Thursday, May 28, 2009

ဘာထင်လဲ ရှိတာအကုန်ရောင်းတယ် ဒါ နအဖ ကွ

သျှမ်းအရှေ့ထွက် ကျောက်မီးသွေး - စစ်အစိုးရက ထိုင်းကုမ္ပဏီကို နှစ် ၄၀ တူးခွင့်ပေး
အင်္ဂါနေ့၊ 26 မေလ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်းထွက် ကျောက်မီးသွေးတွင်းတခုကို နအဖစစ်အစိုးရက ထိုင်းနိုင်ငံ ဆာရာဘူရီ ကျောက်မီးသွေး လုပ်ငန်း တခုအား နှစ်လေးဆယ်ကန်ထရိုက်ဖြင့် တူးယူခွင့်ပေးလိုက်ကြောင်း၊ ထိုင်းနိုင်ငံသို့ ဖြတ်လမ်းဖြင့်သာ သယ်ဆောင်ခွင့် ပေးသောကြောင့် နယ်စပ်ပြဿနာ ပိုများလာနိုင်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေးအရှိတဦးကဆိုသည်။

သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက်မီး သွေးများ တူးယူခွင့်တင်ဒါကို စစ်အစိုးရက ထိုင်းနိုင်ငံ ဆာရာဘူရီ ကျောက်မီးသွေး ကုမ္ပဏီ (Saraburi Coal Mining) ကို နှစ် ၄၀ စာချုပ်ဖြင့် ၂၀၀၈ ဒီဇင်ဘာလ နှောင်းပိုင်းက ပေးလိုက်ကြောင်း၊ ကျောက်မီးသွေးများအား ထိုင်းသို့ သယ်ဆောင်ရာတွင် မိုင်းဆတ်၊ မုံးကုတ်၊ မိုင်းလုံ၊ တာချီလိတ် - မယ်ဆိုင်လမ်းကို စစ်အစိုးရက အသုံးပြုခွင့်မပေးဘဲ ဖြတ်လမ်းဖြင့် တောင်ဘက် စူးစူး မုံးကုတ် - မိုင်းတွမ်း - ယောင်ခါ - မယ်ကျုတ် မှတဆင့် ထိုင်းနယ်စပ်ကိုဖြတ်၍ မုံ့ကောဝ်လန် - ဟင်တက် မှ ချင်းရိုင်း သို့ တိုက်ရိုက်သယ်ဆောင်စေလိုကြောင်းသိရပါသည်။

ဟင်တက်က အမည်မဖေါ်သည့် ရွာသူကြီးတဦးက -“ယောင်ခါ-မယ်ကျုတ် (သျှမ်းဘက်ခြမ်း)- မုံကောဝ်လန်ရွာ (ထိုင်း ဘက်ခြမ်း) ဟင်တက်-ပါဆန်းလမ်းကနေချင်းရိုင်းကို ကျောက်မီးသွေးသယ်ဖို့ ဆာရာဘူရီကုမ္ပဏီကဒေသခံအာဏာပိုင် တွေ နဲ့ ဧပြီလထဲမှာ တွေ့ဆုံဆွေးနွေးပြီးပြီ။ အဲဒီလမ်းကြောင်းဖွင့်ရင် နယ်စပ်ပြဿနာပိုများလာနိုင်တဲ့အတွက် အရင်က ဒေသခံ အာဏာပိုင်တွေသဘောမတူဘူး။ အခုတော့ ဘာအပေးအယူရှိလဲတော့မသိဘူး။ ဖြတ်လမ်းဖေါက်ဖို့သဘောတူ သလိုဖြစ် နေတယ်၊ ဒါပေမယ့် ဒေသခံလူထု ဆန္ဒ တော်တော် များများတော့ သဘောမတူဘူး” - ဟုဆို၏။

ဖြတ်လမ်းမှတဆင့်သယ်ဆောင်လျှင် (၁) သဘာဝသစ်တောပြုန်းတီးမှုအန္တရာယ်၊ (၂)လူကုန်ကူးမှုပြဿနာ၊ (၃) မူးယစ်မှောင်ခိုပြဿနာ၊ (၄) သျှမ်းပြည် တပ်မတော်တောင်ပိုင်း လှုပ်ရှားနယ်ဖြစ်သောကြောင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာနိုင်ဘွယ်ရှိကြောင်း၊ တာချီလိတ် - မယ်ဆိုင် အမှတ် ၂ တံတားမှ သယ်ဆောင်လျှင် အဆင်ပိုပြေမည်ဖြစ်သော် လည်း စစ်အစိုးရက ဖြတ်လမ်းနှင့်သာ သယ်ဆောင်ရန် သဘောတူကြောင်း ၎င်းက ပြောပြသည်။

သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကျိုင်းတုံစစ်နယ်မြေ တပ်မဟာမှူးတဦးကတော့-“ကျောက်မီးသွေးသယ်ဖို့ နအဖဆီ ပါမစ်ရထားတဲ့ ထိုင်းကုမ္ပဏီက ကျနော်တို့လှုပ်ရှားနယ်မြေအတွင်းမှာ လမ်းချဲ့/ဖေါက်မယ်ဆိုတာ နှစ်ဆန်းပိုင်းကသည်း က ကြားတယ်။ ဒါပေမဲ့ ကျနော်တို့ကို အခုထိ တိုက်ရိုက်အကြောင်းကြားတာ၊သယ်ဆောင်ခွင့်လာတောင်းတာမရှိသေး ဘူး။ စီမံကိန်း လက်တွေ့ အကောင်အထည်ဖေါ် မယ်ဆိုရင် အားလုံးအတွက်လုံခြုံရေးကတော့ထိမှာဘဲ” - ဟုဆို၏။

ထိုင်းနယ်စပ် သျှမ်းပြည်အရေးလေ့လာသူများကလည်း - “နှစ်ဆန်းပိုင်းတုန်းက နှစ်ပေါင်းသုံးဆယ်တူးခွင့်ပေး တယ် ကြားတယ်၊ ဧပြီလ ဟင်တက်မှာ ထိုင်းကုမ္ပဏီဦးစီးကျင်းပတဲ့ အစည်းအဝေးအရ နှစ် ၃၀ မဟုတ်ဘူး၊ နှစ် ၄၀ တောင် ပေးထားတယ်။ စစ်အစိုးက ပြည်သူတွေရဲ့အဓိက အခက်အခဲကို လက်တွေ့မဖြေရှင်းဘဲ ကိုယ်ကျိုးအတွက် သျှမ်းပြည်မြေပေါ် မြေအောက် သယံဇာတ အားလုံးထုတ်ရောင်းတယ်။ အဲဒီကျောက်မီးသွေးစီမံကိန်းက ဒေသခံလူထု ဒုက္ခရောက်အောင် ဖန်တီးတာ၊ နောက်တခုက SSA လှုပ်ရှားနယ်မြေ ကျဉ်းသွားအောင် တမင်အကွက်ချတာလဲပါတယ်။ နောက်ပြီး ၀တောင်ပိုင်း အဖွဲ့ကို ပိုပြီးချုပ်ကိုင်နိုင်အောင်ပေါ့။ လမ်းဖေါက်ဖို့တော့ အနည်းဆုံးတနှစ်ခွဲလောက်အချိန် ယူရမှာ” - ဟုဆို၏။

မုံးကုတ်ကျောက်မီးသွေး တွင်းမှတဆင့် နှစ် ၄၀ အတွင်း ပထမတန်းစားကျောက်မီးသွေး Grade A တန်ချိန် သန်း ၅၀ နှင့် အတူ အခြားကျောက်မီးသွေးဆိုင်ရာအသုံးဝင်သတ္တုများအားလုံး တန်ချိန်သန်း ၁၅၀ ထွက်ရှိမည်ဟုဆိုသည်။ တရက်လျှင် ဆယ်ဘီးကား အစီး ၂၀၀ ခန့်တင်နိုင်မည်ဟုလည်း အဆိုပါကုမ္ပဏီမှကျွမ်းကျင်ပညာရှင်များကခန့်မှန်း ပြောဆိုထားကြပါသည်။

အလားတူပင်သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် လွန်ခဲ့သည့် ၆ - ၇ နှစ်က ကျောက်မီးသွေးတွေ့ရှိထား သောကြောင့် တူးဖေါ်ရန် နအဖ စစ်အစိုး က ဒေသခံ လယ်/ယာ/ခြံမြေအများအပြားသိမ်းယူထားသဖြင့်ဝမ်းရေး အတွက် ဒေသခံအများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေးအလုပ်လုပ်ခဲ့ကြသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN