၏အမိန့်ကို နာခံရသည်။ တပ်ရင်းမှူးများပြောသမျှ အမိန့်ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ခံများ ယူဆထားကြသည်။


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ထိုးစစ်အတွက် ငွေနှင့် ဆန် ရွာသားများထံ တောင်းခံ

ဇူလိုင် ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူတပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ရန်အတွက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)က ရွာသားများထံမှ ငွေနှင့် ဆန်များကို အတင်းအဓမ္မ တောင်းခံသည်ဟု ဒေသခံ ကေအဲန်ယူဘက်က ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင် အခြေစိုက် ဒီကေဘီအေ ကလိုထူးဘော ဗျူဟာ လက်အောက်ခံ (၉၀၆)တပ်ရင်း တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံသည် တောင်ဒီးကျေးရွာမှ ငွေ ၁၅သိန်းနှင့် ဆန် ၁၇၅တင်းကို တံခွန်တိုင်ရွာစခန်းသို့ ယခုလ (၁၂)ရက်နေ့အရောက် ပို့ဆောင်ပေးရန် အတင်းအဓမ္မ ညွှန်ကြားတောင်းခံလိုက်သည်ဟု ကေအဲန်ယူ တပ်မဟာ(၆)၏ ပြန် ကြားရေးဌာနက ထုတ်ဖော်ပြောဆိုသည်။


ကေအဲန်ယူ တပ်မဟာ (၆) ပြန်ကြားရေးဌာန တာဝန်ခံတဦးက “(၉၀၆)တပ်ရင်း တပ်ခွဲ(၃)တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံက တောင်ဒီးရွာသားတွေဆီက ငွေ ၁၅သိန်းနဲ့ ဆန် ၁၇၅တင်းကို အခုလ ၁၂ရက်နေ့အရောက် တံခွန်တိုင်ရွာက သူတို့စခန်းကို လာပို့ခိုင်းတယ်။ ဆန်နဲ့ ငွေတောင်းခံတာက ခန့်မှန်းချက်အရတော့ ကျနော်တို့နယ်မြေကို ထိုးစစ်ဆင်ဖို့အတွက် ရိက္ခာပြင်ဆင် မှုပဲ ဖြစ်တယ်”ဟု ကရင်သတင်းစဉ်ကို ပြောသည်။

ယင်းသို့ ဒီကေဘီအေမှ ငွေနှင့် ဆန် အဓမ္မ အတောင်းခံရသည့် တောင်ဒီးရွာသည် ကြာအင်းဆိပ်ကြီးအနောက်ဘက် (၁၅)ကီ လိုမီတာခန့် အကွာအဝေးတွင်ရှိပြီး ရွာသားအများစုမှာ လယ်၊ ယာလုပ်ငန်းများဖြင့်သာ အဓိက အသက်မွေးဝမ်းကျောင်းပြုကြ သဖြင့် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၆)တပ်ရင်း တပ်ခွဲ(၃)တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံသည် ယခင်က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအဲန်ဒီအို) တပ်ရင်း(၆) တပ်ခွဲ(၂) ဒုတပ်ခွဲမှူးအဖြစ် တာဝန်ယူခဲ့သူတဦးဖြစ်သည်ဟု လက်ရှိ ကေအဲန်ဒီအို ဒုဗိုလ်ချုပ်ဖြစ် သူ ဗိုလ်မှူးကြီးစောဆာ့ကလယ်မူးက ပြောသည်။

အလားတူပင် ဘုရားသုံးဆူအခြေစိုက် ဒီကေဘီအေ ကလိုထူးဘောလက်အောက်ခံ (၉၀၁)တပ်ရင်း တပ်ခွဲ(၂)တပ်ခွဲမှူး ဗိုလ် ကြီးအေ၀မ်းသည် ယခုလ ၁၁ရက်နေ့ကစတင်၍ ယနေ့အထိ မဲ့ကသာနှင့် ဘုရားသုံးဆူသို့ သွားရာလမ်းကို မည်သူ့ကိုမျှ သွား လာခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ထားသည်ဟု ဘုရားသုံးဆူမြို့ခံများက ပြောသည်။

တချိန်တည်းတွင် ကော့ကရိတ်မြို့နယ် ဝေါ်လေအခြေစိုက် နအဖ စကခ (၁၂)လက်အောက်ခံ နည်းဗျူဟာ (၁)နှင့် (၂) ပူး ပေါင်းတပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ(၆)ထိန်းချုပ်ရာနယ်မြေများဖြစ်သော မဲ့ကသာဂွင်၊ ကိုဒူကွဲဂွင်နှင့် ကျွန်းချောင်းဂွင် စသည့်နယ်မြေများကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်လျှက်ရှိပြီး ယင်းထိုးစစ်ဆင်ချိန်တွင် ဟောင်သရောအထူးဒေသ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့(ကေပီအက်ဖ်)၊ ဗိုလ်ထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့ ၀င်များအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း စကခ(၁၂)က စီစဉ်ထားသည်ဟု ကေအဲန်ယူ တပ်မဟာ(၆)သတင်းများအရ သိရ သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, July 14, 2009

သန်းရွှေရဲ့ကြွက်တွင်းသတင်း

လှိုဏ်ခေါင်းသန်းရွှေနဲ့ ကြွက်တွင်းဂျုံအီး အောင်ကျော်ခင် ၁၃ ဇူလိုင် ၂၀၀၉
လူ့ဆက်ဆံရေးမှာ သမဏေန သမဏော ဂေါဏေန ဂေါဏော ဆိုတာရှိတယ်။ ရဟန်းဟာ ရဟန်းအချင်းချင်း ပေါင်းဖက်မိသလို နွားဟာလည်း နွားအချင်းချင်း ပေါင်းဖက်တယ်လို့ ဆိုတာပဲ။ လေကြောင်းက တိုက်ခိုက်မှာကို တွေးကြောက်လို့ နေပြည်တော်မှာ လှိုဏ်ခေါင်းတွေတူးနေတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ လေယာဉ်မစီးရဲလို့ ပြုံယမ်းက မော်စကိုကို ရထားနဲ့သွားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးဟာ အသွင်တူကြတယ်။ ကင်ဂျုံအီးကလည်း ကြွက်လိုပဲ မြေကြီးထဲ တွင်းတူးနေရမှ စိတ်ချမ်းသာတယ်။

လောလောဆယ်တော့ လှိုဏ်ခေါင်းတူးချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ကြွက်တွင်းထဲမှာနေတဲ့ ကင်ဂျုံအီးကို ဆရာတင်နေရတယ် လေ။ ဥမင်လှိုဏ်ခေါင်းလေ့လာရေးအဖွဲ့ မြောက်ကိုရီးယားကို လွန်ခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းကသွားတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ခေါင်းဆောင်တယ်။ နိုဝင်ဘာ (၂၁) ရက်က ထွက်သွားလိုက်တာ ဒီဇင်ဘာ (၂) ရက်နေ့မှ ပြန်ရောက်လို့ (၁၂) ရက်ခရီးဖြစ်တယ်။ ဒီအဆင့်မြင့်လေ့လာရေးအဖွဲ့ရဲ့ စာပိုjavascript:void(0)ဒ် (၈၁) ပိုဒ်ပါ (၃၇) မျက်နှာအစီရင်ခံစာ ပြည်ပစာနယ်ဇင်းလောကကို ရောက်လာတယ်။

ကမ္ဘာ့အပယ်ခံ နှစ်ဦးပူးပေါင်းပြီး ကြပ်ပြေးနေပြည်တော်မှာ လူမသိအောင် လှိုဏ်ခေါင်းတူးတဲ့ လျှို့ဝှက်အစီရင်ခံစာ ပြည်ပရောက်လာတာကိုကြည့်ရင် လှိုဏ်ခေါင်းတူးတာတောင် မလုံခြုံမှန်းသိသာတယ်။ အပယ်ခံအစိုးရအချင်းချင်း ဆက်သွယ်နိုင်အောင် တရုတ်က ကြားပွဲစားလုပ်ပေးတယ်။

သူရရွှေမန်းခေါင်းဆောင်တဲ့ လှိုဏ်ခေါင်းလေ့လာရေးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတွေကတော့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ ဗိုလ်ချုပ်လှဌေးဝင်း၊ ဗိုလ်ချုပ်ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်မြ၀င်း၊ ဗိုလ်မှူးချုပ်လှမြင့်၊ ဗိုလ်မှူးချုပ်ကျော်ညွန့်၊ ဗိုလ်မှူးချုပ်ဉာဏ်ထွန်း၊ ဗိုလ်မှူးကြီးတင်အောင်စန်း၊ ဗိုလ်မှူးကြီး ထင်ကျော်သူ၊ ဒု-ဗိုလ်မှူးကြီး မြင့်မော်နဲ့ ဗိုလ်ကြီး (၅) ဦးတို့ဖြစ်ကြတယ်။

နေပြည်တော်လေဆိပ်က အထူးလေယာဉ် ATR 72 နဲ့ ထွက်ခွာတယ်ဆိုပေမယ့် ဒီလေယာဉ်ဟာ ယူနန်နယ် ခုမင်မြို့အထိသာ သွားနိုင်ပုံရတယ်။ ခုမင်ကနေ China Southern Airline CZ 6160 စီးပြီး ဘေဂျင်းကို သွားရတယ်။ အဲဒီမှာတညအိပ်ပြီး နိုဝင်ဘာ (၂၂) ရက် နေ့လယ်မှာ ပြုံယမ်းကို ရောက်သွားတယ်။ (၃) ရက် လေ့လာရေးလုပ်ပြီးတဲ့အခါ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ သူရရွှေမန်းနဲ့ Kim Gyok Sik တို့က MoU ခေါ် သဘောတူညီချက်ကို လက်မှတ်ထိုးကြတယ်။

ဗမာအဖွဲ့ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အထူးစိတ်ဝင်စားကြတာ တွေ့ရတယ်။ လေယာဉ်ထိန်းချုပ်ရေး Control Room မြေအောက်မှာထားတဲ့စနစ်ကို လေ့လာကြတယ်။ နိုဝင်ဘာ (၂၅) ရက်နေ့မှာ ဥမင်လှိုဏ်ခေါင်းထဲမှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံ Aircraft Hanger ကို လေ့လာတယ်။ ဆိုဗီယက်လုပ် MIG 21 နဲ့ MIG 19 လေယာဉ်တွေထားတာကို ဗမာအဖွဲ့ အားကျတယ်။ ဥမင်လှိုဏ်ထဲ လေယာဉ်တွေထားတာဟာ ငွေကုန်ကြေးကျများပေမယ့် လုံခြုံစိတ်ချရတယ်လို့ ဗမာအဖွဲ့က ယူဆတယ်။

ဗမာအဖွဲ့ အထူးစိတ်ဝင်စားတာဟာ လေကြောင်းရန်ကာကွယ်ရေးဖြစ်တယ်။ ကြပ်ပြေးနေပြည်တော်ဟာ လေကြောင်းက တိုက်ခိုက်တာကို ခံရနိုင်တယ်လို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်နေပုံရပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား လေယာဉ်ပစ် တပ်ဖွဲ့က Anti-Aircraft Unit ရေဒါစနစ်တခုလုံး မြေအောက်မှာ မြှုပ်နှံထားပုံကို လေ့လာကြတယ်။ ရေဒါကျင်းကို အခြမ်းနှစ်ခြမ်းပါအဖုံးနဲ့ အုပ်ထားတယ်။ အဖုံးအပေါ်က သဘာဝပေါက်ပင်တွေစိုက်ပြီး ပုံဖျက်ထားတယ်။ လိုအပ်တဲ့အခါမှ ရေဒါကို စက်နဲ့ မြေပေါ်တင်ပေးပြီး အသုံးပြုတာကို ဗမာအဖွဲ့က သိပ်အားကျတဲ့ပုံပဲ။

မြောက်ကိုရီးယားက အရှေ့ပိုင်းပင်လယ်ထဲကို မကြာမီက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အမျိုးအစားကိုလည်း ဗမာအဖွဲ့က စိတ်ဝင်စားတယ်။ မြေပြင်ပစ် SCUD-D ဒုံးကျည်ဟာ ကီလိုမီတာ (၇၀၀) ပြေးပြီး SCUD-F က ကီလိုမီတာ (၃,၀၀၀) ပြေးတာမို့ ရှိသင့်တဲ့ မဟာဗျူဟာဒုံးလက်နက်တဲ့။

“DPRK ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကြီး၏ ဆေးရည်စိမ်ရုပ်ကလာပ်ထားရှိရာ အဆောင်ကို လေ့လာခဲ့ရာ အဆောက်အဦပုံစံနှင့် လျှပ်စစ်မီးတပ်ဆင်မှုများ၊ လေပေးစနစ်များ လွန်စွာကောင်းမွန်သည်ကို တွေ့ရပါတယ်” လို့ အစီရင်ခံစာမှာ ရေးတာကိုကြည့်ရင် လှိုဏ်ခေါင်းသန်းရွှေကိုလည်း ဆေးစိမ်ပြီး ခေါင်းဆောင်ကြီး ကင်အီဆွန်းလို လုပ်ဖို့ရည်ရွယ်သလားမသိဘူး။ ကင်ဂျုံအီးရဲ့ သားအငယ်ဆုံးကို ကိုရီးယားစစ်ဗိုလ်တွေ ဆလံပေးသလို လှိုဏ်ခေါင်းသန်းရွှေရဲ့မြေးကို ဗမာစစ်ဗိုလ်တွေ အလေးပြုနေရပြီ။

လေယာဉ်-စစ်သင်္ဘောနဲ့ ထိန်းချုပ်ရေးဌာနတွေ ထားရှိမယ့် ဥမင်လှိုဏ်ခေါင်းတွေ ဆောက်လုပ်ရာမှာ ဗမာနဲ့မြောက်ကိုရီးယား စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြတယ်။ စစ်ဘက်ရေးရာလုံခြုံရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေး၊ ကိုရီးယားဘာသာစကား သင်ကြားရေး၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေး စတာတွေကို ဦးစားပေးဖို့ ဗမာကိုယ်စားလှယ်အဖွဲ့က ကြပ်ပြေးက စစ်ဌာနချုပ်ကို တင်ပြထားတယ်။

ပြုံယမ်းအနီးက အထူးတပ်ဖွဲ့ကို ဗမာအဖွဲ့သွားရောက်လေ့လာပြီး သဘောကျသွားတာ ဖြစ်ပုံရတယ်။ ဓား-တူ-ခရင်း-ပုဆိန်-ရဲဒင်း-ပေါက်ချွန်း စတာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး တိုက်ခိုက်တဲ့နည်းဖြစ်တယ်။ သေနတ်ကိုမသုံးဘဲ အကြမ်းဖက် တိုက်ခိုက်တဲ့ အထူးတပ်ဖွဲ့ဖြစ်တာကြောင့် ဗမာအဖွဲ့က အတုယူပြီး တည်ထောင်ချင်တာဖြစ်ပုံရတယ်။ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက် ရာမှာ ဒီလိုအထူးတပ်ဖွဲ့မျိုးဟာ အလွန်အသုံးဝင်လိမ့်မယ်လို့ ဗမာအဖွဲ့က ယူဆဟန် တူတယ်။

သူရရွှေမန်းအဖွဲ့ရဲ့ လေ့လာမှုတွေထဲမှာ အံ့သြစရာအကောင်းဆုံးကတော့ မြေအောက်ရထားတည်ဆောက်ရေးဖြစ်တယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀း၃၀) နာရီက (၁၁း၂၀) နာရီအထိ ပြုံယမ်းမြို့တော်မှာ မြေအောက်ရထား တည်ဆောက်တာကို သွားရောက်လေ့လာတယ်။ လေ့လာချိန် မိနစ် (၅၀) ပဲရှိတယ်။ သုံးသပ်တင်ပြထားပုံဟာ လှိုဏ်ခေါင်းထဲ လသာနေပုံကိုပြတယ်။

ဗမာစစ်အစိုးရမှာရှိတဲ့ စက်ယန္တရားအမျိုးအစားနဲ့ လူ့စွမ်းအားအခြေအနေနဲ့ဆိုရင် မြေအောက်ရထားတည်ဆောက်ဖို့ အခက်အခဲ ရှိနိုင်တယ်တဲ့။ ခက်ခဲမယ်လို့ မပြောဘဲ ‘အခက်အခဲရှိနိုင်တယ်’ လို့ ပြောတာကိုကြည့်ရင် ဗမာစစ်ဗိုလ်ရဲ့ ဘ၀င်မြင့်ရောဂါကို ခန့်မှန်းနိုင်တယ်။ ပထမအဆင့်အနေနဲ့ ဗမာအစိုးရလုပ်ရမှာက ပြည်ပကျွမ်းကျင်နည်းပညာရှင်တွေကို မြန်မာပြည်ခေါ်ယူပြီး ဗမာစစ်ဗိုလ်စစ်သားတွေကို မြေအောက်ရထားဆောက်နည်း သင်တန်းပေးခိုင်းဖို့ ဖြစ်တယ်တဲ့။ ဒီလို ဗိုလ်ငကြောင်တွေ အုပ်စိုးနေတာကြောင့် မြန်မာပြည်အခြေအနေဟာ ကြာလေဆိုးလေဖြစ်နေတာပဲ။

မြေအောက်ရထားစနစ်ကြောင့် ရရှိတဲ့ အကျိုးကျေးဇူးကိုလည်း ဖော်ပြထားတယ်။ စစ်ဖြစ်တဲ့အခါ ပြည်သူလူထုဟာ မြေအောက် ရထားဘူတာတွေမှာ ခိုလှုံနိုင်လို့ အသက်ချမ်းသာမယ်တဲ့။ မြေအောက်ရထားစနစ်ကြောင့် ပြည်သူ့စစ်နဲ့ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေးကို ထိရောက်စွာအသုံးပြုနိုင်မယ်လို့လည်း ဖော်ပြထားတယ်။ ကြံ့ဖွံ့တွေက မြေအောက်ရထားကိုသုံးပြီး ပြည်သူ့စစ်ဆင်နွှဲမှာလား၊ မြေအောက်ရထားစနစ်တခုလုံးကို စစ်တပ်ကအပိုင်စီးပြီး လှိုဏ်ခေါင်းစစ်ဆင်ရေးလုပ်မှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမတွေ့ရဘူး။
ဗမာစစ်အစိုးရရဲ့ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဟာ ကြပ်ပြေးနေပြည်တော်နဲ့အတူ ပေါ်ထွက်လာတဲ့ စစ်ဆင်ရေးအသစ် ဖြစ်နေတာမို့ အပြင်လူတွေ နားလည်ဖို့ခက်ခဲပြီး လှိုဏ်ခေါင်းသန်းရွှေ တဦးတည်း နားလည်ဟန်တူတယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဗူးပင်အား ဖယုံသီး သီးရန် အတင်းလှုပ်ရှားနေ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားအဖွဲ့ထပ်မံတိုက်တွန်းခံရ အင်္ဂါနေ့၊ 14 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
ယခုလဆန်းပိုင်းက တြိဂံတိုင်းမှူးဦးဆောင်သည့်အဖွဲ့ အထူးဒေသ ၄ မိုင်းလားဌာနချုပ်သို့ သွားရောက်ပြီး နယ်ခြားစောင့် တပ် အသွင်ပြောင်းရန် ထပ်မံတိုက်တွန်းခဲ့ကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

ဂျူလိုင်လ ၈ ရက်နေ့ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးဦးဆောင်သည့် အင်အား ၁၀ ယောက်ကျော်ပါ ကား ၄ စီး မိုင်းလားသို့ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း၊ အတွင်းရေးမှူး ဦးမင်းအိမ် ခေါင်းဆောင်ပိုင်းအချို့နှင့် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ထပ်မံတိုက်တွန်းခြင်းဖြစ်ကြောင်း၊ “ခင်ဗျားတို့ ၀ ကို အရမ်းအားမကိုး နဲ့ သူတို့အဖွဲ့က နာမည်ပျက်တွေ၊ အပစ်ရပ်တာလဲ တချိန်တည်း ရပ်ခဲ့တာမှမဟုတ်၊ အသွင်ပြောင်းဖို့ လည်း သူများကိုစောင့်စရာမလိုဘူး။ NDA-K ကချင်အဖွဲ့တောင် သဘောတူပြီးပြီ၊ ခင်ဗျားတို့လဲ အမြန်ဆုံး အကောင်အထည် ဖေါ်ဖို့လိုတယ်” - ဟု တြိဂံတိုင်းမှူးက ပြောကြောင်း - ခေါင်းဆောင်ပိုင်းနှင့်ရင်းနှီးသည့် သတင်းရပ် ကွက်က ဆိုသည်။

“၀ ကို သိပ်အားမကိုးနဲ့ သူတို့တွေက နာမည်ပျက်တွေ ဆိုတာက မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့ဆိုလိုတာနေမှပေါ့၊ အဓိက ကတော့ နယ်ခြားစောင့်တပ် အမြန်ဆုံးပြောင်းဖို့၊ လူသူလက်နက်အင်အားစာရင်း၊ ရာထူးကနေပင်စင်ယူမယ့် အသက် ၅၀ ကျော်ခေါင်းဆောင်ပိုင်းစာရင်းတွေကိုပေးပို့ဖို့ ဒီလကုန်အထိ ထပ်နောက်ဆုတ်ပေးထားတယ် - ဆိုတာပြော သွားတယ်။ ဒါပေမယ့် သူတို့ဘယ်လိုဘဲ ဖိအားပေးလာပေးလာ ကျနော်တို့ သဘောထားကတော့ မပြောင်းလဲနိုင်ဘူး” - ဟု မိုင်းလားအရာရှိတဦးက ပြောကြောင်း အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ထိုသို့တွေ့ဆုံစဉ်ဗိုလ်ချုပ်ကျော်ဖြိုးက - မိမိတို့အနေဖြင့် စစ်သားဖြစ်သဖြင့် အထက်အမိန့်ကိုဘဲ နာခံရမှာဖြစ်ကြောင်း၊ မည်သို့ပင် ခက်ခဲပြင်း ထန်ပါစေ သေသေကြေကြေတာဝန်အရမဖြစ် ဖြစ်အောင်ကြိးစားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ သြဂုတ်လအတွင်း အပစ်ရပ်များ၏ လူသူလက်နက်အင်အားစာရင်းအားလုံး နေပြည်တော်သို့တင်ပြပြီးစက်တင်ဘာလ အတွင်း နယ်ခြားစောင့်တပ်အတွက် သင်တန်း စတင်တော့မည်ဖြစ်ကြောင်း - ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ ထပ်မံဖိအားပေးလာသော်လည်း မိုင်းလားအဖွဲ့၏ ရပ်တည်ချက် ပြောင်းလဲမှုမရှိ။ ကချင် NDA-K ၊ ကိုးကန့်၊ ၀ ၊ မိုင်းလား ၄ ဖွဲ့ပေါင်းဖွဲ့ထားသည့် ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတပ်ပေါင်းစု PDF အဖွဲ့ ဆုံးဖြတ်ချက်ချထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ မိုင်းလားအဖွဲ့ခေါင်းဆောင်ပိုင်းများသည် ၎င်းင်းတို့ဆန္ဒအတိုင်းမလုပ်ဘဲ ဒေသခံလူထုသဘောထား၊ ရဲဘော်/ကေဒါများ၏ သဘောထား အမြဲတမ်းကောက်ယူကြောင်း၊ ယခုကြံ့ကြံ့ခံ ဆုံးဖြတ်ချက် ချထားမှုသည်လည်း အများဆန္ဒအတိုင်းဖြစ်ကြောင်း ကျေးရွာလူထု အကြီးအကဲတဦးကလည်း ပြောပြပါသည်။

သို့သော် ဒီမိုကရေစီသစ်တပ်မတော် - ကချင် NDA-K က ပြီးခဲ့သည် ဂျွန် ၂၃ ရက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်ခံလိုက်ပြီဖြစ်ကြောင်း ကချင်သတင်းရပ်ကွက်ကဆိုပါသည်။

PDF (Peace and Democracy Front) သဘောတူညီချက်အရ မည်သည့်အဖွဲ့အစည်းမဆို သဘောတူ ဆုံးဖြတ်ချက် မရဘဲ စစ် အစိုးရနှင့် တစုံတရာ တဘောတူ လက်ခံပါက အဖွဲ့အစည်း၏ သစ္စာဖေါက်ဖြစ်ကြောင်း၊ PDF အဖွဲ့ဖွဲ့စည်းထား ခြင်းသည် အေးအတူပူအမျှ မျှဝေခံစား စံစားရန်ဖြစ်ကြောင်း ဆိုထားပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကျွန်မသိသော နေမျိုးကျော်


သူ့ကို ကျွန်မ သတိထား မိတဲ့အချိန်မှာ သူ့မျက်နှာက ဟန်ဆောင် ဖုန်းကွယ်မူ ကင်းပြီး ဘာ အရိပ် အယောင် မျက်နှာဖုံး ကိုမှ တပ်ထားတာ မရှိပဲ အရမ်းရှင်းသန့် ကြည် လင်တယ်။ မျက်ခုံး ကောင်းကောင်း နှာတံပေါ်ပေါ် တိကျ ပြတ် သားတဲ့ နုတ်ခမ်းအစုံနဲ့ ယောက်ျား ကောင်း ပီသတဲ့ ရုပ် တော်တော် လေး သန့်တဲ့ ပညာတတ် လူငယ်လေး တစ် ယောက် လို့ မြင်မိတယ်။ နောက် အထူးခြား ဆုံးက သူ ပြုံး လိုက်တဲ့ အခါမှာတော့ တကယ်ပီဘီ ကလေးငယ် တစ် ယောက် လို အပြစ် ကင်းစင် လွန်းတာကို သတိထား မိတယ်။သူ့ နံမည် နေမျိုးကျော် တဲ့။ သင်္ဃန်း ကျွန်းက အဖွဲ့ချူပ် အဖွဲ့ဝင် လူငယ် တစ်ယောက် ဖြစ်တယ်။

နောက် သူက စက်မူ တက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်တယ် ဆို တာ ပါ သိရလို့ အဖွဲ့ချူပ် လူငယ် တွေထဲမှာ တက္ကသိုလ် ကျောင်း သား ချင်း ချင်း ဖြစ်လို့ ကျောင်းကိစ္စ တွေ ဆွေးနွေး ကြတယ် နောက် ကိုယ် ၀ါသနာ ပါရာ စာပေ အနုပညာ အကြောင်း တွေ ဆွေးနွေး ကြတဲ့အခါ နေမျိုး ကျော်နဲ့ ကျွန်မတို့ဟာ ဘာသာ စကား တူတဲ့ မိတ်ဆွေဖြစ် လာကြတယ်။ အထိမ်းအမှတ် အခမ်းအနား ပွဲတွေ စာပေ ဟောပြော ပွဲတွေနဲ့ စာဖတ်ဝိုင်း တွေလောက်ပဲ သူ ရံဖန်ရံခါ လာတာ တွေ့ရတယ်။ ဒေါ် အောင် ဆန်း စုကြည် နေအိမ် ခြံတွင်း လုံခြုံရေးတွေ ကျတဲ့အခါ ကျွန်မ အရမ်း ရင်းနှီး တဲ့ သူငယ်ချင်း တွေနဲ့အတူ လိုက်ပါ တာဝန် ယူတာရှိတယ်။ သူတို့ ပြန်ပြော ချက် တွေအရ နေမျိုးကျော်ဟာ ပုံမှန် အရ စကား အင်မတန် နည်းပြီး သူ့ဘာသာ အေးအေး ဆေးဆေး နေတတ်ပေမယ့် စာပေ အကြောင်း ဆွေးနွေးတဲ့ နေရာမှာတော့ အမြဲတမ်း ဦးဆောင် သူ ဖြစ်တယ် ဆိုတာ သိရတယ်။

နေမျိုးကျော်နဲ့ ကျွန်မတို့ အနီးကပ်ဆုံး နေခွင့်ရလိုက်တဲ့ အချိန်ကတော့ ၂၀၀၃ခုနှစ် မေလ ကာလအတွင်း မှာပါပဲ။ နောက်ဆုံး လူချင်း ဆုံစည်း ခဲ့ကြတာလို့လဲ ပြောလို့ရပါတယ်။ အဲ့ဒီ့အချိန်က ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံ တ၀ှမ်းလုံးကို ခရီးစဉ် လှည့်လည် နေတဲ့ အချိန် ဖြစ်ပါတယ်။ မေ ၃၀ ဒီပဲရင်း မတိုင်ခင် အန်တီ့ရဲ့ နောက်ဆုံး ခရီးစဉ် တစ်ခု လည်း ဖြစ်ပါတယ်။

မေလ ၂၇ရက်နေ့ ရွေးကောက်ပွဲ အထိမ်းအမှတ် အဖြစ်နဲ့ အဖွဲ့ချူပ် ခေါင်းဆောင်တွေ ရဲ့ တာဝန်ပေးချက်အရ လူငယ် လုပ်ငန်း အဖွဲ့ လူငယ် တာဝန်ခံတွေ ဦးဆောင်ပြီး တကယ့် ပါတီ တစ်ခုရဲ့ လုပ်ငန်းစဉ်တွေ အတိုင်း အချိန်ယူ ငွေကုန် ခံပြီး ရွေးကောက်ပွဲ သရုပ်ဖော် တင်ဆက်မူ လုပ်ရမယ် ဆိုတဲ့ တာဝန် တစ်ရပ် ကျလာပါတယ်။

အဲ့ဒီ့မှာ လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ပြီးသား မြို့နယ်တွေက လူငယ် တာဝန်ခံတွေ အားလုံး ရောနှော လိုက်ပြီး နောက်မှာ အစုလိုက် အသုတ် လိုက် လူစုခွဲပြီး ပါတီအုပ်စု သုံးစု လုပ်ရပါတယ်။ ကျွန်မတို့ လူငယ် အုပ်စုထဲမှာ နေမျိုးကျော် ပါဝင်ပါတယ်။ သူ ပါလာတဲ့ အတွက်လည်း ပါတီရဲ့ ရပ်တည်ချက် ရည်ရွယ်ချက် စည်းမျဉ်း ဥပဒေ တွေကို ကျွန်မတို့ စိတ်ကူး စိတ်သန်း ကောင်းကောင်း နဲ့ ဖော်ဆောင် နိုင်မယ်လို့ ယုံကြည်ခဲ့ ပါတယ်။ ယုံကြည် ခဲ့ကြတဲ့ အတိုင်း ကျွန်မတို့အောင်မြင်အောင် လုပ်နိုင်ခဲ့ကြပါတယ်။

ပါတီထောင်ရမယ်ဆိုတော့ အဖွဲ့ချူပ်က ရံပုံငွေ ထုတ်ပေးပါတယ်။ ကျွန်မတို့တွေ ရလာတဲ့ ရံပုံငွေကို ဘယ်လိုနေရာမှ အသုံးချမလဲဆိုတာ စဉ်းစားခဲ့ကြပါတယ်။ပထမဆုံး ပါတီနံမည် စဉ်းစားရပါတယ်။ နောက် ပါတီအလံ ကို ဘယ်လို ဒီဇိုင်းလုပ်မလဲလို့ စဉ်းစားတဲ့အခါ..နေမျိုးကျော်ဟာ အပြာရောင်ကို မဲပေးပါတယ်။

ကျွန်မတို့ ပါတီရဲ့ နံမည်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အဖွဲ့ချူပ်လို့ ပေးခဲ့ပါတယ်။ ကျွန်မတို့ ပါတီရဲ့ အလံရော ဆိုင်းဘုတ်ရောက နေမျိုးကျော် ဆွဲတဲ့ ဒီဇိုင်းပါ။ အလံက အနီရောင်ရယ် အဖြူရောင်ရယ် အပြာရောင်ရယ် မှာ အပြာရောင်တြိဂံပုံလေးထဲမှာ ချိုးဖြူဌက်လေးတစ်ကောင်ရယ် ကြယ်လေးတစ်ပွင့်ရယ်ပါ။

အဖွဲ့ချူပ် ဆိုင်းဘုတ်ကို တော့ အနီရောင်ရယ် အ၀ါရောင်ရယ် အဖြူရောင်ရယ် ကန့်လန့်စင်းပေါ်မှာ တြိဂံပုံ အပြာရောင် လွင်လွင် နောက်ခံပြင်ပေါ်မှာ အဖြူဖွေးဖွေး ငြိမ်းချမ်းရေး ချိုးဖြူဌက်လေးက ငြိမ်းချမ်းရေးသင်္ကေတ သံလွင် ခက်လေးကို ကိုက်ချီနေတဲ့ ပုံပြီး ထိပ်တည့်တည့်မှာ ကြယ်ဖြူလေး ပါတာကို ကျွန်မတို့ နှစ်သက်စွာနဲ့ ရွေးချယ်ခဲ့ ပါတယ်။

ကျွန်မတို့တွေ နောက်ဆုံး ရွေးချယ် ခဲ့တာတော့ တူညီ ၀တ်စုံ လေးတွေပါ။ နည်းနည်း ရယ်စရာ ကောင်းပါတယ်။ ကျွန်မ တို့တွေ အားလုံး အပြာရောင် လွင်လွင် ယောလုံခြည် လေးတွေနဲ့ အကျီ အဖြူ လေးတွေ ၀တ်ဆင်ဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။ သူများ ပါတီတွေနဲ့ မတူညီတဲ့ အချက်ပါ။ သူများတွေက ယိမ်းက ကြဖို့လားလို့ စကြ နောက်ကြ ပါတယ်။

ပါတီရဲ့ ဆိုင်းဘုတ် တွေ ကြေငြာဘုတ်တွေကို အပြာရောင် ဆေးရောင်နဲ့ စာလုံး အကြီးကြီး တွေ ရေးချယ်ပြီး နေကြပါပြီ။ ကျွန်မတို့ပါတီရဲ့ လုပ်ဆောင် ချက်တွေ အကုန်လုံးက အများ သဘောတူချက်နဲ့ လုပ်ကြတာ ဖြစ်ပေမယ့် ငြိမ်းချမ်းရေး ပါတီ တစ်ခု ဖြစ်တဲ့ အတွက် ကန့်ကွက် ရူံ့ချမူ အချေအတင် ဆွေးနွေးမူ ပြသနာ တစ်စုံ တစ်ရာ မရှိပါဘူး။ နေမျိုး ကျော်က သူ့ ထုံးစံ အတိုင်း ပြုံးပြီး ငါတို့တွေ ဒီလိုသာ ရန်မဖြစ်ကြပဲ ငြိမ်းငြိမ်းချမ်းချမ်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ လုပ်ခွင့် ရကြရင် သိပ်ကောင်းမှာပဲလို့ အရွှမ်းဖောက်ပါတယ်။ သူများပါတီတွေကတော့ အခြေ အတင် ဆွေးနွေး အော်ဟစ် ငြင်းဆန် လူပ်ရှား နေကြတဲ့ အချိန်မှာ ကျွန်မတို့ ကတော့ ငြိမ်းငြိမ်း ချမ်းချမ်း ငြိမ် သက်ပြီး အလုပ် ကိုယ်စီ လုပ်နေပါတယ်။ တစ်ဘက်နဲ့တစ်ဘက်လဲ သူ ဘာလုပ်တယ် ငါဘာလုပ် တယ် ဆိုတာ တစေ့ တစောင်း အကဲခတ်ကြ နောက် စပ်စုကြပေါ့ ကျွန်မကတော့ တစ်ဘက်ပါတီက အနား ကပ်လာ ထောက် လှမ်းလာ ရင် အော် ထုတ်တဲ့ တာဝန် ယူပါတယ်။

မှတ်မှတ်ရရ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ လူငယ်ရှေ့နေ စောကျော်ကျော်မင်းက ကျွန်မကို ပြောလာ ပါသေးတယ် အစ်မကို မှတ်မိသေးတယ် ပါတီတွေ ထောင်တုန်းက အရမ်းစွာတာပဲတဲ့ စတာပဲဖြစ်ဖြစ် ဝေဖန်တာပဲ ဖြစ်ဖြစ် စိတ်ဆိုးပြီး လိုက်လုပ်လို့တဲ့လေ။ သူကလဲ အဲ့တုန်းက ပါတီထောင်တဲ့ သူတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ အခုလွတ်မြောက်နယ်မြေကို ရောက်နေတဲ့ ကျွန်မရဲ့ချစ်စွာသော သူငယ်ချင်း အောင်ထွန်း ကတော့ ပါတီဥက္ကဌ ဖြစ်ပါတယ်။ လက်အုပ်လေးချီ နမောတသနဲ့ အစချီပြီးမှ ပုံတိုပတ်စတွေ ဥပမာ ဥပမေယတွေနဲ့ မှင်မောင်းကောင်းကောင်း စည်းရုံးဟောပြောလို့ သူက လူကြိုက်အများဆုံး ကမ်ပိန်နာ တစ်ယောက် ဖြစ်ခဲ့ပါတယ်။

နေမျိုးကျော် ကတော့ သူကျောပိုးအိတ်လေးထဲမှာ ဆေးရောင်စုံဗူးလေးတွေ ဆေးချယ်တဲ့ စုတ်တံတွေ ပန်းချီ ဆွဲတဲ့ ခဲတံတွေ အစုံ အလင်နဲ့ အမြဲလိုလို ရုံးကို စောစော ရောက်နေပြီး တကုတ်ကုတ် လုပ်နေလေ့ ရှိပါတယ်။ သူနဲ့အတူတူ အမြဲအဖော် အဖြစ် တွဲလေ့ရှိတဲ့ ကျွန်မ အရမ်းခင်တဲ့ သူငယ်ချင်းစံသာကလဲ အကြံညဏ်ပေး ဒီဇိုင်း လေးတွေ ပုံဖော်ပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ လုပ်ကိုင် နေကြတာ တစ်ရုံးလုံးကလဲ ၀ိုင်းအုံကြည့်ပြီး တကယ့်ကို ရွေးကောက်ပွဲ မတိုင်ခင်က ပါတီတွေ လူပ်ရှားမူနဲ့ တစ်ပုံစံတည်းပဲ ၉၀ ရွေးကောက်ပွဲကာလကို သတိရ မိတယ်လို့ အဖွဲ့ချူပ်က ၀ါရင့် ပါတီ နိုင်ငံရေး သမားကြီး တွေက ပြောကြပါတယ်။

ကျွန်မတို့ပါတီတွေ စည်းရုံးကမ်ပိမ်းဆင်းကြပါပြီ။ တက်ရောက်လာတဲ့ ဆန္ဒမဲပေးမယ့် အဖွဲ့ချူပ်အဖွဲ့ဝင်တွေကို ပါတီတွေ အလှည့်ကျ စည်းရုံးရေး ဆင်းရပါတယ်။ သူတို့ မဲပေး ချင် လာအောင် ကျွန်မတို့ပါတီတွေ ရဲ့ ရပ်တည် ချက် ပြည်သူ့အပေါ် လုပ်ပေးနိုင်မယ့် အာမခံ ချက်တွေ ဥပဒေတွေ စသဖြင့် စည်းရုံး ဟောပြော ကြပါတယ်။ ပါတီ တိုင်းရဲ့ စည်းရုံး လူံ့ဆော်မူတွေက တကယ့်ကို သရုပ်ပါပြီး လက်သီး လက်မောင်းတွေ တန်းပြီး ဟော ပြောကြ တာ အရမ်းကို အားရ စရာကောင်းပါတယ်။ လူငယ်တွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရပ်တည်ချက် ယုံကြည် ချက် တွေဟာ အရမ်းလည်း နားထောင် ကောင်းပါတယ်။ နေမျိုးကျော်က မဲဆန္ဒရှင်တွေကို လေ အေးအေး လေးနဲ့ စည်းရုံးသလို တစ်ဘက် ပါတီတွေက မေးလာတဲ့ စိန်ခေါ်တဲ့ ချောင်ပိတ် မေးခွန်းတွေကို ပြတ်ပြတ် သားသား ဖြေဆိုနိုင်ခဲ့လို့ ပရိတ်သတ်ရဲ့ လက်ခုတ်သံ တဖြောင်းဖြောင်း ရခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးပါတီရဲ့ အတွင်း ရေးမူး နေမျိုးကျော် မဲဆန္ဒပေးမယ့် အဖွဲ့ချူပ် အဖွဲ့ဝင် လူငယ် တွေကို လေသံအေးအေးလေးနဲ့ စည်းရုံးဟောပြောနေတာပါ။ နောက်က ထိုင်နေတဲ့ ပါတီစီအီးစီတွေ ထဲက မျက်မှန်ကြီးနဲ့ ခရေပန်းလေး ပန်ထားတာ မဆုမွန်ပါ။

ပါတီ ကမ်ပိန်း နောက်ဆုံး နေ့မှာ တော့ ကျွန်မတို့ ပါတီကို လူတော်တော် များများ စိတ် ပါ ၀င်စားမူ အပြည့် ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့အတွက် ပါတီတွေ အတွက် ဆန္ဒမဲ ပေးတဲ့နေ့ မတိုင်ခင်မှာတော့ မဲပေးပုံ ပေးနည်း အမှန်ခြစ် အမှားခြစ်တွေအတွက် ဆန္ဒမဲပေးမယ့် လူငယ်တွေကို တာဝန်ရှိအဖွဲ့ချူပ် လူကြီးတွေက ရှင်းလင်း ပြပါတယ်။ မဲပေးကြတဲ့ အခါမှာတော့ အဖွဲ့ချူပ် ရုံးဝင်းကို ကန့်လန့်ကာ ကာလိုက်ပြီး မဲပုံးထဲကို ဆန္ဒမဲတွေ တစ်ယောက်ချင်း တန်းစီပြီး ထည့်ရပါတယ်။

အဲ့ဒီ့နေ့ကတော့ မေလ ၂၈ရက်နေ့ပါ။ ရလာတဲ့ ဆန္ဒမဲတွေကို မဲရုံလူကြီးတွေရဲ့ရှေ့မှာ မဲခွဲတဲ့အခါမှာတော့ ကျွန်မတို့ ပါတီက ဆန္ဒမဲအများဆုံး ဒုတိယနေရာကို ရခဲ့ကြပါတယ်။ ဒုတိယရရတဲ့အကြောင်းကတော့ ကျွန်မတို့ ပါတီကို မဲပေး ကြ ပေမယ့် ပုံစံ မမှန်ကန် တဲ့ ပယ်မဲအရေအတွက် များလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ့နေ့က မဲအောင်နိုင်ပွဲ အဖြစ် ငြိမ်းချမ်းရေးသင်္ကေတ အထိမ်းအမှတ် အပြာရောင် ဆင်တူ ၀တ်စုံ လေးတွေနဲ့ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးပါတီအဖွဲ့ဝင် ကျွန်မတို့ လက်ချင်းချိတ်ပြီး ပျော်ရွှင်မြူးတူး အော်ဟစ် ကခုန်ခဲ့ကြ ပါတယ်။ ကျွန်မတို့ခေါင်းဆောင် အန်တီကလဲ တစ်တိုင်းပြည်လုံး အတိုင်းအတာအနေနဲ့ ခရီးစဉ် လှည့်လည် နေပြီး ပြည်သူတွေ သိန်းနဲ့ချီပြီး လမ်းပေါ်ထွက် အားပေး နေကြတဲ့အချိန်ဖြစ်ပါတယ်။ များမကြာမှီ ရက်မှာပဲ မြန်မာသမိုင်းမှာ ဆိုးဝါးလွန်းတဲ့ ဒီမိုကရေစီရေး လိုလားသူ ပြည်သူတွေနဲ့ တသားတည်းဖြစ်နေတဲ့ အန်တီစုနဲ့ဘဘဦးတင်ဦးနဲ့တကွ အဖွဲ့ချူပ်အဖွဲ့ဝင်တွေကို ဒီပဲရင်း ကျည်ရွာနားမှာ အစုလိုက် အပြုံလိုက် ညအမှောင်မှာ သစ်ပင်တွေက မီးမောင်းထိုးပြီး ချောင်ပိတ် ပြီး တုတ်နဲ့ရိုက် လှံနဲ့ထိုး သေနတ်နဲ့ပါ ပစ်ပြီး အသေသတ်တဲ့ ဒီပဲရင်း လူသတ်ပွဲကြီး ဖြစ်လာတော့မယ်ဆိုတာ မသိကြ သေးချိန်ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်မှာ နေမျိုးကျော်ဆိုတဲ့ သူငယ်ချင်းနဲ့ နောက်ဆုံး လူချင်း ဆုံခဲ့တဲ့ရက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်း သူရော ကိုယ်ပါ ကျောင်းကိစ္စ အလုပ်ကိစ္စတွေနဲ့ ရူပ်ထွေးနေပြီး အဖွဲ့ချူပ်ကို မရောက်ဖြစ်တော့ပဲ တစ်စစ ကင်းကွာစ ပြုသွားချိန်တွေလဲ ဖြစ်ပါတယ်။ သံလွင်အိမ်မက်ဆိုတဲ့ လင့်လေးကို ပေးလာတဲ့သူ့ကို ပြန်တွေ့တဲ့ အချိန်မှာတော့ သူက ဘလော့ခ်ကာ နေဘုန်းလတ်ဖြစ်နေပါပြီ။ သူ့ရဲ့ အတွေးအခေါ်တွေ သုံးသပ်ချက်တွေ က လူငယ်တွေကြားထဲမှာ အားကျအတုယူစရာ လေးစားစရာဖြစ်နေတာကို ဂုဏ်ယူစွာနဲ့ သိရပါတယ်။ ဒါပေမယ့်...သူ့ကို ကျွန်မတို့သိတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို မြတ်နိုးတဲ့ နေမျိုးကျော်ဆိုတဲ့ နေဘုန်းလတ်ကို ၂၀၀၈ခုနှစ် ဇန်န၀ါရီလ (၂၉) ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

တစ်နှစ်နီးပါး ချူပ်နှောင် စစ်ဆေးပြီး နောက်မှာမှ စာရေး ဆရာ တဦး လည်း ဖြစ် ၊မြန်မာ ပြည် တွင် ပထမ ဦး ဆုံး အဖမ်းခံ ဘလော့  ဂါ တဦးဖြစ် သူ နေဘုန်းလတ် ( ခ ) နေ မျိုးကျော် ကို ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့မှာ အင်းစိန် မြို့  နယ် အင်းစိန်ထောင်တွင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားသူကြီး ဒေါ် စိုးဥာဏ်က ထောင် ဒါဏ် အနှစ် နှစ်ဆယ် နှင့်  ခြောက် လ ကျခံ စေ လို့ မတရား သဖြင့် အမိန့်ချလိုက်ပါတယ်..

တရား စွဲ ဆို ထားသော ပုဒ်မ ၅၀၅ ( ခ ) နှင့်  ထောင် ဒါဏ် ( ၂ ) နှစ် ၊ ပုဒ်မ ၃၂ ( ခ ) / ၃၆ နှင့်  ထောင် ဒါဏ် ( ၃ ) နှစ် ခြောက် လ နှင့်  အီလတ်ထရောနစ် ပုဒ်မ နှင့်  ထောင်ဒါဏ် ( ၁၅ ) နှစ် စုစုပေါင်းထောင် ဒါဏ် အနှစ် ( ၂၀ ) နှင့်  ခြောက် လ ကျခံ စေ ရန် တရား ရုံးကနေ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ ကိုနေမျိုးကျော်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်..နေမျိုးကျော်ကို အမိန့်မချခင်ကပဲ ကိုနေမျိုးကျော်ရဲ့ ချစ်စွာသော အဘိုးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်..

တရားမျတမူတွေ မရှိ မတရားမူချည်း သပ်သပ်သာ ကြီးစိုးနေပြီး တရားစောင့် လောကပါလ နတ်မင်းတွေ မျက်ကွယ်ပြုနေတာ ကြာပြီ ဖြစ်တဲ့နေရာတစ်ခုမှာ နေမျိုးကျော်တစ်ယောက် ကျမ်းမာပါစေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်းနဲ့ နေမျိုးကျော်လိုမျိုး စစ်အာဏာရှင်လက်အောက်မှာ အချူပ်အနှောင်မိနေရတဲ့ စိတ်ပင်ပမ်းချင်း ကိုယ်ပင်ပမ်းချင်း ကြီးစွာနဲ့ အသက်ရှင် ရုန်းကန်လူပ်ရှားနေရတဲ့ ပြည်သူတွေ လည်း ညှင်းပမ်း နှိပ်စက်ခြင်း ဘေးမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ...
ပထမကျောင်းသားသပိတ်အတွက် သပိတ်တိုက်ပွဲဝင်ကျောင်းသားများ ဆုံရပ် သမိုင်းဝင်ကျောက်တိုင်မှာ သူငယ်ချင်းများနှင့် အမှတ်တရ

အစ်ကို ကိုလူထွေးက ဆဲဗင်းဂျူလိုင်အတွက် ပို့စ်လေးတွေ ရေးကြရအောင်ဆိုတဲ့ တောင်းဆိုချက်အတွက် ကျွန်မ သိသော နေမျိုးကျော်အကြောင်းကို 7 July အထိမ်းအမှတ်ပို့စ်အဖြစ် သူငယ်ချင်း နေမျိုးကျော်ကို ဦးညွတ် ဂုဏ်ပြု ရေးသား လိုက်ပါတယ်။ ကျွန်မသိတာ နေမျိုးကျော်ဆိုတဲ့ NLD လူငယ် လေး တစ်ယောက် အကြောင်း ပါပဲ။ နေမျိုးကျော် ဆိုတဲ့ စက်မူ တက္ကသိုလ် ကျောင်းသား လေး တစ်ယောက် အကြောင်းပါပဲ။ နေဘုန်းလတ် ဆိုတာတော့ သူ ဘလော့ခ်ဂါ တစ်ယောက် အနေနဲ့ ပိုပြီး ထင်ရှား ကျော်ကြားတဲ့ လုပ်ဆောင်မူတွေရှိပါမယ်။ ဒါပေမယ့် ဘလော့ခ်ဂါ တစ်ယောက်အနေနဲ့တော့ သူ့ကို ကျွန်မ သိပ်မသိခဲ့ဘူးရှင်။ ဒီပို့စ်လေးကတော့ နေမျိုးကျော်ရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်မူ နောက် ငြိမ်းချမ်းရေးကို သူသိပ်လိုလားတယ်ဆိုတာ ပြောပြနိုင်မယ် ထင်ပါတယ်။

မဆုမွန်


မဆုမွန်ဘလော့မှကူးယူမျှဝေပါသည်။
http://www.masumon.blogspot.com/

--
regards

moethway
Generation Wave
http://www.generationwave-network.co.cc/

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, July 12, 2009

ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ (ဖိုးတရုပ် internet page )

စာဖတ်ပရိသတ်များခင်ဗျား
ပြည်တွင်းမှ ရုရှားပြန် တပ်မတော် အရာရှိတစ်ဦး ပေးပို့လာတဲ့ သူ့ကိုယ်တွေ့ကလည်း ဗဟုသုတ တစ်ခုမို့ လေ့လာနိုင်ဖို့ ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ တကယ်တော့ ရုရှား ပညာတော် သင်တွေကို ဒီထက်ပိုပြီး ထောက်ပံ့ကာ အနာဂတ်အတွက် အသိအမြင် ကျယ်ပြန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် အသုံးဝင်အောင် အဓိပ္ပါယ်ရှိရှိ မွေးမြူသင့်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံ့ဂုဏ်ဆောင်သာ ဖြစ်စေလိုကြောင်း၊ နိုင်ငံတကာမှာ သိက္ခာရှိရှိ ဖြစ်စေလိုကြောင်း မျိုးချစ် တပ်မတော်သားများက ဆန္ဒပြုရင်း အခုလို တာဝန်ထမ်းဆောင်ဆဲမှာပင် ရေးသားပေးပို့လာတဲ့ ရုရှားပြန် မောင်ကျောင်းသားအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပြီး စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ

ဆောင်းပါးရှင် – မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)


nuclear-plan

၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။

သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။

ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု လောက်တော့ ၀ယ်နိုင်ကြပါသည်။ ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ မည်သည့် နိုင်ငံမှန်း မသိရသေးခင်ကတည်းက ၀မ်းသာခဲ့ရသည်။

ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။ ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။ အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။ ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။ ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ ၀င်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။

ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီးမောင်အေး အမှူးပြုသော လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…” ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့် တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ ပြောကာ ချွေးသိပ်လိုက်ပါသည်။

ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့် ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့် ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။ ကျန်ရှိနေသည့် ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊ တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်း ပြောကြပါတော့သည်။

ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း အောက်တန်းကျလှသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့် ၀ယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန် ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ အားလုံး သိကြပါသည်။

return-of-ru-officers

ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။

ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။ နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။

အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည် အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင် ၄င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့ သဘောပေါက်မိခဲ့ကြပါသည်။

ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိ ခဲ့ကြပါသည်။ မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။

ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။ မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။

russian-embassador-of-burma-u-tint-soe

ဘယ်အစွန်ဆုံး မျက်မှန်နဲ့ ပုဂ္ဂိုလ်ကတော့ အော့ကျောလန် သံအမတ်ကြီးဟောင်း ဗိုလ်မှူးချုပ် တင်စိုး

အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက် ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ ဖြစ်ကြရသည်။

အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင် ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။ (ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)

ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။

ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။ ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊ ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။

ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါသည်။ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။

ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။

(ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။ သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားသည်။ ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့် မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင် ကျောင်းတက်နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင် လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့် အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။)

ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။ ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။

နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့် ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ် လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊ ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။

တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။ ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင် ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ ပေးရတာမျိုးပါ။

အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန်မပြောနှင့်။ ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။ သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့ ပြန်ကြပါသည်။

မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊ ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။ သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး အနားပေးခံရပြီးပါပြီး။

ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။ သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူးပါသည်။ မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင် ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကိုပိုက်ကာ လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့ များသို့ သွားရန် ကြိုးစားနေကြသည်။

ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့အရည်အချင်းနဲ့ နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။ ဟုတ်ကဲ့။ ဖြစ်နိုင်လောက် ပါသည်။ စာသင်ချိန်တွင် ရုရှားကျောင်းသားများလို ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့် ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။

ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသောပညာရှင်များနှင့် ထုတ်လုပ်ရန် စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။
http://www.photayokeking.org/ ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာသို့ 
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
မှတ်ချက်။ ပဉ္စမမြောက် အပိုဒ်မှာ “ရယ်”ကို “ရီ” လို့ ကာရန်ညီအောင် တမင်စာလုံးပေါင်းထားပါတယ်။

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။

ခေတ်ကြီးကိုက
ဓမ္မတွေကို သေနတ်နဲ့ နားထင်ပေါ်ထောက်
ဓားပြတွေ အမှတ်တမဲ့ စင်ပေါ်ရောက်တဲ့ခေတ်။

လူကြီးတွေကအစ
ငါးပါးသီလကျတော့ မပြတ်အော်ပြီး
စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။

မကြိုးစားပဲနဲ့ လူကြားထဲ ဆံ့ချင်သလား
မရိုးမသားနဲ့ မုသားပဲ ဖြန့် ချင်သလား
ဒီလိုအင်တာနက် ခေတ်ကြီးထဲမှာ
အလစ်မှာ မရှက်မကြောက်စိတ်နဲ့ 
clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။

ကြိုးစားမှု သီအိုရီကို
သူခိုးအများစုက ဒီလိုရီသတဲ့။
“မင်းတို့ ဖိနပ်စီးနေတုန်းမှာ
ငါတို့ က ကမ္ဘာတပတ် ပတ်ပြီးပြီတဲ့”
အဲဒီ့စကားပုံက တခါတခါ သွေးပျက်လောက်အောင်မှန်တယ်။

ဒီလိုနဲ့ ငါ
ခံစားသမျှ ထွေးထုတ်

အဆန်သမားက စတေးလုပ် နေတုန်းမှာ
ဖျံသမားက ပြေးရှုပ်နေတုန်း

အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။
ကောင်းကင်ကို
http://kaungkinko.myanmarbloggers.org/
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

န၀တ ဆောင်ပုဒ်- ပြည်သူထူထု စည်းလုံးညီညွှတ်မှုပြိုကွဲရေး

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့ မဇ္ဈိမသတင်းဌာန စနေနေ့၊ ဂျူလိုင်လ 11 ရက် 2009 ခုနှစ် 21 နာရီ 36 မိနစ်
နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော လူအုပ်ကြီး လူစုကွဲသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့်နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှုစစ်ဆေးနေသည့် အင်းစိန်ထောင်ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစုကွဲသွားစေရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့သူတွေ လူစုကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက်ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်းနှင့် ယနေ့အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင် ရုံးထိုင် ခရိုင်တရားရုံးက ဒုတိယသက်သေ ဒေါ်ခင်မိုးမိုး ကို ယနေ့ (သောကြာနေ့) တွင် စစ်မေးခဲ့ကာ၊ သူမသည် ရှေ့နေတဦးဖြစ်ကာ အန်အယ်ဒီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက ''အမှုစစ်ဆေးတာကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ရပ်နားလိုက်ပါတယ်။ ဒေါ်ခင်မိုးမိုးက သက်သေထွက်ချက်ပေးတယ်။ တရားလိုရှေ့နေကလည်း ပြန်လှန်စစ်မေးတာ လုပ်ပါတယ်'' ဟု ပြောသည်။

ဤအတောအတွင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ အနည်းဆုံး ဦးရေ ၈ဝ ခန့်ကလည်း ယနေ့ရုံးချိန်းကို အင်းစိန်ထောင်ပြင်ပတွင် စုရုံး၍ စောင့်ဆိုင်းနားစွင့်လျက် ရှိကြသည်။ ထိုလူအုပ်နှင့်အတူ လုံထိန်းများနှင့် စစ်သားများကိုလည်း လုံခြုံရေးယူထားသည်ကို တွေ့မြင်ရသည်။

သို့သော် ယနေ့ ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် အစစ်မခံဖြစ်ကြောင်းနှင့် တရားရုံးက နောက်ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သတင်းများကြားရပြီးနောက် အဆိုပါလူအုပ်ကြီးမှာ မွန်းလွဲပိုင်းတွင် လူစုကွဲသွားခဲ့သည်။

အဆိုပါ လူအုပ်ထဲတွင်ပါဝင်သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ''ကျမတို့ကို လူတယောက်က လာပြောတယ်။ သူ့နာမည်တော့ မသိဘူး။ ရုံးက ဒီနေ့ နားလိုက်တယ်၊ မစစ်ဖြစ်ဘူး။ နောက်ရုံးချိန်းကို ဇူလိုင် ၁၇ ရက်နေ့ ပေးလိုက်တယ်လို့ လာပြောတယ်။ အဲဒါလည်း ကြားပြီးရော ကျမတို့လည်း လူစုကွဲသွားတာပဲ'' ဟု ပြောသည်။

''ကျမတို့အားလုံးက ဒီသတင်းကို အမှန်လို့ထင်တာ။ ဒါနဲ့ ထောင်ဘက်ကနေ ထွက်လာခဲ့တော့တာ။ ဒါပေမဲ့ ညနေကျမှ ဒီသတင်းဟာ သတင်းမှားကြီးဆိုတာ သိရတာ။ ကျမတို့ကို လူစုကွဲသွားအောင် လုပ်ခဲ့တာ'' ဟု သူက ပြောသည်။

ဦးဉာဏ်ဝင်းကလည်း ''ကျနော်တို့ အပြင်ထွက်လာတော့ လူတွေက ဝိုင်းမေးကြတယ်၊ ဒီနေ့ မစစ်ဖြစ်ဘူး၊ ဇူလိုင်လ ၁၇ ရက်ကို ရွှေ့လိုက်တယ်ဆိုတာ ဟုတ်သလား ဆိုပြီးတော့။ ကျနော်ထင်တယ် ဒီသတင်းမှားဟာ ကျနော်တို့ကို ဆန့်ကျင်တဲ့ သူတွေက ဖြန့်တာပဲ'' ဟု ပြောသည်။

သောကြာနေ့က တရားရုံးတွင် ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ကမ္ဘာ့ နိုဘယ်ဆုရှင်ကို တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။

သို့သော် တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ၁၉၇၄ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြန်လှန်ခုခံပြောဆိုခဲ့သည်။

''သူတို့ကလည်း အစိုးရအမိန့်တွေ၊ စာရွက်စာတန်းတွေ အမျိုးမျိုးထုတ်ပြပြီး သူတို့ ရပ်တည်ချက်ကို မှန်ကန်ကြောင်း သက်သေပြဘို့ ကြိုးစားတာပဲ။ ဒါနဲ့ပဲ ပြီးဘို့အချိန်က အတော်ကြာသွားတာ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြောင်းနှင့် တရားရုံးတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ တင်သွင်းနိုင်ရန် စာမျက်နှာ ၁၈ မျက်နှာရှိ အပြီးသတ် လျှောက်လဲချက်ကို ပြင်ဆင်ရေးသားထားပြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ဤသို့ အပြီးသတ်လျှောက်လဲချက်များ တင်သွင်းပြီးပါက တရားရုံးက နောက်ဆုံး အမိန့်ချရန် ရက်ချိန်းတချိန်းပေးဖွယ် ရှိသည်။

တားဆီးကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခြင်းခံရပါက အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ထိုအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့သည်ဟူသော စွဲချက်ဖြင့် အလားတူ ရုံးတင်စစ်ဆေးခံနေရသည့် အမေရိကန်လူမျိုး ဂျွန် ဝီလျံ ယက်တောကို ဆေးရုံတင်ထားရသည်ဟု သတင်းများက ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သတင်းကောင်း

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြားပါဝင်ပူးပေါင်းလာ Kaowao ဇူလိုင် ၁၁၊၂၀၀၉။
စံခလပူရီ(ဇူလိုင်-၁၁)။ ။ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးနှင့် ကရင်လူမျိုးအချင်းချင်း မပစ်ခတ်မသတ်ဖြတ်လိုသော KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါး လွန်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင်
KNU ထံလက်နက်ချဝင်ရောက်ပူးပေါင်းပြီး ရက်ပိုင်းအနည်းငယ်အတွင်း၌ နောက်ထပ် KPF နှင့် DKBA တပ်ဖွဲ့ဝင်အများအပြား လက်နက်ခဲယမ်းများ အပါအဝင် မိသားစုဝင်များပင် KNU တပ်မဟာ ၆ သို့ လာရောက် ပူးပေါင်းလာသည်ကို ဒူးပလာယာခရိုင်ဥက္ကဌနှင့်နီးစပ်သူ အမည်မဖေါ်လိုသော KNU အရာရှိဟောင်းတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ KPF တပ်ရင်းမှူး မန်းလေးဝါးအပါအဝင် တပ်ဖွဲ့ဝင် ၂၉ ဦး၊ လက်နက်
မျိုးစုံ ၂၁ လက်နှင့်အတူ လမ်းလျှောက်စကားပြောစက် ၅ လုံး၊ DKBA တပ်ရင်း ၉၀၁၊ တပ်ခွဲ ၁ မှ အရာရှိ တစ်ဦး၏ဇနီးအပါအဝင် ၁၂ ဦးနှင့် တပ်ရင်း ၉၀၆ မှ ၇ ဦးတို့သည် လက်နက်ခဲယမ်းမျိုးစုံ ၂၉ လက်၊ လမ်းလျှောက်စကားပြောစက် ၂ လုံး KNLA တပ်ရင်း ၁၆ ထံသို့ လာရောက်ဆက်သွယ်ပူးပေါင်းခဲ့ကြရာ စုစုပေါင်းအင်အား ၄၈ ဦး၊ လက်နက်မျိုးစုံ ၅၀ လက်ပါဝင်ခဲ့သည်ဟု ဆိုသည်။

ထိုနောက် ဇူလိုင်လ ၁၀ ရက်တစ်နေ့တည်းမှာပင် DKBA အမှတ် ၉၀၁ တပ်ရင်း၊ ခွဲ ၂ မှ စောခက်ခက်
အပါအဝင် ၅ ဦး၊ လက်နက် ၆ လက်၊ စကားပြောစက် ၂ လုံး၊ လက်ပစ်ဗုံးတစ်လုံးနှင့် အနန်းကွင်းစခန်း
အနီး KPF တပ်ရင်း ၃၊ ခွဲ ၁ တပ်ခွဲမှူး နော့စီဖိုးအပါအဝင် ၁၆ ဦး၊ လက်နက်မျိုးစုံ ၁၇ လက်၊ စကားပြော
စက် ၅ လုံးတို့နှင့်အတူ အနီးရှိ KNLA တပ်ရင်း ၁၆ ထံသို့ လာရောက်ဆက်သွယ် ပူးပေါင်းလိုက်သည်ဟ
ုလည်း နောက်ထပ်ပေးပို့လာသောသတင်းအရ သိရှိရပြန်သည်။

ယခု သတင်းရေးသားပြုစုချိန်တွင် KNLA သို့လာရောက်ပူးပေါင်းလာသူ KPF, DKBA အင်အား ၇၀ ခန့်ရှိပြီး လက်နက်မျိုးစုံ ၇၀ ကျော်ခဲ့ပြီးဖြစ်သည်။

ယင်း KNU အရာရှိဟောင်းက “ကျနော်တို့ ဒူးပလာယာခရိုင် ဥက္ကဌအနေနဲ့ လောလောဆယ်လုပ်ငန်း တွေမပြီးပြတ်သေးတော့ ဒီကိစ္စတွေကို သတင်းမီဒီယာတွေမှာ သူနဲ့ဆက်သွယ်မေးမြန်းတာတွေ မလုပ်နိုင် ပေးသေးဘူးလို့ ကျနော့်ကိုပြောထားပါတယ်” ဟု ပြောဆိုခဲ့သည်။

ယခု KNU ထံဝင်ရောက်ပူးပေါင်းလာကြသော KPFနှင့် DKBA တပ်ဖွဲ့ဝင်တို့သည် သက်ဆိုင်ရာကျေးရွာများတွင် လက်အောက်ခံပြည်သူ့စစ်အသွင်ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးထားသူများထံမှ လက်နက်များကို တစတစ လိုက်လံသိမ်းဆည်းနေသည်ဟုလည်း ကရင်ရွာသားများထံမှတဆင့် ကြားသိရပါသည်။

မန်းလေးဝါး၏ လက်အောက်ခံတပ်တွင် သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူမြို့အထိ စခန်းပေါင်း ထက်မနည်း
တပ်ဖြန့်ကျက်ထားရှိရာ ၄င်းတို့တပ်ဖွဲ့များနှင့် ယခင်ကာလများတွင် ထိုင်းကော့ဒ်လက် ဖုန်းများဖြင့် အဆက်အသွယ်ရယူနိုင်သော်လည်း ယခုအခါ အဆက်အသွယ်များပြတ်တောက်နေကာ ၄င်းတို့တပ်ဖွဲ့ဝင်တို့၏ အခြေအနေမှန်များကို မသိရှိနိုင်သေးပေ။

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးမှာ ကရင်တပ်ဖွဲ့များတွင် မိမိလူမျိုးကိုယ်စားပြု တပ်ဖွဲ့အမည်များ အဖျောက်ဖျက်ခံလိုက်ကြရပြီး ဗမာစစ်အရာရှိများ ဝင်ရောက်ချယ်လှယ်အမိန့်ပေးမှုများ ပြုလုပ်လာကြကာ မြန်မာ့တပ်မတော်ခိုင်းစေသလို အခြားတိုင်းရင်းသားများကိုသာမက မိမိလူမျိုးကရင်အချင်းချင်းကိုပင် အိုးမဲသုပ်ကာ သတ်ဖြတ်စေခိုင်းသော လုပ်ရပ်သာဖြစ်ကြောင်း KPF မှအမည်မဖေါ်လိုသော အရာရှိတစ်ဦးက
လည်း မကြာမီရက်ပိုင်းက သုံးသပ်ပြခဲ့သည်။


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN